27 C
Yangon

သရက်ချောင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် အဘိုးအို တစ်ဦး သေဆုံး၊ မိုးဗြဲတွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ

Must read

သရက်ချောင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် အဘိုးအို တစ်ဦး သေဆုံး၊ မိုးဗြဲတွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၁၆

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာအုပ်စုရှိ ဝဲရစ်ရွာတွင် စစ် ရှောင် အဘိုးအို တစ်ဦးသည် စစ်ကောင်စီကပစ်ခတ်သည့် သေနတ်ကြီး အသံကြောင့် အမော ဖောက်ပြီး သေဆုံးခဲ့ကြောင်း စစ်ရှောင်များနှင့် မိသားစု ဝင်များက ပြောသည်။

တိုက်ပွဲကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးနေရသည့် ဝဲရစ်ကျေးရွာခံ အသက် ၈၀ နှစ်ကျော်အရွယ်ရှိ ဦးဖေသန်းသည် ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး အသံကြောင့် ရုတ်တရက် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။

မိသားစုဝင်တူမဖြစ်သူ တစ်ဦးက”ရွာမှာက တစ်ရွာလုံးစစ်ရှောင်နေရချိန်မှာ အဘိုးက မပြေးနိုင်ဘူးလေ။ ဆေးရုံ၊ ဆေးခန်းပြဖို့ အခက်အခဲရှိတယ်။ အမောလည်း ဖောက်နေတော့ ရွာဘုန်းကြီး ကျောင်းမှာ ထားခဲ့ရာမှ ညမှာပဲ ဆုံးသွားတယ်။ ရွာထဲကို လက်နက်ကြီးကျတယ်။ စစ်ကောင်စီဘက် ပစ်လိုက်တဲ့ လက်နက်ကြီးကျတယ်”ဟု ပြော သည်။

သရက်ချောင်းမြို့ မင်းဒပ်ကျေးရွာအုပ်စုရှိ ဝဲရစ်ရွာတွင် ဇွန်လ ၁၄ ရက်နေ့ လက်နက်ကြီးသံနှင့် သေနတ်သံကြောင့် သေဆုံးသွားသည့် ဦးဖေသန်းသည် ပန်းနာ ရင်ကြပ် ရောဂါအခံရှိသူ တစ်ဦး ဖြစ်သော်လည်း တိုက်ပွဲ မဖြစ်ပွားခင် ရွာတွင် ပုံမှန် နေထိုင်နေသူတစ်ဦး ဖြစ်ကြောင်း မိသားစုဝင်များမှ ပြောသည်။

“အဘိုးရဲ့ နာရေးကိုတော့ ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ မိသားစုဝင် အနည်းငယ်နဲ့ ပြုလုပ်လိုက်ရတယ်”ဟု ၎င်း၏ တူမ ဖြစ်သူက ဆက်လက် ပြောဆိုသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဝဲရစ်ရွာ ကျေးရွာတွင် ကျေးရွာသားများ ထပ်မံ သေဆုံးမှုများရှိနေပြီး သေဆုံးမှု အသေးစိတ် သတင်းများကို ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် မင်းဒပ်ကျေးရွာအုပ်စုက ကျေးရွာများကို စစ်ကောင်စီ တပ်က ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုထားသည်။

မြိတ်-ထားဝယ် လမ်းမကြီးရှိ သရက်ချောင်းမြို့နယ် မင်းဒပ်တံတား နှစ်ခုစလုံးတွင် စစ်ကောင်စီက တပ်စခန်းချထားပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ကျေးရွာများဖက်က သို့ လက်ကြီး လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကနက်သီရိကျေးရွာအုပ်စုရှိ တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ ၄၀၀၀ ကျော် ၅၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေရသေးကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များထံမှ သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို အာဏာ သိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း MBPDF ရွှေလင်းယုန်တပ်ခွဲက ထုတ်ပြန်သည်။

ဇွန်လ ၁၄ရက်နေ့ ည ၉နာရီ ၂၅မိနစ်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲစစ် ရှောင်စခန်းတစ်နေရာကို ဆင့်ကွဲလက်နက်ကြီးများဖြင့် ၁၅ကြိမ်ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတချို့ ထိခိုက် ဒဏ်ရာရရှိသွားပြီး နေအိမ်များလည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၅ရက်နေ့ နံနက် ၂နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲ ခဲ့ကြောင်း ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က နေရာအနှံ အင်အားတိုးချဲ့ ချထားပြီး တိုက်ပွဲများ အချိန် မရွေးဖြစ်လာသဖြင့် ဒေသခံပြည်သူများ အနေဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုဘဲ လုံခြုံ ဘေးကင်းသည့်နေရာများတွင် နေထိုင်ကြရန် MBPDF ရွှေလင်းယုန်တပ်ခွဲက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article