ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံးမီးလောင် ပြာကျ
ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် အနီး အနားရှိနေအိမ် ၁၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ဗုံးကျဲခံရမှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အသက် ၁၈ နှစ်မှ ၇၀ ကြားရှိ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း သိရသည်။
“အသံကြားတာနဲ့ ဖုန်တွေ၊ သဲတွေလွင့်လာတာ၊ ကလေးတွေနဲ့အတူ မှောက်နေပြီးတော့ အသံငြိမ်တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းထဲကို ပြေးတာ၊ ဘုန်းကြီးကျောင်းက နှစ်ကျောင်းရှိတာ၊ မြောက်ကျောင်းကို ပြေးလိုက်တာ၊ ခဏလောက်ကြာတော့ နောက်ထပ်အသံထပ်ကြားရတာ၊ အသံကြားရပြီးတော့ မီးလုံး တွေ မြင်ရတာ၊ မီးလုံးတွေမြင်ရပြီးတော့ ခဏအသံငြိမ်အောင်စောင့်ပြီးတော့ ရွာထဲကို ပြန်လာတယ်၊ ပြန်လာတော့ အိမ်ကရှေ့ဇောင်းလေးနည်းနည်း မီးလောင်တယ်၊ လက်နက်ကြီးမှန်လို့ အပေါ်ကနေ ကျ လိုက်တဲ့ သွပ်ပေါက်တွေရှိတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားပြီ၊ ဘုန်းကြီး ကျောင်းမှန်းသိသိကြီးနဲ့ပစ်တာ၊ နိမ့်နိမ့်လေးနဲ့ကို ပစ်သွားတာ၊တော်တော်တော့ မိုက်ရိုင်းတယ်” ဟု ဒေ သနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် ဘုန်းကြီး ကျောင်း အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၃ အိမ်မီးလောင်သွားကြောင်း၊ ကျေးရွာနေပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကလေးမြို့၌ ကျောင်းထိုင်နေသည့် ဆရာတော်ဖြစ်ပြီး ကျေးရွာသို့ ခေတ္တ ပြန်လာပြီး ညီမတော်စပ်သူတစ်ဝမ်းကွဲနေအိမ်သို့ အလည်သွားနေ စဉ် ဗုံးကျဲခံရခြင်းဖြစ်ကြောင်း၊ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ အခြား ကျေးရွာတစ်ရွာသို့ သွားရောက်နေစဉ် ဗုံးကျဲခံရသဖြင့် လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဘုန်းကြီးတစ်ပါးလည်းပါတယ်၊ အိမ်က ညီမအငယ်ဆုံးလေးရဲ့အမျိုးသားလည်း ပါသွားတယ်၊ တစ် အိမ်ထဲမှာ ၅ ယောက်ပြောပါတော့ ၊ ညီအစ်ကိုအရင်း ၃ ယောက်နဲ့ မောင်နှမတစ်ကွဲ ၂ ယောက်၊ အဲဒီ အိမ်ဝန်းထဲအနေနဲ့ပြောရရင် ၇ ယောက်ဆုံးသွားတာ၊ နောက်ထပ်တစ်ယောက်ကတော့ လက်ပြတ်ပြီး ကျောင်းထဲသယ်လာနိုင်သေးတယ်၊ ကျောင်းထဲရောက်မှ ဆုံးသွားတာ၊ ကျန်တဲ့လူတွေကတော့ ရုပ်ပျက် ဆင်းပျက်ပဲ၊ အခုနောက်ထပ်က ဒီနှစ်ပဲ NUG ကနေဆယ်တန်း အောင်ထားတဲ့ ကောင်မလေးလဲ ဆုံး သွားပြီလို့ သတင်းလှမ်းပို့တယ်၊ ဆေးရုံသွားနေတုန်းလမ်းမှာဆုံး သွားတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခုညပိုင်းအထိ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်းအပါအဝင်အနီးရှိ နေအိမ်များအပြင် မီးစွဲလောင် နေသည့် မန်ကျည်းပင်၊ သစ်ပင်များကို ရွာသူရွာသားများမှ ဝိုင်းဝန်းမီးငြှမ်းသတ်နေရကြောင်း သိရသည်။
“လေယာဉ်သံကိုမကြားလိုက်ရဘူး၊ လက်နက်သံပဲကြားလိုက်ရတာ၊ ဂျက်ဖိုက်တာလို့ပြောတယ်၊ တောင် ဘက်ဆီကနေလာပြီးတော့ သုံးလေးခေါက်လောက်လာပြီးတော့ ပစ်သွားတာ၊ အိမ်တွေကတော့ လုံးဝ ပြာကျတယ်၊ ဒဏ်ရာရတဲ့အထဲကနောက်ထပ်တစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေဆိုတော့ သေမယ်လို့ထင်တယ်၊ ဆေးရုံဆေးခန်းကလည်း သွားရတာ မလွယ်တော့၊ ကလေးတွေက ဒဏ်ရာရတာ လောက်ပဲရှိတယ်၊”ဟု ဒေသနေပြည်သူက ပြောဆိုသည်။
