ရခိုင်ပြည်မှာ ဒုတိယအကြိမ် ဂျီနိုဆိုက် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ
By လမ်းသစ်
ပြည်သူတွေအပေါ် ကိုယ်တိုင်ကိုယ်ကျ အမျိုးမျိုးသော ဒုက္ခတွေကို ပေးသလို မုန်တိုင်းသင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံတကာ အကူအညီတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ တာဆီးပိတ်ပင်နေတဲ့ အဖွဲ့အစည်းလို့ ပြောမယ်ဆိုရင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီကို လက်ညိုးထိုးရမှာပဲ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ပြည်သူတွေရဲ့စိတ်ဆန္ဒ၊ လူထုရဲ့ဦးတည်ရာနဲ့ လုံးဝဆန့်ကျင်ဘက် လားရာကို သွားနေရုံသာမက၊ ကိုယ့်အကျိုးစီးပွားတခုထဲနဲ့ တိုင်းပြည်ကို ဒုက္ခဆင်းရဲတွင်းထဲ တွန်းပို့ဖို့ စိတ်အားထက်သန်နေတာကြောင့် နိုင်ငံအတွက် အမှန်တကယ် ကူညီပေးမယ့်သူတွေကို ရန်သူသဖွယ် ဆက်ဆံနေတာပါ။
တော်လှန်ရေး လှိုင်းလုံးကြီးနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ အရပ်သားပစ်မှတ်ထား စစ်ရေးတိုက်ခိုက်မှုတွေ လုပ်နေသလို ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ဒုက္ခမျိုးစုံပေးနေတာနဲ့တင် အားမရသေးပါဘူး။
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘဝပျက်နေရတဲ့ ပြည်သူတွေကို သူတို့ကိုယ်တိုင်လည်း မကူညီသလို ကူညီဖို့ အသင့်စောင့်ဆိုင်းနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တစ်လခွဲကျော်ကြာတဲ့ ယနေ့အထိတိုင် ကန့်သတ်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူတွေကို သူတို့ရဲ့ အတိုက်အခံလို သတ်မှတ်ထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြောနေပါပြီ။
“မြန်မာစစ်တပ်က အကျပ်အတည်းကာလမှာ လွတ်လွတ်လပ်လပ် အကူအညီပေးနိုင်ဖို့ ပံ့ပိုးကူညီတာထက် အကူအညီထောက်ပံ့ပေးနေသူတွေကို အတိုက်အခံတွေလို ဆက်ဆံနေတယ်” လို့ OHCHR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရာဗီနာ ရှမ်ဒါဆာရီက ပြောခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာပဲ လူထု ဒုက္ခရောက်အောင် ဖြတ် ၄ ဖြတ် ဝါဒကျင့်သုံးနေပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ လူသားချင်းစာနာမှု အကူအညီ ပေးသူတွေအတွက်လည်း အခြေအနေတွေ ဆိုးဝါးလာနေသလို ကူညီသူတွေဟာ အဖမ်းခံရမှု အကြမ်းဖက်ခံရမှုအပြင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအထိပါ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
မေလ ၁၄ရက်နေ့က မြန်မာပြည်ကိုဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံ ၁၄၆ ယောက် သေဆုံးခဲ့ပြီး လူတစ်သန်းကျော် ထိခိုက်နစ်နာဆုံးရှုံးခဲ့သလို လူနေအိမ်ပေါင်း ၂၁၆,ဝဝဝ ကျော် ပျက်စီးခဲ့ရပါတယ်။
မုန်တိုင်းဒဏ်သင့် လူဦးရေပေါင်း ၁.၆ သန်းရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်နေထိုင်မှု အစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ (၃၃၃) သန်း လိုအပ်နေချိန်မှာ ဒီလိုဒုက္ခရောက်နေသူတွေကို ရေနစ်သူ ဝါးကူထိုးဖို့ စစ်ကောင်စီက ပြည်တွင်းပြည်ပအဖွဲ့တွေကို မြန်မာစစ်တပ်က သွားလာခွင့်နဲ့ ကူညီခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။
ဇွန်လ ၇ရက်နေ့ကစလို့ ဒီလိုမျိုး ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ပြီး ဇွန်လ ၁၁ရက်မှာ ယခင်အတိုင်း ပြန်လည်ခွင့်ပြုတယ်လို့ ကြေညာခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ သွားလာခွင့်တွေကို ဆိုင်းငံ့ထားဆဲပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေဟာ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နေတယ်လို့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ UNOCHA က ထုတ်ပြန်ခဲ့ပါတယ်။
UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် ပေါ်လစီအမျိုးမျိုး ကျင့်သုံးနေတဲ့ စစ်အုပ်စုဟာ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို ဒေသခံတွေဆီ တိုက်ရိုက်ခွင့်မပြုဘဲ ရန်ကုန်မြို့မှာသာ လက်ခံမှာဖြစ်ပြီး သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ခွဲဝေသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
“မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပစ္စည်းများကို ရန်ကုန်တွင် လွှဲပြောင်းလက်ခံရယူသွားမည် ဖြစ်ပါသည်။ အဆိုပါပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က မိုခါမုန်တိုင်းသင့် ဒေသများသို့ စနစ်တကျ ထောက်ပံ့ဖြန့်ဝေသွားမည်ဖြစ်ပြီး ပစ္စည်းများ ဖြန့်ဝေမှုကို ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်” လို့ တရားမဝင် စစ်ကောင်စီက တုန့်ပြန်ခဲ့တာပါ။
အကြမ်းဖက် စစ်အုပ်စု ကျင့်သုံးနေတဲ့ မူဝါဒမျိုးစုံထဲမှာ သူခိုးကျင့် သူခိုးကြံလည်း ပါဝင်တယ်ဆိုတာ မြန်မာပြည်သူတွေ အားလုံး သိနှင့်ပြီးသားပါ။ အခုဆိုရင် ရခိုင်မှာ မုန်တိုင်းအတွက် လှူဒါန်းထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေဟာ ဈေးကွက်ထဲရောက်နေပြီလို့ သိရပါတယ်။
အရပ်ဝတ်တွေ ဝတ်ပြီး ကုန်စုံဆိုင်တွေဆီ ငါးသေတ္တာဗူးတွေ လာသွင်းကြတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ရခိုင်ဒေသခံတချို့က ပြောနေကြပါတယ်။
တရားမဝင် သူခိုးအုပ်စုရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်းလည်း ဇွန်လ ၁၄ ရက်နေ့တုန်းက ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသတချို့ကို ရောက်လာပြီး အရူးချီးပန်း စကားတွေ ပြောသွားသေးတယ်လို့ သိရပါတယ်။
မုန်တိုင်းသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးပြီးစီးမှုအတွက် ဝမ်းသာအားရ ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ရခိုင်ကို ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ ရောက်လာပေမယ့် မုန်တိုင်းသင့် ပြည်သူတွေအတွက် မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကိုပဲ အဓိကထား ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လည်ထူထောင်ရေးတွေ တကယ်တန်း ဘာမှမစတင်နိုင်တဲ့အခြေအနေမှာ ဝမ်းသာအားရရှိကြောင်း ပြောဆိုခဲ့တဲ့ ရူးကြောင်ကြောင်စကားဟာ ဒေသခံတွေအတွက် ခံပြင်းစရာပါ။
ရခိုင့်တပ်တော် AA ကတော့ မုန်တိုင်းသင့် ပြည်သူတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ပြန်လည်ခွင့်ပြုပေးဖို့ စစ်ကောင်စီကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်မှုအတိုင်း ရပ်မနေဘဲ ဒုက္ခသည်တွေအတွက် ကူညီနိုင်မယ့် နည်းလမ်းရှာဖွေသင့်တယ်လို့လည်း ပြောထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အကူအညီဆိုတာ ဟန်ပြဖြစ်သလို AA ရဲ့ လုပ်အားပေး ဆောင်ရွက်မှုတွေကလည်း မုန်တိုင်းသင့် ဒေသခံအားလုံးကို မလွှမ်းခြုံနိုင်တာကြောင့် နိုင်ငံတကာရဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်မှသာ ပြည်သူတွေအတွက် အသက်ရှုချောင်မှာပါ။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး “ရခိုင်ပြည်မှာ ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများဟာ မိုးများစွာ ရွာသွန်းနေတဲ့ ယခုလို မုတ်သုံရာသီအောက်မှာ နေအိမ်အမိုးအကာ လုံလောက်မှုမရှိတဲ့ဒဏ်ကို ပြင်းထင်စွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိနေကြောင်း” ကမ္ဘာ့ကုလသမဂ္ဂက ဇူလိုင်က ၃ ရက်နေ့မှာ သတိပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောခွင့်ရ ရာဗီနာ ရှမ်ဒါဆာရီ ကလည်း “အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အတိုင်း လူသားချင်းစာနာမှု အကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်တာ ဒါမှမဟုတ် ပိတ်ပင်ထားတာဟာ နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာ ရောက်ပါတယ်”
“လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ အခုလို အကူအညီပေးခွင့် ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတာဟာလည်း လူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ငတ်ပြတ်အောင်လုပ်တာ၊ ပြစ်ဒဏ်စုပေါင်းချတာတွေလိုပဲ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ပါတယ်” လို့ ပြင်းပြင်းထန်ထန် ကို ပြောခဲ့တာပါ။
သဘာဝဘေးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်လည်း မကူညီသလို ကူညီမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး ကန့်သတ်ပိတ်ပင် ချူပ်ချယ်နေတဲ့ တရားမဝင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ရခိုင်ပြည်မှာ ဒုတိယအကြိမ် ဂျီနိုဆိုက် ကျူးလွန်နေခြင်းပဲ ဖြစ်တယ်ဆိုတာ သမိုင်းဆိုးအနေနဲ့ မှတ်တမ်းဝင်နေပြီပဲ ဖြစ်ပါတယ်။