28 C
Yangon

နိုင်ငံရေးအကျဉ်းသားများကို ထောင်မှထုတ်၍ ပစ်ခတ်သတ်ဖြတ်မှု အကြောက်တရားဖြင့် ပြည်သူကို ပိပြားစေရန် စစ်ကောင်စီက ရည်ရွယ် လုပ်ဆောင်မှုအဖြစ် ဦးမင်းကိုနိုင် ရှုတ်ချ

Must read

နိုင်ငံရေးအကျဉ်းသားများကို ထောင်မှထုတ်၍ ပစ်ခတ်သတ်ဖြတ်မှု အကြောက်တရားဖြင့် ပြည်သူကို ပိပြားစေရန် စစ်ကောင်စီက ရည်ရွယ် လုပ်ဆောင်မှုအဖြစ် ဦးမင်းကိုနိုင် ရှုတ်ချ

■ စစ်တပ်က သူ့၏ လူမဆန်သော လုပ်ရပ်များအတွက် ကမ္ဘာကြီးက အရေးမယူနိုင်ဟု ထင်နေပုံရဟုဆို

ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်မှ ထုတ်၍ ပစ်ခတ်သတ်ဖြတ်မှုများသည် အကြောက်တရားဖြင့် ပြည်သူကို ပိပြားစေရန် စစ်ကောင်စီ ရည်ရွယ်လုပ်ဆောင်သော ရက်စက် ယုတ်မာသည့်လုပ်ရပ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးမင်းကိုနိုင်က ရှုတ်ချလိုက်သည်။

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ၊ ရန်ကုန်ရှိ စစ်ကြောရေးမှ အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို သတ်ဖြတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်က ထောင်ပြောင်းမည်ဟု ခေါ်ထုတ်သတ်ဖြတ်ခြင်း၊ ထွက်ပြေးသည်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့ကြောင်း၊ အဆိုပါကျူးလွန်မှုများသည် ရက်စက်ယုတ်မာသော လုပ်ရပ်များဖြစ်ပြီး ကမ္ဘာကြီးက စစ်ကောင်စီ၏ လုပ်ရပ်ကို အရေးမယူနိုင်ဟု စစ်တပ်က ထင်နေပုံရကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

“သူတို့တတွေဟာ တော်လှန်ရေးဆင်နွှဲတဲ့လူတွေကိုရော ပြည်သူလူထုတစ်ရပ်လုံးကိုရော အကြောက်တရားနဲ့ ပိပြားသွားစေချင်တာ။ အဲဒါနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ လူမဆန်တဲ့ အလုပ်တွေကို လျှောက်လုပ်တော့တာ။ ဥပမာဆိုပါစို့ဗျာ သူတို့ကို ခုခံဖို့ ပြည်သူလူထုက ကြိုးစားတယ် ဟုတ်တယ် သူတို့ လက်နက်နဲ့ အကြမ်းဖက်ပြီး လမ်းတွေပေါ်မှာ ပစ်သတ်တယ်။ အာဏာကို လုတယ်။ အဲဒီအတွက်ကြောင့် ရရာ လက်နက်ကိုင်စွဲပြီး ခုခံတဲ့ ပြည်သူတွေကို အကြမ်းဖက်တံဆိပ်ကပ်ပြီးတော့ ကြိုးစင်တင်ခဲ့တယ်။ ကြိုးစင်တင်တဲ့အပေါ်မှာ လူထုရော ကမ္ဘာကြီးရဲ့တုံ့ပြန်မှုက ဘယ်လို သည်းမခံ လက်မခံတဲ့အခါ သူတို့နောက်တစ်နည်းကြိုးစားတယ် အဲဒါ ဘာလဲဆိုတော့ ထောင်အပြောင်းမှာ ထွက်ပြေးမယ်ကြံလို့ ပစ်သတ်တယ်ဆိုတာက တစ်ယောက်တည်း မဟုတ်ဘူး ဆက်တိုက် လုပ်တာ။ ဒီလို နေ့စဉ်လုပ်နေတာက အင်မတန်လူမဆန်တာ ရက်စက်ကြမ်းကြုတ်တာလည်း ပါသလို ကမ္ဘာကြီးက သူ့ကို ပြော ရခက် အရေးယူရခက်လို့ သူ ထင်နေပုံရတယ်။ အဲဒီလိုပဲ နောက်တစ်ချက်ကကျတော့ ပြည်သူလူထုတစ်ရပ်လုံးကို ခြောက်ခြားတုန်လှုပ်ပြီးတော့ သူ့ကို မဆန့်ကျင်ရဲအောင်လို့ မလုပ်သင့် မလုပ်အပ်တဲ့နည်းလမ်းနဲ့ ရက်ရက်စက်စက်ကြမ်းကြမ်းကြုတ်ကြုတ်လုပ်တာပဲ။ အဲဒါကိုတော့ အားလုံးက သိထားဖို့ လိုတယ်။ ပြောရရင်တော့ သူ စိတ်ပိုင်းဆိုင်ရာ mentally torture လုပ်တာပေါ့။ လူတွေရဲ့ စိတ်တွေကို နှိပ်စက်ညှဉ်းပန်းနေတာပဲ” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဟ်ိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်း၊ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း(ထန်းတောကြီး) အပါအဝင် နိုင်ငံရေးအကျဉ်း ၁၂ ဦးကို အကျဉ်းထောင်ပြောင်းမည်ဟုဆိုပြီး အပြင်သို့ ခေါ်ထုတ်ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ထောင်ကားမှောက်၍ ထွက်ပြေးသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး သက်ဆိုင်ရာ မိသားစုများကို အကြောင်းကြားလာကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တွင် အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၊ ကိုကျော်သူရ(ခ) အီးတီတို့ကိုလည်း စစ်တပ်က ဇူလိုင်လဆန်းပိုင်းတွင် စစ်ကြောရေးတွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

မုံရွာအကျဉ်းထောင်တွင်လည်း PDF ဟု စွပ်စွဲခံရပြီး အကျဉ်းချချခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်ကို ပြင်ပသို့ ခေါ်ထုတ်၍ ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်မှုများရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း အကျဉ်း ထောင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article