25 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို အားပေးထောက်ခံရာရောက်တဲ့ အာဆီယံရဲ့ လုပ်ရပ်တွေကို ရပ်တန့်စေဖို့အတွက် ဘက်ပေါင်းစုံမှ ဖိအားပေးရန် လိုအပ်

Must read

အကြမ်းဖက် စစ်အုပ်စုကို အားပေးထောက်ခံရာရောက်တဲ့ အာဆီယံရဲ့ လုပ်ရပ်တွေကို ရပ်တန့်စေဖို့အတွက် ဘက်ပေါင်းစုံမှ ဖိအားပေးရန် လိုအပ်

ရန်ကုန်၊ ဇူလိုင် ၁၀

အကြိမ် (၂၀) မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) ကို အခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ်လို့ သိရပါတယ်။

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံမှာ မြန်မာစစ်တပ်မှ ဗိုလ်ချုပ်ကြီးတဦးဖြစ်သူ ထွန်းအောင်ကို (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံရဲ့ သဘာပတိအဖြစ် လာအို လေတပ်ဦးစီးချုပ်က လွှဲပြောင်းပေးအပ်ခဲ့တာပါ။

အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ သဘာပတိအဖြစ် မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးတဦးကို ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က‌ အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ် ဗိုလ်ချုပ်ဖြစ်သူ ထွန်းအောင်ကို အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။

မြန်မာစစ်ကောင်စီ လေတပ်ဟာ သူ့ရဲ့အတိုက်အခံ တော်လှန်ရေး အင်အားစုများ နေထိုင်တယ်လို့ ယူဆထားတဲ့နေရာတွေမှာ အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ လက်လွတ်စပယ် လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပါ။

အာဆီယံအနေနဲ့ အလှည့်ကျ ခန့်အပ်တဲ့ ပုံစံအတိုင်း ခန့်အပ်ခဲ့တယ် ဆိုပေမဲ့၊ အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ၀တ်ကောင်တွေထဲက တစ်ဦးကို အခုလို အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံရဲ့ သဘာပတိအဖြစ် ခန့်အပ်လိုက်တာကြောင့် အာဆီယံရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်သွားစေခဲ့ပါတယ်။

လေတပ်ဦးစီးချုပ်များ ညီလာခံ အပါအဝင် အာဆီယံရဲ့ အစည်းအဝေးတွေဟာ ပြည်သူတွေအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက် ကျုးလွန်စေဖို့အတွက် ပိုမိုအတင့်ရဲစေမှာဖြစ်ပြီး၊ ဒါဟာ တဖက်လှည့်နည်းနဲ့ လူသတ်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု စွမ်းဆောင်ရည်တွေကို ပံ့ပိုးကူညီပေးနေတာပဲ ဖြစ်ပါတယ်။

အာဆီယံရဲ့ ထုတ်ပြန်ချက်များအရ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) ဟာ အာဆီယံအဖွဲ့ဝင် လေတပ်ဦးစီးချုပ်တွေအကြား (စစ်ဘက်)လေကြောင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ လေတပ်တွေအကြား နှစ်စဉ်ကျင်းပတဲ့ ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပလက်ဖောင်း တခုဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံဟာ အဆိုပါ ပလက်ဖောင်းရဲ့ ခေါင်းဆောင်တာဝန်နေရာကို မြန်မာစစ်တပ် လေတပ်ဗိုလ်ချုပ်ကြီး တဦးကို လွှဲပြောင်းပေးအပ်ခဲ့တာကြောင့် ထွန်းအောင် ဟာ အဆိုပါအရေးတွေမှာ အစည်းအဝေးတွေ ခေါ်ယူ ကျင်းပဖို့နဲ့ ဒေသတွင်း လေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ကြီးကြပ်ကွပ်ကဲဖို့ အခွင့်အာဏာတွေ ရရှိသွားစေတာလည်း ဖြစ်ပါတယ်။။

ဒါ့အပြင် ဒီနှစ်အတွင်းမှာ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) အောက်ကနေ မြန်မာစစ်တပ် လေတပ်ဦးစီးချုပ်က ဦးဆောင်ကျင်းပသွားမယ့် နောက်ထပ်ဖိုရမ်တွေ ရှိနေပါသေးတယ်။

အဲ့ဒီဖိုရမ်တွေထဲမှာ အာဆီယံလေတပ်များရဲ့ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (AAFET-WG) နဲ့ အာဆီယံလေတပ် အရာရှိငယ်များ ထိတွေ့ဆက်ဆံရေး အစီအစဉ် (AJAFOIP) ဆိုင်ရာ ညီလာခံတွေလည်း ပါဝင်နေပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာလို့ ဟုဆိုကာ၊ အာဆီယံက စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပေမဲ့၊ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) အပါအဝင် အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) နဲ့ ၄င်းနဲ့ဆက်စပ် (ADMM Plus) လို အာဆီယံ အစည်းအဝေးတွေကိုတော့ တက်ရောက်ခွင့် ဆက်လက်ပေးထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဆိုပါ အစည်းအဝေးတွေဟာ ကျွမ်းကျင်သူအဆင့် အစည်းအဝေးများသာ ဖြစ်ပြီး အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခွင့် မပြုဖို့ တားမြစ်ထားချက်ကို ၄င်းတို့အနေနဲ့ ချိုးဖောက်ခြင်း မရှိကြောင်း အာဆီယံက ခုခံကာကွယ် ပြောဆိုလေ့ ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တွမ်အင်ဒရူးစ် ကတော့ “ဒါကို လက်သင့်မခံနိုင်ပါဘူး။ အာဆီယံရဲ့ ဘယ်အစည်းအဝေးကိုမှ စစ်အုပ်စုကို မဖိတ်ကြားသင့်ပါဘူး။ ဒီလို လုပ်ရပ်မျိုးဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေရုံမက၊ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ ရောက်ပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုရှည်ကြာစေမှာ ဖြစ်တယ်” လို့ ပြီးခဲ့တဲ့လအတွင်းက သွားရောက်ခဲ့တဲ့ ၎င်းရဲ့ အင်ဒိုနီးရှား ခရီးစဥ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း တွမ်အင်ဒရူးစ်က မြန်မာစစ်အာဏာရှင်တွေဟာ အရပ်သားပြည်သူတွေအပေါ် ရက်စက်ယုတ်မာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာပါတယ်”

“အခုအချိန်ထိ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေးခံခြင်းကနေ ကင်းလွတ်နေသေးတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ တချိန်မှာ သူတို့တွေရဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မဖြစ်မနေ ပြစ်ဒဏ်ခံယူစေရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

၄င်းက ဆက်လက်ပြီး၊ မြန်မာစစ်တပ်ကို လေယာဥ်ဆီ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေကို နိုင်ငံတချို့က ဒဏ်ခတ်အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနဲ့ ဒီလိုအချိန်မျိုးမှာမှ အာဆီယံက စစ်ရာဇဝတ်ကောင် မြန်မာစစ်ကောင်စီ လေတပ်ဦးစီးချုပ်ကို အာဆီယံ လေတပ် ဦးစီးချုပ်များ ညီလာခံ သဘာပတိအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါဟာ အာဆီယံအနေနဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို နိုင်ငံရေးဆိုင်ရာ တရားဝင်မှုနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ပေးအပ်လိုက်တာပဲ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။ တနည်းအားဖြင့် ဒါဟာ မြန်မာစစ်တပ်ကို ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်အောင် သိသိနဲ့ ကူညီဆောင်ရွက်ပေးရာလည်း ရောက်နေတယ်လို့ ၄င်းက ဆိုလိုက်တာပါ။

မြန်မာစစ်တပ် လေတပ်ဦးစီးချုပ်ရဲ့ အရပ်သားတွေအပေါ် လက်လွတ်စပယ် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ ပိုမိုရဲတင်း မလာစေဖို့နဲ့ နိုင်ငံတကာဥပဒေအရ ၎င်းရဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ခံစေဖို့ လုပ်ဆောင်ရမယ် လို့လည်း တွမ်အင်ဒရူးစ်က ဆိုပါတယ်။

“အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်တာတွေ စဥ်ဆက်ပြတ် ကျူးလွန်နေမှုတွေမှာ တာဝန်ရှိတဲ့သူတွေကို အာဆီယံရဲ့ ခေါင်းဆောင်ရာထူး နေရာတွေမှာ တာဝန်ထမ်းဆောင်ခွင့် မပေးသင့်ပါဘူး။ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ စစ်ရာဇ၀တ်မှုတွေအတွက် ထောင်သွင်း အကျဥ်းချခံ နေရမဲ့သူတွေပါ” လို့လည်း တွမ်အင်ဒရူးစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီကို ထောက်ခံအားပေးရာ ရောက်နေတဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) အပါအဝင် အာဆီယံရဲ့ ADMM အစည်းအဝေးများနဲ့ ပတ်သက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတဦးကို မေးမြန်းရာမှာတော့ ၄င်းက အခုလို ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အာဆီယံရဲ့ အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်အောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဖို့လိုပါတယ်”

“အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီး အခုလို လုပ်နေတာဟာ မြန်မာပြည်အရေးကို ဖြေရှင်းရာမရောက်ဘဲ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှု သက်သက်ပဲ ဖြစ်စေပါတယ်။ အာဆီယံရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားစေဖို့အတွက် ပြည်တွင်း ပြည်ပ ကမ်ပိန်းတွေကို ပြည်သူလူထုအားနဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အားနဲ့ပါ အတူလက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်”။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article