ပုလောတွင် ပျူစောထီးအဖွဲ့ဝင်နှင့် စစ်တပ်အမာခံများ၏ နေအိမ် ၄ လုံး၊ ဥယျာဉ်ခြံ တစ်ခြံတို့ကို PDF ချိပ်ပိတ်
ရန်ကုန်| ဇူလိုင် ၁၂
တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ထဲက ပုလောကုန်း ကျေးရွာအုပ်စု နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီအား ထောက်ခံသူ သတင်းပေး ဆိုသူများ၏ နေအိမ် လေးလုံးနှင့် ဥယျာဉ်ခြံ တစ်ခြံတို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့က ချိပ်ပိတ် သိမ်းဆည်းလိုက်သည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော် KNDO နှင့် ပူရိယက္ခညီနောင် စစ်ကြောင်းတို့က သွားရောက်ပြီး ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း က ပြောသည်။
ပူရိယက္ခညီနောင် စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက “ကျွန်တော်တို့ အဖွဲ့က မနေ့က သွားရောက်ပြီး ချိပ်ပိတ်ခဲ့တာ ဖြစ်တယ်၊ လက်ရှိတော့ အခုလို ချိပ်ပိတ်တာနဲ့ ပတ်သက်ပြီး ပျူတွေဖက်ကတော့ တစ်စုံ တရာ တုန့်ပြန်တာမျိုးတော့ မရှိသေးဘူး”ဟု ပြောသည်။
လက်ရှိ နေအိမ်နှင့် ခြံတို့ကို ချိပ်ပိတ် သိမ်းဆည်းခံရသည့် သူများသည် နှစ်ဖက်ထိတွေ့ တိုက်ပွဲကြောင့် နေအိမ် စွန့်ခွာပြီး ပုလောကုန်းကျေးရွာရှိ ပျူစောထီးအကြီးစား ခေါင်းဆောင်၏နေအိမ်တွင် သွားရောက် နေထိုင်နေသည်မှာ ကြာပြီး ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
နတ်အိမ်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက “အခုလို သချိပ်ပိတ်တာ လုပ်သင့်နေတာ ကြာပြီး ဖြစ်တယ်၊ ဘာကြောင့်လည်း ဆိုတော့ ဒီ ပျူတွေက ရွာမှာ အရင်က တော်တော် သောင်းကြမ်းတဲ့ ကောင်တွေ ဖြစ်တယ်”ဟု ပြောသည်။
ယင်းပျူစောထီး အဖွဲ့ဝင်များသည် နှစ်ဖက်ထိတွေ့ တိုက်ပွဲ မဖြစ်ပွားခင်က ကျေးရွာနေ ပြည်သူများကို ဖိနှိက်ခြင်း၊ ရွာထဲမှ ရွာပြင်သို့ ထွက်ရင် ငွေကြေးပေးရသည့်အပြင် ၎င်းတို့၏ ထောက်ခံစာကို ယူပြီး ခွင့်ပြုချက်ရမှ သွားလာရခဲ့ရသည်။
ထို့ပြင် ယင်းပျူစောထီး အဖွဲ့ဝင်များ ကစစ်ရှောင် ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ ချိပ်ပိတ်ခြင်း ပြုလုပ်လေ ရှိသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ နတ်အိမ်တောင်ကျေးရွာတွင် တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့နှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တို့ သည် တိုက်ပွဲပေါင်း ၂၀ ကျော်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပုလောမြို့နယ်သည် လက်ရှိအချိန်အထိ စစ်ကောင်စီကစစ်အုပ်ချုပ်ရေး ကြေညာထားသောဒေသလည်း ဖြစ်သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)