စစ်တပ်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် စိတ်ဆန္ဒကင်းမဲ့ပြီး အာဏာသိမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပျောက်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ပြောဆို
ရန်ကုန်၊ ဇူလိုင် ၁၆
အကြမ်းဖက် စစ်တပ်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် စိတ်ဆန္ဒကင်းမဲ့ပြီး အာဏာသိမ်းမှုကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစ ပျောက်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။
အဆိုပါ ပြောကြားချက်သည် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၇၆ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အခြား သော ခုခံတော်လှန်ရေး အဖွဲ့အစည်းများ စုစည်းပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မှတဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာခဲ့ကြောင်း၊ သို့သော် အာဏာသိမ်း စစ်အုပ်စုသည် လူမျိုးစု များနှင့် ပြည်သူလူထုကြီး တရပ်လုံးက လိုလားတောင်းတနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည် ဆောက် ရန် စိတ်ဆန္ဒကင်းမဲ့နေကြောင်း၊ နောက်ထပ် တဖန် အတင်းအဓမ္မ အာဏာသိမ်းခဲ့သောကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် အတွက် အဖြေရှာမည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းသည် လမ်းစ ပျောက်ခဲ့ကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။
ကရင်အမျိုးသားများ၏ ခုခံတော်လှန်နေသည့် နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အနာဂတ်စိန်ခေါ်ချက်များစွာ ရှိနေပြီး ဖက်ဒယ်ပြည်ထောင်စုစနစ်ကို အခြေခံသည့် ကရင်အမျိုးသားများ၏ လိုလားချက်ဖြစ်သည့် တန်းတူရေး၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်၍ အကောင်အထည်ဖော်ဆောင်နိုသ်ည့် ကိုယ်ပိုင်ပြဌာန်းခွင့်များ မရရှိသေးကြောင်း၊ ပန်းတိုင်ကို ရောက်သည်အထိ ရဲစွမ်းသတ္တိရှိရှိ၊ စည်းစည်းလုံးလုံးကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ပါရှိသည်။
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ကို ကရင်အမျိုးသားများ ဖိနှိပ်မှုများနှင့်ရင်ဆိုင်ရသည့်အခါတွင် ကရင်အမျိုးသားများ၏ ရပ်ရွာများ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ကာကွယ်ရန် သက်ဆိုင်ရာ အရပ်ဒေသရှိ ကရင်အမျိုးသားများ ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
လူမျိုးစုအားလုံးသည် လွတ်လပ်မှု၊ တန်းတူညီတူရှိမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များဖြင့် မိမိတို့၏ လူမှုဘဝ၊ အမျိုသားဂုဏ်အင်္ဂါ လက္ခဏာများအစွန့်ရှည်ရေး၊ ကိုယ့်ကံကြမ္မာ အမှန်တကယ် ဖန်တီးပိုင်ခွင့်ရှိရမည်ဖြစ်ပြီး ကရင်အမျိုးသားများနှင့် အခြားသော လူမျိုးများသည် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်မှု၊ တန်းတူမှု၊ ကိုယ်ပိုင်ပြဌာနးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ကြိုးပမ်းတည်ဆောက်နေကြောင်း ၊ လူမျိုးကြီးဝါဒ ကိုင်စွဲနေသည့် စစ်ဝါဒီကြီးများက အခြားသော လူမျိုးစုများ၊ ပြည်သူများ၏ မွေးရာပါ အခွင့်အရေးကို ဂရုမစိုက်ဘဲ လစ်လျူရှုနေသည့်အပြင် အာဏာတည်မြဲရေးအတွက် ရှေးရှု၍ လူမျိုးစုများနှင့် ပြည်သူ့အခွင့်အရေးများကို မတရားသည့် နိုင်ငံရေးစနစ်နှင့် စစ်ရေးအရ ဖိအားပေးတိုက်ဖျက်နေကြောင်းလည်း ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ကရင်အမျိုးသားများ၏ လက်နက်ကိုင်ခုခံတော်လှန်ရေးသည် မတရားမှုများကို ခုခံကာကွယ်တော်လှန်ပြီး တရားသည့် စနစ်ကို တည်ထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို သိရှိနားလည်ခြင်း၊ လေးစားခြင်း၊ အသိအမှတ်ပြုခြင်းများ မရှိသည့် ပြဿနာများကြောင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများအပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား မတရားမှုများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ ဖြစ်ကြောင်း၊ ယင်း အခြခံပြဿနာနှင့် အကြောင်းတရားများကြောင့် အခြားသော လူမျိုးများနှင့် အုပ်ချုပ်သူများအကြား ပဋိပက္ခများနှင့် စစ်ပွဲများ ယနေ့တိုင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင်ထည့်သွင်းပြောဆိုထားသည်။