26 C
Yangon

NUG နှင့် PDF ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း လုပ်ကြံ လိမ်လည် ရေးသားထားသော ဝါဒဖြန့် ကြော်ငြာစာရွက်များကို စစ်တပ်က နိုင်ငံတစ်ဝန်း အလုံးအရင်းဖြင့် ဝေငှဖြန့်ချိ

Must read

NUG နှင့် PDF ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း လုပ်ကြံ လိမ်လည် ရေးသားထားသော ဝါဒဖြန့် ကြော်ငြာစာရွက်များကို စစ်တပ်က နိုင်ငံတစ်ဝန်း အလုံးအရင်းဖြင့် ဝေငှဖြန့်ချိ

ရန်ကုန်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF ကို မထောက်ခံဟု ပြောဆိုကြောင်း လုပ်ကြံ လိမ်လည် ရေးသားထားသော ဝါဒဖြန့် ကြော်ငြာစာရွက်များကို စစ်တပ်က ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းသို့ ဝေငှဖြန့်ချိနေကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၉ ရက်နေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ပြော ဆို ခဲ့ခြင်းမရှိသော NUG နှင့် PDF တို့ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံ‌ဆိုသော လုပ်ကြံလိမ်လည် ရေးသားထားသည့် သတင်းများ၊ လူမှုကွန်ရက်ပို့စ်များကို ဝါဒဖြန့် ကြော်ငြာစာရွက်များကို ရောင်စုံကာလာဖြင့် ရိုက်နှိပ်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်တပ်၊ ထွေအုပ်၊ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများက ဖြန့်ချိ ဝေငှနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က မန္တလေး ဦးပိန်တံတားမှာ ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF ကို မထောက်ခံဘူးဆိုတာတွေ ရေးသားထားတဲ့ လက်ကမ်းကြော်ငြာစာရွက်တွေကို စစ်တပ်က အများပြည်သူများကိုလိုက်လံ ဖြန့်ဖြုးဝေငှပါတယ်” ဟု မန္တလေး ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း အဆိုပါ ဝါဒဖြန့် လက်ကမ်းကြော်ငြာစာရွက်များကို လူစည်ကားရာ လမ်းဆုံလမ်းခွများ၊ စာသင်ကျောင်းများ၊ ကားဂိတ်များတွင် ဝေငှရန် မြို့နယ်ထွေအုပ်များထံ ညွှန်ကြားစာများရောက်ရှိလာပြီး မြို့နယ်တစ်ခုလျှင် လက်ကမ်းကြော်ငြာ သိန်းချီ ဖြန့်ဝေရမည်ဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်ကတော့ ဖုန်းဆက်တာက ဒီလအတွက် အရေးပေါ် လက်ကမ်း ကြော်ငြာစာရွက်တွေ ဝေရမယ်။ အဓိက NUG နဲ့ PDF ဆိုတာ အကြမ်းဖက်လို့ ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဘူးဆိုတဲ့ စာရွက်တွေလို့ပြောတယ်။ ၁ ရပ်ကွက်ကို စာရွက် ၁၅၀၀ လောက်ဝေပေးရမယ်ပြောတယ်။ တစ်မြို့နယ်လုံးဆိုရင်တော့ စာရွက်က သိန်းချီ သွားမှာပေါ့။ ဖြန့်ပေးရမှာ” ဟု ရန်ကုန်မြို့၊ မြို့နယ်တစ်ခုမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinaiသည် နေပြည်တော်သို့ တိတ်တဆိတ်လာ ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၁ နာရီခွဲကြာ တွေ့ဆုံကြောင်း၊ နှစ်ဦးနှစ်ဖက် လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်း ဖြစ်၍ မည်သည့်အကြောင်းအရာကို ဆွေးနွေးသည်ကို မသိရှိကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article