အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF က ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ အပါအဝင် ၂ နှစ်တာအတွင်း စစ်ကောင်စီ တပ်သား ၂၆၂ ဦးကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၂၁
အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF က ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအပါအဝင် ၂ နှစ်တာအတွင်း အကြမ်းဖက် ကောင်စီ တပ်သား ၂၆၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ရန်ကုန်မြို့ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင် အရာရှိ ရိပ်သာ အပါအဝင် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ သာကေတ ရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်း နှင့် လှိုင်သာယာရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ အကြမ်းဖက်လက်အောက်ခံ ပျူစောထီးဂိတ်များ၊ စစ်စခန်းများအား အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ကျေးလက်စစ်ဆင်ရေးအနေဖြင့် ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းတိုက်ပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေး စခန်းသိမ်းတိုက်ပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့ တောင်ကြာ အင်း စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၃၉ ကြိမ်၊ ဒရုန်း၊ လက်နက်ကြီးတိုက်ပွဲပေါင်း ၁၆ ကြိမ် ဆင်နွှဲနိုင်ခဲ့ကြောင်း၊ အဆိုပါ ကျေးလက်နှင့်မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲပေါင်း ၈၇ ကြိမ်အတွင်း ရန်သူ ၂၆၂ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၅၄ လက်သိမ်းဆည်းရမိခဲ့သည့်အပြင် တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားအချို့ သိမ်းဆည်းရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း SOF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ် ဆင်ရေးတပ်ဖွဲ – S.O.F စတင်ဖွဲစည်းတည်ထောင်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ၂ နှစ် တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ၏ စစ်ဆင်ရေး စီမံချက်များ အတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင် ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေး များကို KNU တပ်မဟာ ၆ နှင့် တပ်မဟာ (၄) နယ်မြေများတွင် KNLA တပ်ဖွဲဝင်များနှင့် ပူးပေါင်းကာ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F သည် “တော်လှန်ရေးရဲ့မြှားဦး” အနေဖြင့် စစ်ဆင်ရေးဆောင် ရွက်ချက် များကို စတင်ခဲ့ကြပြီး မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် အ ကြမ်းဖက်အာဏာသိမ်းခံထားရသော မြန်မာတစ်နိုင်ငံလုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြ ဌာန်း ခွင့်တိုကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ဖြစ်ထွန်း ပေါ်ပေါက် သည်အထိ “တော်လှန်ရေးရဲ့အမြူတေ” အဖြစ် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။