38 C
Yangon

NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံခြင်း

Must read

“စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက်လုပ်နေတာတွေ ၊ ပြည်သူလူထုအတွက်တော့ တကယ့်ကို ဒုက္ခဆင်းရဲတွေ ဖြစ်စေတယ်၊ တိုင်းပြည်ကလည်း ပျက်စီးသွားတာပေါ့။ ၂ နှစ်ရှိတဲ့အချိန်မှာ သုံးသပ်ကြည့်ရင် ပြည်သူ့ကာ ကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီးပြီ။ တည်ဆောက်ပြီးပြီ။ Train လုပ်ပြီးပြီ။ လက်နက်အတော်အသင့်တပ်ဆင်ပြီးပြီ။ ခုခံစစ်ကနေ ထိုးစစ်ပြောင်းနေပြီ”

NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေပြီး အမေရိကန်ပြည်ထောင်စုတွင် လွှတ်တော်အမတ်များ၊ အမေရိကန်အစိုးရတာဝန်ရှိသူများ အပါအဝင် အမေရိကန်ရောက် တော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံ၍ နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်ရေးနှင့် အကူအညီများရရှိရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ ဒေါက်တာဇော်ဝေစိုးကို ကိုဝေယံအောင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးအခြေအနေကို ဆရာကြီးရဲ့ သုံးသပ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ နွေဦးတော်လှန်ရေးရဲ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီကို တည် ဆောက်ဖို့။ တည်ဆောက်ရာမှာ ဆရာတို့ စခဲ့တာက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနဲ့ စခဲ့တာ။ ဒါပေမဲ့ ဒီ စကစက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနဲ့ တောင်းဆိုချက်တွေကို လက်မခံဘဲ ပြည်သူတွေကို သတ်ခဲ့တဲ့အတွက် ပြည်သူကို ကာကွယ်တဲ့အနေနဲ့ ပြည်သူ့ကာကွယ်တဲ့ စစ်ကို ဆရာတို့ ဆင်နွှဲရတာပေါ့နော်။

အဲဒီမှာ People’s Defensive War ပေါ့ ။ အဲဒီကနေပြီးတော့ ၂ နှစ်ရှိတဲ့အချိန်မှာ သုံးသပ်ကြည့်ရင် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီးပြီ။ တည်ဆောက်ပြီးပြီ။ Train လုပ်ပြီးပြီ။ လက်နက်အတော်အသင့်တပ်ဆင်ပြီးပြီ။ နောက် တိုင်းရင်းသား လက်နက်ကိုင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အတူတကွ ဒီတော်လှန်ရေးကို ဆောင်ရွက်နေပြီပေါ့လေ။

ဒါကြောင့် အခုအချိန်မှာတော့ နိုင်ငံတကာက သုံးသပ်သလို Equilibrium ဖြစ်နေတယ်လို့ ပြောကြတယ်။ ဆရာတို့ကတော့ စခဲ့တာကတော့ ဇီးရိုးနဲ့ စခဲ့ရာက ၅၀ ကို ရောက်ခဲ့ပြီပေါ့။ ခုက နောက်တစ်ဆင့်တက်ဖို့အတွက် People Defensive War ကနေ Equilibrium ။ အဲဒီကနေ Offensive ကို ပြောင်းဖို့ပြင်နေတယ်။ ပြောင်းနေပါပြီ။ အခု အချိန်မှာ ထိုးစစ်တိုက်စစ် စောစောကပြောတဲ့ နယ်မြေ သိမ်းတဲ့ အဆင့်ကို ရောက်ဖို့အတွက် ပြင်ဆင်နေတဲ့ အချိန်၊ ပြင်ဆင်နေတဲ့ အနေအထားကို ရောက်နေတယ်လို့ သုံးသပ်လို့ ရပါတယ်။

မေး။ ။ ဒုတိယမေးခွန်းအနေနဲ့ ဆရာကြီး အခုလို အမေရိက ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လာရတဲ့ ရည်ရွယ်ချက်က ဘာတွေများ ဖြစ်မလဲ။

ဖြေ။ ။ ဒီအမေရိက ခရီးစဉ်ကတော့ တကယ်တော့ အခုလို ခရီးသွားလာခွင့်တွေ ရလာတဲ့အချိန်မှာ နိုင်ငံတကာကို သွားပြီးတော့ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်ပြီး ထိစပ် ချိတ်ဆက် ၊ ဒါနဲ့ ပတ်သက်ပြီး ပိုမို အကူအညီတွေ ရဖို့ ထောက်ခံမှုတွေ ရဖို့အတွက် သွားနေတဲ့အချိန်ပေါ့။ အခုအချိန်မှာ အမေရိကကို ရောက်လာတဲ့အခါကျတော့ ။ အမေရိကကို မေလ ၁၉ ရက်နေ့က ရောက်တယ်။ အခု ၁ လခွဲ ၂ လ လာတယ်။ ရည်ရွယ်ချက်ကတော့ ၄ ချက်ရှိတယ်။

နံပါတ် ၁ ကတော့ အမေရိကမှာ ရောက်နေတဲ့ မြန်မာတွေနဲ့ ပေါင်းပြီးတော့ တော်လှန်ရေးကို ပါဝင်နေတဲ့။ ထောက်ပို့လို့ ပြောလို့မရဘူးပေါ့၊ ရဲဘော်တွေပါပဲ။ ဒီရဲဘော်တွေ မြန်မာ community နဲ့ တွေ့ဖို့။ တွေ့ပြီးတော့ ဒီတော်လှန်ရေးရဲ့ အနေအထားတွေ ၊ အပြန်အလှန်တွေ ဖလှယ်ကြပြီး သူတို့ရဲ့ အသံတွေ နားထောင်၊ သူတို့ရဲ့ အကြံတွေကို ရယူ။ ကိုယ့်ဘက်ကလည် ရှင်းပြသင့်တာတွေ ရှင်းပြ ။ ဒါကတော့ နံပါတ် ၁ ။

နံပါတ် ၂ ကတော့ ဒီမှာ ရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ၊ Ethnic Leader တွေ၊ Ethnic Representative တွေနဲ့ တွေ့ပြီးတော့၊ လူချင်းတွေ့ပြီးတော့ ၊ အရင်တုန်းကတော့ အွန်းလိုင်းမှာ တွေ့ခဲ့ကြတယ်။ အခုကတော့ လူချင်းတွေ့ပြီးတော့ ဒါကို ဆွေးနွေးနိုင်အောင် အားလုံးပေါင်းစည်းနိုင်အောင် နောင်လည်း ဆက်ပြီးတော့ အတူတကွ အလုပ်လုပ်နိုင်အောင်အတွက် ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ၊ Ethnic ခေါင်းဆောင်တွေနဲ့ ကိုယ်စားပြုတဲ့ လူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အမြင်ချင်းဖလှယ်နိုင်အောင်လို့ တွဲနိုင်အောင် ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့အခါ အထောက်အကူဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်က နံပါတ် ၂ ။

၃ ကတော့ အမေရိကားမှာ ရှိနေတဲ့ ဖောင်ဒေးရှင်းတွေ ၊ organization တွေ ၊ INGO တွေ ၊ ဆရာတို့ ပညာရေးနဲ့ ပတ်သက်ရင် တက္ကသိုလ်တွေ ပညာရေးအဖွဲ့အစည်းတွေ ၊ နောက် ဆေးနဲ့ ပတ်သက်ရင်တော့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ရောင်းချနိုင်တဲ့ နေရာတွေ၊ သူတို့နဲ့ ပတ်သက်တဲ့ ဆရာဝန်အသင်းတွေ ၊ ဒီအဖွဲ့အစည်းတွေ၊ သူနာပြုတဲ့ ပတ်သက်တာတွေ ၊ သင်ကြားရေးတွေ ။ ဒါတွေကို တွေ့ပြီးတော့ သူတို့ဆီက အကူအညီတွေ ရယူဖို့ပေါ့။ ဒါက နံပါတ် ၃ ။

နံပါတ် ၄ အနေနဲ့ကတော့ အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် အစိုးရရော ဒီဘက်က လွှတ်တော်ရော။ နောက်တစ်ခုက ဒီဟာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အကူအညီပေးနိုင်တဲ့ အစိုးရနဲ့ Relative ဖြစ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့။ USAID တို့ ၊ နောက် နယူးယောက်မှာ ရှိနေတဲ့ UN ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာတွေကို သူတို့ကို တင်ပြဖို့နဲ့ သူတို့နဲ့ အပြန်အလှန် အကူအညီတွေ ပိုမိုရရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးချက်နဲ့ လာခဲ့တာပါ။

မေး။ ။ အမေရိက အစိုးရ တာဝန်ရှိသူတွေအနေနဲ့ကရော ဆရာကြီးအနေနဲ့ ဘယ်လို အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျာ။ ပြောပြလို့ ရသလောက်လေးကို ပြောပြပေးပါ ခင်ဗျာ။

ဖြေ။ ။ ခုနက ရည်ရွယ်ချက်တွေနဲ့ တွေ့တဲ့အခါ ကျွန်တော် ၁ လခွဲ ရှိသွားတဲ့အချိန်မှာ ပြန်စဉ်းစားကြည့် ပြန်သုံးသပ်ကြည့်တဲ့အခါကျွန်တော်တော့ အားရကျေနပ်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ မြန်မာ Community တွေ့တာလည်း အရမ်းကို ဝမ်းသာ ကြည်နူးဖို့ကောင်းတယ်။ နောက်အခုလို လူချင်းတွေ့ပြီးတော့ ပြောရတာဖြစ်တဲ့အတွက် နွေးနွေးထွေးထွေးရင်းရင်းနှီးနှီးရှိတယ်။

ရှေ့ကို ဆက်ပြီး ပူးပေါင်းဖို့ အားကောင်းစေတယ်လို့ မြင်တယ်။ ကျွန်တော်တို့ တော်လှန်ရေးအရ ဒီနေ့ ဒီအချိန်မှာ ပြည်သူမှ ပြည်သူသို့ ပါဝင်ဖို့ အရမ်းအရေးကြီးနေတဲ့အချိန်မှာ တွေ့လိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ ဒီနေ့ဒီအချိန်အထိ ၂ နှစ်နဲ့ ၄ လ ၅ လရှိတဲ့အထိကို ဇွဲနဲ့ ပါဝင်နေတဲ့အတွက် ကျွန်တော်တို့ ကျေနပ်မိတဲ့အပြင် ကျွန်တော်တို့ ဒီပြည်သူလူထုရဲ့ အားက ဘယ်တော့မှ လျော့သွားမှာ မဟုတ်ဘူးဆိုတဲ့ ခံစားမှုမျိုး ကျွန်တော့်အနေနဲ့ရတယ်။ ဒါလည်း ကောင်းတယ်။

နောက် တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါလည်း တွေ့ဆုံဆွေးနွေးရတာ ပိုပြီး ရင်းရင်းနှီးနှီးရှိတဲ့အပြင် လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ သူတို့ တိုင်းရင်းသား ဒေသတွေရဲ့ အခြေအနေကို ပိုပြီး သိပြီး အပြန်အလှန်ဖလှယ်ခွင့်ရတော့ တအားကောင်းတယ်။ သူတို့နဲ့ ရှေ့ဆက်ပြီး လက်တွဲပြီး လုပ်ငန်းတွေ လုပ်ရမယ့်အခါမှာလည်း ပိုပြီးတော့ အားကောင်းစေပြီး ချိတ်ဆက်မှုတွေ ရတယ်။ အချိန်မရွေး သူတို့နဲ့ ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ ချိတ်ဆက်မှု အားကောင်းလာတယ်လို့ မြင်တယ်။

နောက်ခုနက Donor တွေပေါ့၊ ပစ္စည်းတွေ ငွေတွေ ရနိုင်တဲ့ Donor တွေနဲ့ တွေ့ပြီး ဆွေးနွေးနိုင်တဲ့အတွက် မြန်မာ့အရေးကို ပိုသိအောင် ပြောနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ တော်လှန်ရေးအကြောင်းကို ပိုသိအောင် ပြောနိုင်တော့ သူတို့ဘက်ကလည်း ပိုပြီးတော့ ကျွန်တော်တို့ကို ဘယ်လို ပုံစံနဲ့ ကူညီရမလဲဆိုတာကို ရစေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ခုနမေးခွန်းထဲမှာ အဓိက မေးသွားတဲ့ အမေရိကန် အစိုးရနဲ့ ပတ်သက်ရင်လည်းပဲ တကယ်အမေရိကန် အစိုးရမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တာဝန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ မြန်မာနိုင်ငံအရေးမှာ ထဲထဲဝင်ဝင်နဲ့ ပါဝင် စဉ်းစားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရပြီး အပြန်အလှန်ဆွေးနွေးခွင့်ရတဲ့အတွက် အားကောင်းတယ်လို့ မြင်မိတယ်။

တကယ်တမ်း ကျွန်တော်တို့ လိုချင်သလောက် ရချင်သလောက် ဖြစ်ချင်သလောက် မဖြစ်တဲ့ဟာတွေကိုလည်း ပွင့်ပွင့်လင်းလင်း သူတို့ကို ပြောနိုင်တယ်လို့ ကျွန်တော် မြင်တယ်။ ဒီအပေါ်မှာ သူတို့ စဉ်းစားမှာပေါ့။ ဒီဟာကတော့ အမေရိကန်ရဲ့ မြန်မာအပေါ်ထားတဲ့ မူဝါဒတွေ ပေါ်လစီတွေနဲ့လည်း ဆိုင်မှာပေါ့။ အလားတူပဲ UN နဲ့ ပတ်သက်ပြီးတော့လည်း ဒါကိုတွေ့ဆုံပြီး ပြောဆိုနိုင်ခဲ့တဲ့အတွက်တော့ ကျွန်တော့်အနေနဲ့ ဒီခရီးစဉ်မှာ သူတို့ကို တွန်းနိုင်ခဲ့တယ်လို့ မြင်တယ်။ ဒါပေမဲ့ တွန်းလို့ ရွှေ့ မရွှေ့ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာ့တော်လှန်ရေးမှာ ပြည်သူတွေ အဓိက ရင်ဆိုင်နေရတဲ့အခက်အခဲတွေက ဘာတွေ ဖြစ်မယ်လို့ ထင်လဲ။ နောက်ပြီးတော့ ဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားနိုင်မလဲဆိုတာ ဆရာကြီးအနေနဲ့ သုံးသပ်ဆွေးနွေးပေးပါ။

ဖြေ။ ။ အခက်အခဲတွေကတော့အများကြီးပေါ့။ တစ်ဖက်ကလည်း လူမဆန်စွာ ရက်စက်ပြီးတော့ သတ်ဖြတ်နေတဲ့ လူတွေ ဆိုတော့ ကျွန်တော်တို့ရဲ့ အသက်ကိုက မလုံခြုံဘူး ခက်ခဲတယ်။ စားဝတ်နေရေးဆိုတာကလည်း ခက်ခဲတယ်။ ဘာလို့ဆို အားလုံးက Displace ဖြစ်ကုန်တာကိုး။ စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက်လုပ်နေတာတွေ ၊ ကျွန်တော်တို့ ပြည်သူလူထုအတွက်တော့ တကယ့်ကို ဒုက္ခဆင်းရဲတွေ ဖြစ်စေတယ်၊ တိုင်းပြည်ကလည်း ပျက်စီးသွားတာပေါ့။

စီးပွားရေး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံးပျက်စီးသွားတယ်။ အဲဒါတွေ ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ကျွန်တော်တွေ့တာတော့ ပြည်သူတွေက အဲဒီလို ၂ နှစ် ၂ ခွဲရှိတဲ့အထိတောင် ဇွဲကောင်းကောင်းနဲ့ ဒီနေ့အထိ တော်လှန်ရေးကို သူတို့ အိမ်တွေ မရှိတော့ဘူး။ မြေတွေ မရှိတော့ပေမယ့် ဒီနေ့အထိ တော်လှန်ရေးမှာ ဆက်ပြီးတော့ ပါဝင်နေတဲ့ အခုလို အားကောင်းတဲ့ ဇွဲကောင်းတဲ့ ရည်ရွယ်ချက်ကို ဆုတ်ကိုင်ပြီးသွားတဲ့ ပြည်သူတွေအတွက်ကို ကျွန်တော်ထင်ပါတယ်။ ဒီ Challenges တွေကို ကျော်နိုင်မယ်လို့ ။

တကယ်တမ်းတော်လှန်ရေးအတွက် အဓိက လိုအပ်နေတာက ကျွန်တော့်အထင်က ငွေပဲ။ ကျွန်တော် ထင်တာက ငွေလိုတယ်။ ဒီငွေကို စောစောက ပြောတဲ့ ပြည်သူမှ ပြည်သူသို့။ ပြည်သူတွေ စားဝတ်နေရေးအတွက် လိုသလို ဒီနေ့ တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ ငွေလိုတယ်။ ကာကွယ်ရေးအတွက်လည်း လိုတယ်။ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအတွက်လည်း လိုတယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့ အတွက်လည်း လိုတယ်။ ပညာရေးအတွက်လည်းလိုတယ်။ ဒီလိုအပ်ချက်တွေ အားလုံကို ဖြည့်ဆည်းနိုင်ဖို့အတွက်ကတော့ အဓိကက ငွေပဲ ။ ကျွန်တော်ဒီရောက်နေတာလည်း အဲဒါကြောင့်ပေါ့။

ပြည်သူမှ ပြည်သူသို့အပြင် Donor တွေဆီက ဘာရနိုင်မလဲ အမေရိကန်အစိုးရဆီက ဘာရနိုင်မလဲက ဒီလိုအကူအညီတွေ ပံ့ပိုးမှုတွေ အဓိက Challenges က အဲဒါလို့ ကျွန်တော်မြင်တယ်။ ဒါ့အပြင် ကျွန်တော်တို့တတွေ နောင်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လိုတယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေ အားလုံးစုစည်းပြီး ညီညွတ်ကြဖို့လိုတယ်။ စုစည်းမှု ညီညွတ်မှုတွေကတော့ ကျွန်တော်တို့ တစ်သက်မှာ မကြုံဖူးအောင်ရရှိနေတာ မှန်တယ်။ ဒါပေမဲ့ ဒါတွေကို ပိုပြီးတော့ ကျစ်လျစ်အောင် ခိုင်မာအောင်လုပ်ဖို့လိုတယ်လို့မြင်တယ်။

ကျွန်တော်တို့ရဲ့ Challenges တွေက စောစောကလို ဒါနဲ့ ပတ်သက်ပြီး ငွေလိုတယ်။ နောက်တစ်ခုကတော့ စုစည်းညီညွတ်မှုလိုတယ်။ ရနိင်ရင်တော့ အကောင်းဆုံးကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ သူတို့နဲ့ စောစောကပြောသလို သူတို့က လေကြောင်းနဲ့ ပြည်သူကို ဒုက္ခပေးနေတာ။ သူတို့မှာ မြေပြင်ကို မစိုးမိုးနိုင်တော့ဘူး။ ဒါကြောင့် သူတို့က လေကြောင်းနဲ့ လာနေတာ။ အဲဒီဟာကို ကျွန်တော်တို့တွေ ထိန်းချုပ်နိုင်ခဲ့မယ်။ အဲဒါကိုသာ ကာကွယ်နိုင်ခဲ့မယ်။ အဲဒါကိုသာ ဖြိုဖျက်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ တော်လှန်ရေးက မနက်ဖြန် ပြီးသွားမှာပေါ့ခင်ဗျာ။

မေး။ ။ ခုလို တော်လှန်ရေး ၂ နှစ်ကျော်ကြာသည်အထိ ပြည်သူတွေက လုံးဝ သွေးမအေးဘဲနဲ့ ရရာ လက်နက်၊ ရရာအရပ်ကနေ ကြိုးစားတိုက်ပွဲဝင်နေတယ်၊ အောင်ပွဲအထိလည်း အားလုံးလက်တွဲညီညီနဲ့ဆောင်ရွက်ကြမယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်အရေးဆောင်ရွက်လှုပ်ရှားနေမှု အနေအထားလေးပြောပြပေးပါ။

ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး ကြိုးစားနေတာက ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲလေ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီး ၂ ခုမှာ တစ်ခုက ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ပဲ ။ ဖက်ဒရယ် မူဝါဒတွေ ပေါ်ပေါက်လာပြီး ဒီဖက်ဒရယ်အတိုင်း တိုင်းပြည်က နေမှ ထိုင်မှ သွားမှ တိုင်းပြည်က သာယာဝပြောတဲ့ လွတ်လပ်တဲ့ တိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်မယ်ဆိုတာ အားလုံးယုံကြည်ထားတော့ ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းတစ်ခုဖြစ်တယ်။

ဒါကြောင့်လည်း စကတည်းက ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ဆိုတာ ပေါ်လာတယ်။ အဲဒါကို အခြေခံပြီးတော့ ကျွန်တော်တို့် ဒီတော်လှန်ရေးထဲမှာ ဆက်ပြီးတော့ သွားနေတယ်။ အဲဒါကြောင့် ဒါကို အားကောင်းအောင် လုပ်တဲ့အပြင် နောင်အတွက် လိုအပ်လာတဲ့ ဒီ Transactional Period အသွင်ကူးပြောင်းကာလမှာ လိုအပ်လာမယ့် ဖက်ဒရယ် Principal နဲ့ ကိုက်တဲ့ ဖွဲ့စည်းပုံတည်ဆောက်ပုံတွေလည်း ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးနေတယ်။

NUCC မှာလည်း ဆွေးနွေးသလို NUG မှာလည်း ဆွေးနွေးတယ်။ အခုဆို ပြီးခဲ့တဲ့ အပတ်က NUG ရဲ့ Cabinet မီတင်မှာ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ မူကြမ်းကို အကြမ်းဖျင်းအားဖြင့် ဆွေးနွေးထားတာတွေ ရှိတယ်။ ဒါ့အပြင် ဖက်ဒရယ်ယူနစ်တွေ ဖက်ဒရယ်ဒေသအသီးသီးနဲ့ NUG နဲ့ ပေါင်းစပ်ပူးပေါင်းလက်တွဲဆွေးနွေးနိုင်ဖို့အတွက်ဆိုပြီး သမ္မတကြီးဦးဆောင်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းတာလည်း ရှိတယ်။

တကယ်တော့ ဖက်ဒရယ် အားလုံးရဲ့ ယုံကြည်ချက်၊ အားလုံးရဲ့ရည်မှန်းချက် ဟိုအရင် ၁၉၄၇ ကတည်းက ရှိနေတဲ့ ယုံကြည်ချက်၊ ရည်မှန်းချက်တွေကို အခုအချိန်မှာ အကောင်အထည်ဖော်တာပဲ။ ဒါတွေဟာ တကယ်တော့ အားလုံးက ဒါတွေကို ယုံကြည်ပြီးသား။ ဒီအချိန်မှာ စစ်အာဏာရှင်နဲ့ အခုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့လူတွေဟာ မရှိတော့ဘူးဆိုရင် ဒီဖက်ဒရယ်အတွက်ကတော့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်တယ်။ အခုလည်း အားလုံးရဲ့ ဆွေးနွေးချက်တွေ ယုံကြည်ချက်တွေတော့ ရနေပါပြီ။

ဒါတွေကို ထပ်ပြီးတော့ ပိုပြီးတော့ ဒေသတစ်ခုချင်းအလိုက် ခေါင်းစဉ်တစ်ခုချင်းအလိုက်ဆွေးနွေးစရာတွေတော့ ရှိတယ်။ အဒါတွေကို ဆက်ပြီးတော့ ဆွေးနွေးရမယ်။ အခုလည်း ဆွေးနွေးရမယ် ၊ တစ်ဖက်ကလည်း တော်လှန်ရေးကို ဆက်ပြီးတော့ လုပ်နေသလို ဒီစစ်အာဏာရှင်ကို ဖယ်ရှားဖို့ တစ်ဖက်ကလည်း ဖက်ဒရယ်တည်ဆောက်မှုတွေကို ဒါနဲ့ ပတ်သက်ပြီး နားလည်အောင် ကျွမ်းကျင်အောင် ကျေညက်အောင် တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ နားလည်မှုတွေ ရှိအောင် ဒီဖက်ဒရယ် တည်ဆောက်မှုတွေကိုလည်း တစ်ပြိုင်နက်တည်းလုပ်ရမယ်လို့ ယုံကြည်တယ်။ ဒါကြောင့်လည်း NUG အနေနဲ့ ဒီ ၂ ခုလုံးကို တစ်ပြိုင်တည်းလုပ်တာ။

မေး။ ။ အခုလက်ရှိ မြေပြင်တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းမှု စည်းလုံးမှုအနေအထားကရော ဘယ် လောက်အထိ ရှိနေပြီလို့ သုံးသပ်မိပါသလဲ ခင်ဗျာ။ ပြီးတော့ ဒီတော်လှန်ရေးအတွက် ဦးဆောင်မှုပေးနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိရောက်တဲ့ ဦးဆောင်မှုတွေကို ဘယ်လောက် အတိုင်းအတာအထိ ပေးစွမ်းနိုင်နေပြီလဲ ။

ဖြေ။ ။ ဒါကတော့ တကယ်တမ်းတော့ တိုင်းတာဖို့တော့ ခက်မှာပေါ့ ။ ဒါပေမဲ့ အစကနေ စတဲ့ဟာကို ဒီနေ့ဟာကို သုံးသပ်ကြည့်လိုက်ရင် ကောင်းတယ်။ Compare လုပ်ရမှာပေါ့။ ပြည်သူက တော်လှန်ရေး၊ ပြည်သူတွေက စခဲ့တာလေ။ လက်နက်ကိုင်တော်လှန်ရေးကို စခဲ့တယ်။ စောစောက ဆန္ဒပြပြည်သူတွေက စခဲ့တယ်။ နေရာတိုင်းမှာ CDM ဖြစ်တယ်။

နေရာတိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးဖြစ်တယ်။ အဲဒါတွေကို NUG အနေနဲ့ စုစည်းရတာပေါ့နော်။ တကယ်တမ်းတော့ ကျွန်တော့် သဘောကတော့ သိပ်ပြီး ဒါ အခက်အခဲရှိနေတယ်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဒီရည်မှန်းချက် ရည်ရွယ်ချက်တွေက ဒီစစ်အာဏာရှုင်ကို ဖယ်ရှားတိုက်ဖို့ပဲလေ။ အဲဒါမှာတော့ အားလုံး အတူတူပဲ။ ကျွန်တော်တို့ ကွဲနေတယ်လို့ မထင်ဘူး။ ဘယ်အဖွဲ့မှ ကွဲနေတယ်လို့ မထင်ဘူး။ ဒါကြောင့် အဖွဲ့တွေ နာမည်တွေတော့ ကွဲရင် ကွဲမယ်။ စောစောက Chain of Command အောက်မှာ ရှိတာ မရှိတာတော့ ဖြစ်ရင် ဖြစ်မယ်။ ဒါကလည်း တကယ်တမ်းတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဖြေကြားထားပြီးသား။

၈၀ ၊ ၈၅ ရာခိုင်နှုန်း လွန်ခဲ့တဲ့ ၃ ၊ ၄ လက ပြောတာ Chain of Command အောက်မှာ ရောက်နေပြီလို့ ပြောတယ်။ ဆိုတော့ တချို့ ကျန်နေတယ်။ တချို့လည်း ဆက်ပြီးတော့ ဝင်နေတာတွေ ရှိတယ်။ ကျွန်တော်တော့ ၈၀ ၊ ၈၅ ရာခိုင်နှုန်း အထက်မှာ စုစည်းမှု ရနေပြီလို့ မြင်တယ်။ Even မရှိတောင်မှ ၊ စုစည်းမှုအောက်မှာ မရောက်သေးတာတောင်မှပဲလည်း သူတို့ဟာ ရည်ရွယ်ချက်အတူတူနဲ့ တိုက်နေတာပဲလေ။ ဒါကြောင့် ကွဲနေတယ်လို့ မထင်ဘူး။ စုစည်း ညီညွတ်မှုကတော့ ဒီတော်လှန်ရေးမှာ မြေပြင်က အဖွဲ့တွေနဲ့ ရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ တကယ် ဒါနဲ့ ပတ်သက်ပြီးတော့ အခုလိုမျိုး ထိုးစစ်ပြောင်းတဲ့အချိန်မှာ ပျောက်ကြားစစ်၊ ခုခံကာကွယ်စစ်ကနေ ထိုးစစ်ပြောင်းတဲ့အချိန်မှာ ဒီထက်ပိုပြီးတော့ စုစည်းမှု တည်ဆောက်ဖို့တွေ Chain of Command တွေ။ ဘာလို့ဆို စစ်တိုက်တာသည် Command က တစ်ခုတည်းရှိဖို့လိုတယ်။

၂ ခုရှိလို့ မရဘူး။ ဒါကြောင့် ဒီဟာကိုတော့ ပိုပြီးတော့ ချိတ်ဆက်မှုတွေ အားကောင်းအောင်လုပ်ဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။ တကယ်တော့ ဒါနဲ့ ပတ်သက်ပြီးတော့ တလောတုန်းက သမ္မတတို့ ၊ ဝန်ကြီးချုပ်ကြီးဆို့ လူထုနဲ့ တွေ့တဲ့အချိန်မှာလည်း ဖြေသွားတာ ရှိတယ်။ တကယ်တော့ တော်တော်များများတွေ ချိတ်ဆက်ပြီး စုစုစည်းစည်းနဲ့ ဆောက်ရွက်နေတယ်လို့ မြင်တယ်။ နောက်လည်း တချို့ နားလည်မှုတွေ လုပ်ထားတာ၊ စာချုပ်တွေလည်းချုပ်ထားတာ ရှိတော့ ဒါအတွက်တော့ သိပ်ပြီး ခက်ခဲနေတယ်လို့ ကျွန်တော် မထင်ဘူး။

မေး။ ။ လက်ရှိ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကရော ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင် စားမှု အခြေအနေကရော ဘယ်လောက်အထိ ရှိနေပြီလဲ ။ နောက်ပြီးတော့ ဘယ်လို ကူညီထောက်ပံ့မှုတွေရော သူတို့ဘက်က ပေးနိုင်မလဲ။

ဖြေ။ ။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုဆိုတာကတော့ အပိုင်းတွေတော့ ရှိမှာပေါ။ နိုင်ငံတကာ တိုင်းပြည်ရဲ့ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ စိတ်ဝင်စားမှု ၊ နိုင်ငံတကာမှာ ရှိနေတဲ့ စောစောက ပြောတဲ့ လွှတ်တော်တွေ ၊ ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေ အဲဒီလူတွေနဲ့ သူတို့တွေရဲ့ အဖွဲ့အစည်းရဲ့ စိတ်ဝင်စားမှု။ နောက်တစ်ခုကတော့ နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့တွေရဲ့ စိတ်ဝင်စားမှု ၊ ပြီးတော့ ပြည်သူတွေ၊ နိုင်ငံတကာမှာ ရှိနေတဲ့ လူထုရဲ့ စိတ်ဝင်စားမှု။ အဲဒါက တစ်ခုနဲ့ တစ်ခုတော့ မတူနိုင်ဘူး။ ဒီဟာက ကွာမှာပဲ။

ဘာဖြစ်လို့လဲဆိုတော့ အများအခုပြောနေသလို မြန်မာနိုင်ငံအရေးကို ကမ္ဘာက မသိတော့ဘူး။ အဲဒါက ကျွန်တော့်အနေနဲ့တော့ ဒီဟာကို သိပ်ပြီးတော့ လက်မခံဘူး ။ ကမ္ဘာက မသိတော့ဘူးတော့ မဟုတ်ဘူး။ ကမ္ဘာက သိလို့ပဲ UN က မြန်မာနဲ့ ပတ်သက်တဲ့ Resolution ၂ နှစ်ကျော် ကြာတဲ့အချိန်မှာ ထွက်တယ်။ ဒီဟာဟာ ကမ္ဘာက မြန်မာကို သိနေလို့ပဲ။ အလားတူပဲ အမေရိကန်က မသိတာတော့ မဟုတ်ဘူး။ အမေရိကန်က သိတယ်။ အမေရိကန်က သိလို့ပဲ အမေရိကန် NDA သူတို့ရဲ့ National Defense Authorization Art ထဲမှာ Burma Art ကို ထည့်တာ။ အမေရိကန်က သိနေလို့ပဲ။ နောက်တစ်ခုကတော့ အလားတူ European Union တို့ အာဆီယံတို့ အားလုံးကတော့ သိနေတာပဲ။

ဒီ စကစနဲ့ စစ်အာဏာရှင်ဟာ အရမ်းကို ရက်စက်တဲ့ သူတွေ ဖြစ်တယ်။ လူတွေကို သတ်နေတယ်။ စောစောက ပြောတဲ့ Human Right နဲ့ ပတ်သက်ရင် Violation တွေ ကျူးလွန်မှုတွေ အများကြီးဖြစ်နေတယ်။ အခု ပြီးခဲ့တဲ့ အပတ်ထဲကပဲ Human Rights Commissioner ကနေ ပြောသွားတယ်။ ဒီလူတွေကို အရေးယူရမယ်။ ဒီလူတွေကို ICC ပို့ရမယ်။ ဒါကို Justice ရအောင် လုပ်ရမယ် ပြောသွားတယ်။ ဒါတွေ အားလုံးကို ထောက်ကြည့်ခြင်းအားဖြင့် မြန်မာကို ကမ္ဘာက သိနေတယ်။ စိတ်ဝင်စားနေတယ်။ ဒါနဲ့ ပတ်သက်ပြီး တွန်းအားတွေ ပေးနေတယ်။

အလားတူပါပဲ ဒါနဲ့ ပတ်သက်ပြီး အိန္ဒိယတို့ တရုတ်တို့ သိနေတာပဲ။ သူတို့ စိတ်ဝင်စားပြီးတော့ သူတို့ ဆက်ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတော့ သေချာတယ်။ ဒါပေမဲ့ ပြည်သူတွေ အမြဲတမ်း လူတွေ အနေနဲ့ကတော့ သိချင်မှာ သိနိုင်မယ်။ ကျွန်တော် ဒီရောက်တဲ့အခါ တချို့ Senator တွေ မြန်မာပြည်အကြောင်းကို မသိတာ တွေ့ရတယ်။ ဒါကြောင့် အဲဒါတွေလည်း သိအောင် လုပ်ဖို့တော့ လိုတယ်။

အထူးသဖြင့် အခုလို မီဒီယာကဏ္ဍတွေကနေ သိအောင်လုပ်ဖို့ လိုတယ်။ ဒါပေမဲ့ မီဒီယာနဲ့သဘောနဲ့ အခုလို သတင်းတွေရဲ့သဘောကတော့ မေးကြည့်လိုက်ရင် ယူကရိန်းဘာဖြစ်နေလဲ သိသေးလား။ တကယ်တော့ ယူကရိန်းလိုဟာမျိုးနော်။ ဒါဆိုရင် အားလုံးက အားစိုက်နေ အာရုံစိုက်နေတာတောင် ဒီနေ့ ယူကရိန်းနဲ့ ရုရှားဘာဖြစ်ပြီး… ဇိုလင်းစကီး ကဘာပြောသွားလဲ မသိပါဘူး။ ဘယ်သူမှ မသိတော့ဘူး။ ဇိုလင်းစကီးက သူတို့ရဲ့ ထိုးစစ်ကို အားမရဘူးဆိုတဲ့အကြောင်းကို သူပြောတာ သိလား၊ မသိဘူး ။ ဒီသဘောပါပဲ။ ကျွန်တော်တို့ကြိုးစားပြီး အခုလို မီဒီယာတွေက ကြိုးစားပြီး International ကိုရော Local ကိုရော ထိုးဖောက်ပြီးတော့ ကျွန်တော်တို့ အကြောင်းကို ကမ္ဘာ့ရဲ့ သတင်းစာမျက်နှာမှာ ရောက်ဖို့ လုပ်ကို လုပ်ရမယ်။

မေး။ ။ ပြည်သူမှ ပြည်သူတို့ Program မှာ ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြီးတော့ ပြည်သူကို ပေးချင်တဲ့ သတင်းစကားလေး ပြောကြားပေးပါ။

ဖြေ။ ။ ပြည်သူကို ပေးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့ တော်လှန်ရေး ခုနပြောသလို အစမှာ ပြောသလို သုညက စခဲ့တဲ့ တော်လှန်ရေး ဒီမှာ ၅၀ ကျော် ရာခိုင်နှုန်းကို‌ ရောက်နေပြီ ။ ဒါတောင် လွန်ခဲ့တဲ့ ၂ လလောက်က တွက်တဲ့ဟာပေါ့။ ဒီအချိန် ၆၀ လောက်တောင် ရောက်ရင် ရောက်နေပြီ။ ဘာလို့ဆို ကရင်နီတွေဘာတွေ မယ့်ဆယ်တွေ ဘာတွေ တိုက်ပွဲမဖြစ်ခင်က တွက်ထားတဲ့ဟာ။

အလားတူပဲ အခုဆို ပဲခူးဘက်မှာ ဖြစ်နေတာတွေ အပြင် ချင်းမှာ လောလောဆယ်တိုးတက်မှုတွေ တွက်မယ်ဆိုရင် ကျွန်တော်ထင်တယ် အဲဒီထက်ပိုနေပြီ။ ဒါပေမဲ့ ဒါကို ကျေနပ်နေတာမဟုတ်ဘူး။ အမြန်ဆုံးအဆုံးသတ်ချင်တာ။ ဘာလို့လဲဆိုတော့ နေ့တိုင်းပြည်သူတွေ ခံစားနေရတာ။ ပြည်သူတွေ ဒုက္ခရောက်နေရတာကို ကျွန်တော်က ဒီနေ့ ပြီးစေချင်တာ။ ဒါကြောင့် ကျွန်တော်တို့က အားစိုက်ပြီး လုပ်ဖို့လိုတယ်။ ဒါကြောင့် NUG အနေနဲ့လည်း အားပိုစိုက်ဖို့လိုတယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့လည်း အားပိုစိုက်ဖို့လိုတယ်။ ပြည်သူတွေ အနေနဲ့လည်း အားပိုစိုက်ဖို့ လိုတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ဒီအချိန်မှာ ရလာတဲ့ အခွင့်အလမ်းအခွင့်အရေးတစ်ခု ။

ဒီအခွင့်အလမ်းအခွင့်အရေးကို အသုံးမချရင် ကျွန်တော်တို့ နိုင်ငံဟာ အမှောင်ထဲကို ပြန်ရောက်သွားလိမ့်မယ်။ ဒါကြောင့် အဲဒီ အမှောင်ထဲကို ပြန်မရောက်အောင် အားလုံး ပြည်သူတွေ‌ရော တော်လှန်ရေးကို ပါဝင်တဲ့ အဖွဲ့အစည်းတွေရော NUG ရော အားလုံးတစ်ပြိုင်နက်တည်း ဒီအချိန်မှာ အားနဲ့ အင်နဲ့ လာမယ့် ၄ ၊ ၅ ၊ ၆ လ အတွင်းမှာ ကျွန်တော်တို့ အားစိုက်ပြီး ဆောင်ရွက်ကြဖို့ လိုတယ်။

စောစောက ပြောသလို ကျွန်တော်တို့အတွက် ငွေလိုတယ်။ ဒါကို အားလုံးဝိုင်းပြီး ကြိုးစားပြီး တွန်းပြီးတော့ ရှာဖွေတဲ့အပြင် နိုင်ငံတကာဖိအားတွေ ပိုရအောင် လုပ်မယ်ဆိုရင်တော့ လုပ်ကြပါလို့ ပြည်သူတွေကိုလည်း တိုက်တွန်းသလို ကျွန်တော်တို့ အနေနဲ့လည်း အစွမ်းကုန်ကြိုးစားပါမယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article