29 C
Yangon

နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ ဘဏ္ဍာရေးတိုက်ပွဲ၊ အဆိပ်ပင်ကို ရေလောင်းနေတဲ့ ပြည်တွင်းဘဏ်လုပ်ငန်းရှင်နဲ့ အပေါင်းအပါ ခရိုနီသူဌေးများ

Must read

နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ ဘဏ္ဍာရေးတိုက်ပွဲ၊ အဆိပ်ပင်ကို ရေလောင်းနေတဲ့ ပြည်တွင်းဘဏ်လုပ်ငန်းရှင်နဲ့ အပေါင်းအပါ ခရိုနီသူဌေးများ

By လမ်းသစ်

မြန်မာပြည်သူတွေဟာ ဒီကနေ့အချိန်မှာ အာဏာရှင်ရဲ့ စစ်ဖိနပ်အောက်ကနေ လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြရပါတယ်။ မြေပြင်မှာ စစ်ပွဲ တွေရှိသလို ဘဏ္ဍာရေး၊ သံတမန်ရေး စတဲ့ ထောင့်ပေါင်းစုံက တိုက်ပွဲတွေကို ဆင်နွှဲနေကြရတာပါ။

နွေဦးတော်လှန်ရေး တဖြည်းဖြည်း အရှိန်ရလာတာနဲ့အမျှ တော်လှန်ရေး အင်အားစုတွေဟာ ခံစစ်ကနေ တိုက်စစ်အနေအထားကို ပြောင်းလဲလာပြီး စစ်ပွဲကို အောင်နိုင်ဖို့ ဘဏ္ဍာရေးဟာ အရေးကြီးမှန်း ပိုမိုသိမြင်လာကြပါတယ်။

တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို ရှာဖွေကြရသလို အကြမ်း ဖက် စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ဖြစ်တဲ့နည်းနဲ့ ဟန့်တားပိတ်ဆို့ဖို့ ကြိုး စားနေကြပါတယ်။

ဘဏ္ဍာရေးတိုက်ပွဲကို ပိုပြီး အရှိန်မြှင့်တင်ဖို့အတွက် အမျိုးသား ညီညွတ် ရေး အစိုးရ NUG ကနေ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်မှာ စတင်လိုက်ပါတယ်။

နွေဦးဘဏ်မှာ မြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်း ဘတ် ငွေတွေကို လဲလှယ်နိုင်မှာဖြစ်ပြီး ပြည်သူတွေ စိတ်ချစွာပါဝင်နိုင်ဖို့ လုံခြုံရေးစနစ် မြင့်မားတဲ့ ဘလော့ချိန်းနည်းပညာကို အသုံးပြုထားသလို ပြည်သူတွေရဲ့ ဓနစည်းစိမ်တွေကို ယုံယုံကြည်ကြည် စုဆောင်စီမံနိုင်မယ်လို့ ကြေညာထားပါတယ်။

လွတ်လပ်လုံခြုံမှုရှိစေရမယ်လို့ဆိုတဲ့ နွေဦးဘဏ်မှာ ငွေသွင်းငွေထုတ်ခြင်း၊ စာရင်းသေငွေအပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့ ဒီဂျစ်တယ်ရွှေ စုဆောင်ခြင်းတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး NUG အစိုးရက ရောင်းချထားတဲ့ ငွေတိုက်စာချုပ်တွေ၊ ကွန်ဒိုနဲ့ အဆင့်မြင့် အိမ်ရာမြေကွက် ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်အကောင့် တွေထဲမှာ သိမ်းထားနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

နွေဦးဘဏ်မှာ အကောင့်ဖွင့်ဖို့အတွက် နာမည်အရင်း၊ မိဘနာမည်နဲ့ လိပ်စာ တွေ ဘာမှမလိုဘဲ Email ၊ မွေးရက်နဲ့မွေးလ ဂဏန်း ၄လုံး၊ မှတ်ပုံတင် နောက် ဆုံးနံပါတ် ၄လုံးသာ လိုအပ်မှာ ဖြစ်ပါတယ်။

NUG ရဲ့ ကြားကာလဗဟိုဘဏ်ကနေ စည်းမျဉ်းချမှတ်ခွင့်ပြုလိုက်တဲ့ နွေဦး ဖွံ့ဖြိုး ရေး ဘဏ်မှာ စတင်ဖွင့်လှစ်တဲ့ တစ်ရက်တည်းမှာပဲ ဘဏ်စာရင်းဖွင့်သူ ၁ဝဝဝ ကျော် ရှိခဲ့ပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ ပထမ ၆လမှာ အသုံးပြုသူ ၁ သိန်းရှိဖို့ ရည်ရွယ် ထားပြီး ဒုတိယ ၆လအတွင်း အသုံးပြုသူပေါင်း ၅သိန်းအထိရှိလာဖို့ မျှော်မှန်းထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ဗဟိုဘဏ်နဲ့ ညှိနှိုင်းပြီး တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်သလို သုံးစွဲသူတွေရဲ့ အပ်နှံငွေတွေအတွက် အမေရိကန်နိုင်ငံမှာ ထိန်းချုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ထဲက ဝေစုတစ်ခုကို အသုံးပြုပြီး ကြားကာလဗဟိုဘဏ်ကနေ လုံခြုံမှု အာမခံ ချက် ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြားကာလဗဟိုဘဏ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာ ဖွဲ့စည်းကြောင်း NUG ယာယီသမ္မတ ဒူးဝါးလရှီးလက ကြေညာခဲ့တာဖြစ်ပြီး NUG ရဲ့ စီမံဘဏ္ဍာ ဝန်ကြီး ဦးတင်ထွန်းနိုင်က ဒါရိုက်တာအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပါမောက္ခ ရှောင်တာနယ်ကလည်း ကြားကာလဗဟိုဘဏ်ရဲ့ အကြံပေးအဖြစ် ပါဝင်ထားပါတယ်။

ပြည်သူပိုင် နိုင်ငံခြားအရန်ငွေတွေကို လေယာဉ်ဆီနဲ့ စစ်လက်နက်ဝယ်ယူရာမှာ စစ်ကောင်စီက အသုံးပြုနေတာတွေကို ဟန့်တားဖို့က ကြားကာလဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ NUG အစိုးရက ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်ဟာ ဘဏ္ဍာငွေ လိုအပ် ချက် ကြီးကြီးမားမား ရှိနေပါတယ်။

အမေရိကန်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ အာဏာသိမ်း စစ်ကောင်စီထံ နိုင်ငံခြားဝင်ငွေစီးဆင်းမှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီ လက် အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်း နှီးမြှုပ်နှံ မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ် အရေးယူထားပါ တယ်။

ဖက်ဆစ်စစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်တဲ့စစ်ပွဲတွေ ဆင်နွှဲဖို့ စစ်အသုံးစရိတ် ပိုမိုသုံးစွဲနေရတာကြောင့် ဘဏ္ဍာငွေလိုအပ်ချက်အတွက် ငွေတိုက်စာချုပ်တွေ အဆက်မပြတ်ရောင်းနေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်စေမဲ့ ကျပ်ငွေ သန်းထောင်ပေါင်းများစွာ တန် ကြေး ရှိတဲ့ ငွေတိုက်စာချုပ်တွေကို ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေက ဝယ်ယူပြီး စစ်ကောင်စီရဲ့ ဘဏ္ဍာငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတယ် လို့လည်း သတင်းတွေထွက်နေပါတယ်။

လက်ရှိ မြန်မာပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ ယုံယုံကြည်ကြည် အပ်နှံ ထားတဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ စုဆောင်းငွေတွေဟာ အခုဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ အသုံးချမှု တွေကို ခံနေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ဘဏ်တွေဟာ ပြည်သူ တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်ဆို့တာတွေ၊ အကောင့်ထဲက ငွေတွေ သိမ်းယူတာတွေ၊ စည်းမျဉ်းစည်းကမ်း ကျော်လွန်ပြီး ကိုယ်ရေး အချက်အလက် တွေကို စစ်ကောင်စီထံ ပံ့ပိုးတာတွေ လုပ်နေတယ်လို့ NUG က ပြောထားပါတယ်။

ဒီလိုဘဏ်တွေကို ဆုံးမတဲ့အနေနဲ့ ပြည်သူတွေဟာ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ အကောင့်တွေဖွင့်ကြရမယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က ပြောခဲ့ပါတယ်။

“စစ်တပ်ကို ဝင်ငွေရရာရလမ်း ထောက်ပံ့နေတဲ့ စစ်တပ်နဲ့ ငွေအားဖြင့် လုံးပန်း နေတဲ့ ဘဏ်တွေကို ကျနော်တို့ ပြည်သူလူထုက ဆုံးမရမှာပဲ။ အဲ့ဒီကနေ ပိုက် ဆံတွေ ပြန်ထုတ်။ သူတို့ဆက်ပြီးတော့ လည်ပတ်လို့ မရတော့တဲ့အထိ နည်း လမ်းပေါင်းစုံနဲ့ လုပ်ကြရမှာပဲ”

“တော်လှန်ရေး ဘဏ္ဍာငွေတိုးအောင် ဆိုရင်တော့ အခု NUG အစိုးရက စပြီး တော့ ဖွင့်လှစ်တည်ထောင်လိုက်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ အကောင့်တွေ ဖွင့်ကြရမှာပါ”

ဒါ့အပြင် စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့နဲ့ NUG Pay အကောင့် နဲ့ ငွေလွှဲကြဖို့လည်း ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ် ကောင်စီက ဘာမှ ထုတ်ပြန်ပြောဆိုခြင်း မလုပ်သေးပေမယ့် NUG Pay စတင်ခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဇွန်လကတည်းက စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ မလိုက်နာရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေကျပ် သန်း တစ်ရာအထိ ချမှတ်နိုင်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂ နဲ့ အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ အာဏာသိမ်း စစ်အုပ်စုရဲ့ ယုတ်မာတဲ့ ကန့်သတ် ပိတ်ပင်မှု မျိုးစုံကြားကပဲ နွေဦးတော်လှန်ရေးဟာ အခုလို အခြေအနေအထိ ကြီးထွားလာခဲ့တာ မဟုတ်ပါလား။

ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ရင်း တော်လှန်ရေးရဲ့ ဘဏ္ဍာငွေ ရေသောက်မြစ်တွေကို တိုးပွားလာအောင် ဝိုင်းဝန်း ပေးကြဖို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article