29 C
Yangon

ငွေစက္ကူအသစ် နှစ်သောင်းတန် စတင်ဖြန့်ဝေသည့်နေ့တွင် စျေးကွက်များ အားလုံး အရောင်းပိတ်ထား၊ နှစ်သောင်းတန် ငွေစက္ကူပေါ်မှ နံပါတ်များအရ ငွေများ အလုံးအရင်းဖြင့် ထုတ်ဝေခြင်းဖြစ်ဟု သုံးသပ်

Must read

ငွေစက္ကူအသစ် နှစ်သောင်းတန် စတင်ဖြန့်ဝေသည့်နေ့တွင် စျေးကွက်များ အားလုံး အရောင်းပိတ်ထား၊ နှစ်သောင်းတန် ငွေစက္ကူပေါ်မှ နံပါတ်များအရ ငွေများ အလုံးအရင်းဖြင့် ထုတ်ဝေခြင်းဖြစ်ဟု သုံးသပ်

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်စစ်ကောင်စီက ငွေစက္ကူအသစ် နှစ်သောင်းတန်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ဖြန့်ဝေလိုက်ချိန်တွင် ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ ဆေးဝါးစျေးကွက်၊ ဆန်စျေးကွက်၊ စားသုံးဆီ စျေးကွက်အပါအဝင် စျေး ကွက်များတွင် အရောင်းပိတ်ထားကြကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ တွင် နှစ်သောင်းတန် ငွေစက္ကူ အသစ် ထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာခဲ့ချိန်မှစတင်၍ စျေးကွက်များအားလုံးတွင် အရောင်းအဝယ် အနည်းသာရှိပြီး အများစုမှာ အရောင်းပိတ်ထားကြခြင်းဖြင့် စျေးကွက်ကို စောင့်ကြည့်ကြကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့ နှစ်သောင်းတန် ထွက်ရှိလာချိန်တွင်လည်း စျေးကွက်မှာ ပုံမှန် ပြန်မဖွင့်နိုင်ဘဲ စျေးကွက်ပေါက်စျေးနှုန်းပါ ပျောက်သွားကြောင်း ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

“ရွှေစျေးကွက်ကတော့ အရောင်းမရှိတော့ဘူး။ အဝယ်တွေချည်းပဲ။ မနေ့က စျေးပါ ပျောက်သွားတယ်။ အပြင်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၃၇ သိန်းကျော်လောက် ကြိုက်ရောင်း ကြိုက်ဝယ် လုပ်ကြတယ်။ ဒေါ်လာစျေး လည်း ရောင်းစျေး၊ ဝယ်စျေး အရမ်းဟသွားတယ်။ ဝယ်စျေးက တစ်ဒေါ်လာ ၃၄၈၀ လောက်ရှိပြီးတော့ ရောင်းစျေးက တော့ တစ်ဒေါ်လာကို ၃၇၀၀ လောက် ပေါက်နေတယ်” ဟု ရွှေနှင့်ဒေါ်လာ ဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ဆိုသည်။

ယမန်နေ့ နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိလာသော်လည်း ပမာဏ များများစားစားဖြင့် စစ်ကောင်စီက မထုတ်ဝေသေးဘဲ စျေးကွက်အခြေအနေကို စောင့်ကြည့်နေကြောင်း၊ သို့ရာတွင် နှစ်သောင်းတန်ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထား သော ဂဏန်းများအရ အလုံးအရင်းဖြင့် ဖြန့်ချိသည်မှာ သေချာကြောင်း မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတချို့က ပြောသည်။

“ဒီလ လစာထဲမှာ အမှတ်တရ ပုံစံမျိုး တော့ ထည့်ထားတယ်။ ပမာဏ များများစားစား မတွေ့ရဘူး။ ဒါပေမယ့် နောက်လကစပြီး နှစ်သောင်းတန်နဲ့ လစာပေးမယ်ဆိုတာမျိုး ပြောလာတယ်။ ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ထားတဲ့ ဂဏန်းတွေအရတော့ အလုံးအရင်း ထုတ်ဝေထားတာမျိုးလို့ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက် လအနည်းငယ်ကြာရင်တော့ စျေးကွက်ထဲမှာ နှစ်သောင်းတန် အများကြီး ပြန့်လာမှာကတော့ သေချာပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းတစ်ဦးက ဆိုသည်။

လတ်တလော နှစ်သောင်းတန်ငွေစက္ကူ ဂယက်သည် ဆက်လက် ရိုက်ခတ်မှု ပြင်းထန်နေဆဲဖြစ်ပြီး ဆန်၊ဆီနှင့်စက်သုံးဆီစျေးကွက်၊ ဆေးဝါးစျေးကွက်၊ အိမ်ဆောက်ပစ္စည်းများ ရောင်းဝယ်ရေး စျေးကွက် အပါအဝင် စျေးကွက်အားလုံးကို အရှိန်ဟုန်ပြင်းပြင်းဖြင့် ဆက်လက်ရိုက်ခတ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- နှစ်သောင်းတန်ငွေစက္ကူပေါ်တွင် ရိုက်နှက်ထားသော ငွေစက္ကူ အမှတ်စဉ် ဂဏန်းများအရ အလုံးအရင်းဖြင့် ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

နှစ်သောင်းတန်ငွေစက္ကူ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article