30 C
Yangon

စစ်တပ်၏ နိုင်ငံရေး လှည့်ဖြားမှုကြား ပြည်သူများ ဝေဝါးထွေးပြားခြင်း မရှိဘဲ အမြဲ နိုင်ငံရေးသတိရှိရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

Must read

စစ်တပ်၏ နိုင်ငံရေး လှည့်ဖြားမှုကြား ပြည်သူများ ဝေဝါးထွေးပြားခြင်း မရှိဘဲ အမြဲ နိုင်ငံရေးသတိရှိရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

ရန်ကုန်၊ ဩဂုတ် ၁

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ ဩဂုတ် ၁ ရက်နေ့ တွင် ပြုလုပ်သည့် ၂၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလမှ စစ်တပ်၏ နိုင်ငံရေး လှည့်ဖြားမှုကြားပြည်သူများ ဝေဝါးထွေပြားခြင်းမရှိဘဲ အမြဲနိုင်ငံရေး သတိရှိရန် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်အနေနှင့် ၎င်း၏ အာဏာ တည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနှင့် လှည့်စားနေသည်ကို ခပ်စိတ်စိတ်တွေ့လာရကြောင်း၊ ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနှင့် လူထုကို လှည်းဖြားနိုင်သည်မှာ ထင်ရှားပြီး အတုအယောင် ရွေးကောက်ပွဲနှင့် လှည့်ဖြားရန် ကြိုးစားသည်ကိုလည်း တွေ့ရသကဲ့သို့ ၁ နှစ် ၂ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးမည်ဟူ၍လည်း လိမ်ညာမှုများ ပြုလုပ်ခဲ့သေးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောဆိုသည်။

“အခုလည်း ၂၀၀၈ အခြေခံ ဥပဒေကို အကြောင်းပြပြီး စစ်ကောင်စီက သက်တမ်း (၆) လ ထပ်တိုးတာမျိုး လုပ်လာတယ်။ စစ်ကောင်စီရဲ့ အာဏာအပေါ် တပ်မက်မှုက အတော်ကြီးလောဘကြီးနေတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ သူတို့ အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်အရာမဆို ချနင်းဖို့လည်း ဝန်မလေး ဘူးဆိုတာ ထင်ရှားပါတယ်။ အခုအခါမှာ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ ချနင်းခြင်းကို ခံနေကြရပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ အစွမ်းကုန် ပြန်လည်ကာကွယ်တားဆီးဖို့ အထူးတာဝန် ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ပြည်သူများကို စည်းရုံးရေးလုပ်ငန်းစဉ်များ အချိန်တိုင်း မပြတ် စည်းရုံးလှုံ့ဆော်၍ စစ်တပ်၏ လုပ်ဇာတ်များကို မီးမောင်းထိုးပြရန် လိုကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများနှင့် တပ်မိသားစုဝင်များကို အမြင်မှန်ရစေရန် လူထုနိုင်ငံရေး နည်းများသုံး၍ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ၊ တိုင်းရင်းသားမဟာမိတ်များနှင့် ဆက်ဆံရေးကော်မတီ (ARC) ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC), ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တွေ့ဆုံခဲ့ပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမည်များကို သေသေချာချာတိုင်ပင်‌ ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း အဆိုပါ အစည်းအဝေးတွင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောကြားသည်။

“ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC), ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) တို့နဲ့ ပူးပေါင်းဆောင်ရွက်သလို အခြားသော တိုင်းနဲ့ ပြည်နယ်အလိုက် အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့ ကဏ္ဍတွေအတွက်လည်း အားလုံးနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒီနွေဦးတော်လှန်ရေး အမြန် အဆုံးသတ်နိုင်ဖို့ အရေးအကြီးဆုံးဟာ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်မှုပါပဲ။ ပူးပေါင်းဆောင်ရွက်ကြရမယ့် အဆင့်လိုက်၊ ကဏ္ဍလိုက် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုအားကောင်းကောင်းနဲ့ အလုပ်ဖြစ်စေရေး နည်းလမ်းတွေကို ဆွေးနွေး တိုင်ပင် လုပ်ဆောင်နိုင်ကြဖို့ အရေးကြီးတဲ့ ကာလ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ခေါင်းဆောင်တွေကလည်း ဖက်ဒရယ်ဒီမိုကရေစီချာတာ အရ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေသလို မြေပြင်မှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ ဆောင်ရွက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ အချင်းချင်း ဟာလည်း ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ဆောင်ကြဖို့ လိုမှာ ဖြစ်ပါတယ် ” ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ယနေ့ အစည်းအဝေးတွင် ပြောဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article