နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ရာထူးမှ ဖယ်ရှား ခံရပြီး အရေးမပါသည့် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံရ၊ ဒုဗိုလ်ချုပ် ကြီး ရာပြည့် ပြည်ထဲရေးဝန်ကြီး အသစ်ဖြစ်လာ
■ ကာကွယ်ရေးဝန်ကြီးရာထူးကိုလည်း အပြောင်းအလဲလုပ်
ရန်ကုန်၊ ဩဂုတ် ၃
နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ရာထူးမှ အချခံလိုက်ရပြီး အရေးပါမသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၁ ဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ကြောင်း ယနေ့ ညပိုင်းတွင် စစ်ကောင်စီက တရားဝင် ကြေညာသည်။
စိုးထွဋ်သည် ယခင်က ပြည်ထဲရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ရာထူးကို ရယူခဲ့ရာမှ အူမကြီး ကင်ဆာဖြစ်ပွားချိန်တွင် အလုပ်အများစုတွင် ပါဝင်နိုင်တော့ခြင်းမရှိဘဲ ဆေးကုသမှု ခံယူနေရာမှ ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခံရကာ အရေးမပါသည့် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံရခြင်းဖြစ်သည်။
၎င်း၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်ထားလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။
“ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲဖြစ်မယ်ဆိုတာတော့ သတင်းတွေ ကြိုထွက်နေတာကြာပါပြီ။ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့တာ။ အခုမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ပေးတာပေါ့။ အူမကြီး ကင်ဆာ ဖြစ်နေတာကြောင့်လည်း ပါသလို၊ အခြား တာဝန်မကျေပွန်မှုတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ ပြည်ထဲရေးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ရွှေ့ခံရတာက ချောင်ထိုးခံရတာပါပဲ။ အရင်ရှေ့က ဝန်ကြီးတွေလည်း အဲဒီလိုပဲ အရေးမပါတဲ့ ဌာနတွေ ရွှေ့ခံရပြီး ပျောက်သွားတာပဲ။ ဥပမာ ဦးချစ်နိုင်ဆိုရင် ပြန်ကြားရေးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး အဖြစ်အပြောင်းခံရပြီးတော့ ဖြုတ်ခံလိုက်ရတာပဲ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ကြောင်း သိရှိရသည်။



