28.2 C
Yangon

သေနတ်ဖောက်လို့ အိမ်ထဲရောက်ရပေမယ့် တော်လှန်စိတ်က လမ်းပေါ်မှာ ကျန်ခဲ့တယ်

Must read

သေနတ်ဖောက်လို့ အိမ်ထဲရောက်ရပေမယ့် တော်လှန်စိတ်က လမ်းပေါ်မှာ ကျန်ခဲ့တယ်

By လမ်းသစ်

တိုင်းပြည်ကို မင်းမဲ့စရိုက်နဲ့ အုပ်ချုပ်ပြီး လူထုအပေါ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်သူတွေကို ခါးခါးသီးသီး တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ၃၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

ရှစ်လေးလုံး လူထုတော်လှန်ရေးကြီးဟာ စစ်ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ကနေ အခြေတည်လာခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ချေမှုန်းနိုင်ခဲ့ပေမယ့် လိုလားတောင်းတတဲ့ ဒီမိုကရေစီပန်းတိုင်ကို မရောက်ရှိခဲ့ပါဘူး။

ရှစ်လေးလုံး အရေးတော်ပုံကြီး ၃၅ နှစ် တင်းတင်းပြည့်တဲ့ ဒီနေ့အချိန်မှာလည်း မြန်မာပြည်သူတစ်ရပ်လုံးဟာ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးကြီးကို ဆင်နွှဲနေကြရပါတယ်။

စစ်တပ်ကြီးစိုးတဲ့ စနစ်ဆိုးကြီးကို အဆုံးမသတ်နိုင်သေးဘဲ စစ်တပ် စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က နိုင်ငံရေး အခင်းအကျင်းထဲကို ရောက်ရှိသွားတာကြောင့် အခုလို ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းဝေးနေခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းပြည်အပေါ် စေတနာ သေးသိမ်ညံ့ဖျင်းတဲ့ စစ်တပ် ရှိနေတာကြောင့်လည်း ခြွတ်ခြုံမှုအပေါင်း သရဖူဆောင်းနေရတာပါ။ အဲ့ဒီစစ်တပ်ကပဲ အကြိမ်ကြိမ် အာဏာသိမ်းလိုက်၊ ချွေးသိပ်လိုက် လုပ်နေတဲ့အတွက် ပြည်သူတွေဟာ ဒုက္ခမျိုးစုံကို ခါးစည်းခံနေရတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပထမဆုံး စစ်အာဏာသိမ်းမှုဆန်ဆန် အာဏာလွှဲပြောင်း ရယူမှုဟာ ၁၉၅၈ ခုနှစ် စက်တင်ဘာလမှာ စတင်ပေါ်ပေါက်ခဲ့ပြီး အိမ်စောင့်အစိုးရဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုကတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရဆိုတာ ပေါ်လာပြန်ပါတယ်။ အဲ့ဒီ အာဏာသိမ်းမှု ၂ ခုရဲ့ အဓိက တရားခံကတော့ စစ်အာဏာရှင် နေဝင်းပဲ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးကောင်စီအစိုးရက ၁၂ နှစ်ကြာ အုပ်ချုပ်ခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအဖြစ် တစ်ပါတီ အာဏာရှင်စနစ်နဲ့ ၁၄နှစ်ကြာ တိုင်းပြည်ကို ခြယ်လှယ်ခဲ့ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ အဲ့ဒီ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ရည်မှန်းချက်တွေ မပြည့်ဝခဲ့ပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ တတိယအကြိမ် စစ်အာဏာသိမ်းမှုမှာ ပေါ်ပေါက်ခဲ့တာပါ။ ဒီအာဏာသိမ်းမှုကို ဗိုလ်ချုပ်ကြီးစောမောင်က ဦးဆောင်တယ်လို့ ပြောနိုင်သလို ဦးနေဝင်းရဲ့ စီမံမှုနဲ့ ပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။

တတိယအကြိမ် စစ်အာဏာသိမ်းမှုအပြီး ထပ်မံပေါ်ပေါက်လာတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နဝတ အစိုးရဟာ သပိတ်စခန်းတွေကို အလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ပြည်သူတွေ ထောင်ချီသွေးမြေကျ ခဲ့ရပါတယ်။ ကျောင်းသားလူငယ်တွေ သေတဲ့လူတွေသေ၊ ထိုင်းနယ်စပ်တစ်လျှောက်ကို ထွက်ပြေးသူတွေကပြေး ဖြစ်ခဲ့ပါတယ်။

၁၉၉ဝ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ အဖမ်းခံထားရသည့်တိုင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ စစ်တပ်ကတော့ အာဏာလွှဲမပေးဘဲ မျက်နှာပြောင်ပြောင်နှင့်ပင် စစ်အာဏာရှင်စနစ်ကို ဆက်လက် ကျင့်သုံးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ နဝတ ကနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် နှစ်ပေါင်းများစွာ ဆက်လက်ပြီး တိုင်းပြည်ကို ဒုက္ခပေးခဲ့သလို စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်စေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အတင်းအဓမ္မ ရေးဆွဲအတည်ပြုခဲ့ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အကန့်အသတ်တွေကြားကပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ အရပ်သားNLD အစိုးရ အုပ်ချုပ်မှုကို ၅ နှစ်မျှသာ ခံစားရသေးတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ၂၁ရာစု အာဏာရူး မင်းအောင်လှိုင်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် ကံဆိုးမိးမှောင်အဖြစ်ကို ကြုံကြရပြန်ပါတယ်။

သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ အသွင်သဏ္ဍာန် အမျိုးမျိုးပြောင်းပြီး တိုင်းပြည်ကို ဂုတ်သွေးစုပ် အုပ်ချုပ်နေသလို စစ်အာဏာရှင်ဟောင်းတွေကလည်း မြန်မာသမိုင်းတလျောက် အရေးယူခံရမှုမရှိဘဲ အာဏာရှင် အချင်းချင်း အကာအကွယ် ပေးထားကြပါတယ်။

အချင်းချင်း ကာကွယ်ပေးတယ်ဆိုပေမယ့် သူတို့အာဏာကို လာပြီး မျက်စောင်းထိုးတဲ့လူဆိုရင်တော့ ရက်စက်စွာပဲ ဇာတ်တူသားစား ဖြုတ်ထုတ်သတ် တဲ့ အကျင့်လည်း ရှိပါတယ်။ စစ်တန်းလျားမှာနေရမယ့် စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာလည်း ရှိမနေတာကြောင့်လည်း အခုလိုတွေ တိုင်းပြည်ဟာ ဒုက္ခပင်လယ်ဝေတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာပါ။

စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပဲ အာဏာကို လက်ဝယ်ထားရှိနေပါစေ တော်လှန်ရေးဆိုတဲ့ အသံကြားရင် ကြောက်ကြပါတယ်။ အထူးသဖြင့် ရှစ်လေးလုံးအရေးတော်ပုံ ဆိုတဲ့အသံကို ခါးခါးသီးသီး ငြင်းဆန်တတ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှစ်လေးလုံး ထီးသပိတ်ဟာ ကမ္ဘာပတ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ ချက်၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာ တော်လှန်ရေး အင်အားစုတွေက ထီးသပိတ် ဆင်နွှဲနိုင်ခဲ့ကြပေမယ့် ရန်ကုန်မြို့တွင်း ထီးသပိတ် ဖော်ဆောင်မှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ယောက်နဲ့ ဓာတ်ပုံဆရာ တစ်ယောက်ကတော့ ဖမ်းဆီးခံရပြီး စစ်ကြောရေးကို ရောက်သွားခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ဒီထီးသဘိတ်ကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာလည်း စောင့်ကြည့်မှုတွေ အခက်အခဲ အကြပ်အတည်းတွေ များစွာထဲက ထီးသဘိတ်ရဲ့ ပုံရိပ်တွေ ပြန်လည်ထွက်ပေါ်လာပြန်ပါတယ်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ ပြည်သူအားလုံးဟာ တော်လှန်ရေးမှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျရာကဏ္ဍကနေ ဝိုင်းဝန်းပေးဖို့ အခုလို ပြောထားပါတယ်။

“ရှစ်လေးလုံးဆိုတာ တကယ်တော့ ပန်းမဝင်ခဲ့ရတဲ့ ပြည်သူ့အရေးတော်ပုံပါပဲ။ ဒီတစ်ခါတော့ နွေဦးတော်လှန်ရေးမှာ အားလုံးသော တော်လှန်ရေးတွေ ပန်းဝင်ကြရအောင်။ ကျနော်တို့ စိတ်ဝမ်းမကွဲတမ်း၊ အချိန်မဆွဲတမ်း၊ အာရုံမလွဲတမ်း ဒီတစ်ပွဲကို အနိုင်တိုက်ကြရအောင်”

၁၉၈၈ အရေးတော်ပုံကာလတွေမှာ စစ်တပ်ဟာ နိုင်ငံရေးအရ ရွေးကောက်ပွဲကို မက်လုံးပေးပြီး တော်လှန်ရေးအရှိန်ကို လျှော့ချနိုင်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးကာလမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို မြို့ပြပျောက်ကြားအဖွဲ့တချို့ကဆိုရင် ရွေးကောက်ပွဲ ကျင်းပလို့ မရစေရဘူးလို့ ထုတ်ပြန်ခဲ့ကြပါတယ်။

“နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို ရှင်သန်စေမယ့် အုပ်ချုပ်သူအပြောင်းအလဲကို မလိုလားဘူး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်၊ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမှန်သမျှအတွက် စစ်တပ်က တာဝန်ခံရမယ်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ပြီး အရပ်သားအစိုးရရဲ့ စီမံမှုကို ချွင်းချက်မရှိ လိုက်နာမယ့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် တည်ထောင်မယ်”

အဲ့ဒီ ဘုံရည်မှန်းချက်တွေကို လမ်းလွဲစေမယ့် ဘယ်လိုနိုင်ငံရေး အခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ထားပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ရည်မှန်းချက်ပန်းတိုင်ကို အပြည့်အဝ မရောက်ခဲ့ပေမယ့် အဲ့ဒီအရေးတော်ပုံကြီးရဲ့ စိတ်ဓာတ်ခွန်အားတွေ၊ ဆောင်ရန်ရှောင်ရန် အတွေ့အကြုံ သင်ခန်းစာတွေဟာ နွေဦးတော်လှန်ရေးဆီ လက်ဆင့်ကမ်း ရောက်ရှိလာခဲ့ပါတယ်။

မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်တိုက်ပွဲကို ပြည်သူတွေ ဆင်နွှဲနေကြပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြို့ပြလမ်းပေါ်က ဆန္ဒပြလူအုပ်ကြီးကို သေနတ် ပစ်ဖောက်ပြီး အိမ်ထဲသွင်းနိုင်ခဲ့ပေမယ့် တော်လှန်ရေးစိတ်ဓာတ်တွေကတော့ စစ်အာဏာရှင်တွေ မချုပ်ငြိမ်းသရွေ့ လမ်းမတွေပေါ်မှာ ဆက်လက်ရှင်သန် နေကြမှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article