မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး လူပေါင်း ၂၀၀ ကျော်နှင့် အရင်းမြစ် ၇၀၀ ကျော်ထံမှ စစ်ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားများ ကုလသမဂ္ဂယန္တရားက စုဆောင်းရရှိ
■ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်သော သက်သေ အထောက် အထားများကို ICJ တရားရုံး၊ ICC ခုံရုံးနှင့် အာဂျင်တီးနားတရားရုံးထံသို့ မျှဝေ
ရန်ကုန်၊ ဩဂုတ် ၁၀
မြန်မာနိုင်ငံတွင် အကြမ်းဖက် မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ ပြောင် ပြောင် တင်းတင်းချိုးဖောက်နေပြီး စစ်တပ်၏ ကျူးလွန်သော စစ်ရာဇဝတ်မှု ဆိုင်ရာ သက်သေအထောက်အထားများကို လူ ၂၀၀ ကျော်နှင့် အရင်းမြစ် ၇၀၀ ကျော်ထံမှ ကုလသမဂ္ဂက စုဆောင်းရရှိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က တရားဝင် သတင်း ထုတ်ပြန် သည်။
မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှု များ ကို စုံစမ်းစစ်ဆေးရာတွင် ယန္တရားသည် လူ ၂၀၀ ကျော်၏ မျက်မြင် သက်သေ ထွက်ဆိုချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက် စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ လူမှုကွန်ရက်သတင်းများနှင့် မှုခင်း ဆိုင်ရာ အထောက်အ ထားများ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်များကို စုဆောင်းထားခဲ့ကြောင်း သိရှိရသည်။
IIMM အနေဖြင့် ရရှိထားသော သက်သေအထောက်အထားများကို လက်ရှိ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုင်ရာ အမှုကိစ္စများဆောင်ရွက်နေသော အပြည် ပြည် ဆိုင်ရာ ရာဇဝတ်တရားရုံး -ICC ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJနှင့် အာဂျင် တီးနားတရားရုံးမှ တာဝန်ရှိသူများထံ အထောက်အထားများ၊ အချက်အလက် များနှင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာများကို မျှဝေလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က စု ဆောင်း ပြီး စိစစ်သုံးသပ်ထားသည့် အထောက်အထားများအရ၊ မြန်မာ စစ် တပ် နှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် စစ်ရာဇ၀တ်မှုများကို ကြိမ်ရေ တိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း ကျူးလွန် နေသည့် ခိုင်လုံသော အထောက် အထားများ ရရှိထားကြောင်း သိရှိရသည်။
အဆိုပါ စစ်ရာဇ၀တ်မှုများတွင် လူပေါင်း ၁၅၅ ဦးထက်မနည်းသေဆုံးခဲ့သော ၂၀၂၃ ခုနှစ် ဧပြီလတွင်း စစ်ကိုင်းဒေသတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကဲ့သို့ အရပ်သားများကို မရှောင်ရှား၊ မခွဲခြားဘဲ သို့မဟုတ် အင်အား အလွန် အကျွံသုံးသော တိုက်ခိုက်မှုများ ပါဝင်ကြောင်း၊ အရပ်သားများနှင့် ဖမ်းဆီးရမိ သော တိုက်ပွဲဝင်သူများကို အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်းများလည်း ပိုတိုး လာခဲ့ကြောင်း၊ ထို့ပြင် အရပ်သား နေအိမ်များနှင့် အဆောက်အဦးများကို အကြီး အကျယ် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းကြောင့် အချို့နေရာများတွင် ရွာလုံး ကျွတ် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း IIMM က ပြောသည်။
“မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုတိုင်းက ဝမ်းနည်းစရာပါ။ ဒါပေမယ့် လေ ကြောင်း က ဗုံးကြဲမှုတွေနဲ့ ရွာမီး လောင်မှုတွေကြောင့် ရပ်ရွာလူထု တစ်ရပ်လုံး ထိခိုက်ပျက်စီးရတာ အထူးတုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ အရပ် သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျတိုက်ခိုက်မှုတွေ မြန်မာနိုင်ငံတွင်း မှာဖြစ် နေပြီး၊ စစ်ရာဇ၀တ် မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ သိသိသာသာတိုးလာနေတာကို ကျွန်တော်တို့ ရရှိထားတဲ့ သက်သေအထောက် အထားတွေက ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြစ်မှုကျူးလွန်သူ တစ်ဦး ချင်းစီ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရာမှာ တရားရုံးများက အသုံးပြု နိုင်မယ့် အထောက်အထားများ စုဆောင်းနေပါတယ်” ဟု IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က ပြောသည်။
မြန်မာစစ်တပ်က စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် ကျေးရွာများကို လေကြောင်းမှတစ်ဆင့် တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များဖြစ်နေသောကြောင့် တရားမျှတစွာ လုပ်ဆောင်ခဲ့သည်ဟု အကြောင်း ပြနေကြောင်း ၊သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအချို့ ဖြစ်ပွားချိန် တွင် စစ်ဘက်ဆိုင်ရာပစ်မှတ်များအတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် အရပ်သား အများအပြား ရှိနေသည်ကို စစ်တပ်က သိသင့်သည့် အခြေအနေ ရှိနေသည် သို့မဟုတ် သေချာသိနေကြောင်း IIMM က ပြောသည်။
နိုင်ငံတကာဥပဒေအရ စစ်တပ်မှ အဆင့်ဆင့်အမိန့်ပေးသောအရာရှိများသည် ၎င်းတို့ကွပ်ကဲမှုအောက်တွင် ကျူးလွန်သော စစ်ရာဇ၀တ်မှုများကို တားဆီး အရေး ယူရန် တာဝန်ရှိပြီး ကြိုးကြောင်းဆီလျော်သည့် တားဆီးအရေးယူမှုများ လုပ်ဆောင်ရန် ပျက်ကွက်ပါက၊ အဆိုပါအရာရှိများသည် ထိုရာဇ၀တ်မှုများ အတွက် တာဝန်ရှိလာနိုင်ကြောင်း IIMM က ဆိုသည်။
“ဤသို့သော ပြစ်မှုများကို အကြိမ်ကြိမ် လျစ်လျူရှုခြင်းသည် အထက်အာဏာ ပိုင် များ ကိုယ်၌က အဆိုပါရာဇ၀တ်မှုများကို ကျူးလွန်ရန် ရည်ရွယ်ကြောင်း ညွှန်ပြသည်” ဟု IIMM က ထောက်ပြထားသည်။
IIMM သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အလုံးအရင်းဖြင့် ရွှေ့ပြောင်း ထွက်ခွာသွားစေသည့် အကြမ်းဖက်မှုများကို ဆက် လက်အားစိုက် စုံစမ်းစစ်ဆေးနေကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာများအပေါ် လိင်နှင့် ကျားမအခြေပြု ရာဇ၀တ်မှု ကျူးလွန်မှုများ ထိုအချိန်က ပျံ့နှံ့ဖြစ်ပွား ခဲ့ကြောင်း IIMM အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။
“လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု ရာဇ၀တ်မှုတွေဟာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတဲ့အမှုတွေအနက် အဆိုးရွားဆုံး ရာဇ၀တ်မှုတွေထဲမှာ ပါဝင်ပါတယ်။ ရိုဟင်ဂျာရှင်းလင်းစစ်ဆင်ရေးအတွင်းမှာ ဒီရာဇဝတ်မှုတွေ အလွန် ပျံ့နှံ့ဖြစ်ပွားခဲ့တာကြောင့် ကျွန်တော်တို့ တွေ့ဆုံမေးမြန်းထားတဲ့ မျက်မြင်သက်သေအများစုမှာ သက်ဆိုင်ရာ အထောက်အထားတွေ ရှိပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန် ကပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM ) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံ တကာ ဥပဒေများ ချိုးဖောက် ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
IIMM သည် မြန်မာနိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် မြန်မာ တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံး ပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများ ကိုပြင် ဆင် ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည် ရွယ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ-စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများ၏ တရားခံ ခေါင်း ဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။