32 C
Yangon

အကြမ်းဖက်စစ်အုပ်စုကို ထိရောက်တဲ့ အရေးယူပိတ်ဆို့ရေး စင်ကာပူအစိုးရ လုပ်ဆောင်ရမည့် ကိစ္စရပ်များ

Must read

အကြမ်းဖက်စစ်အုပ်စုကို ထိရောက်တဲ့ အရေးယူပိတ်ဆို့ရေး စင်ကာပူအစိုးရ လုပ်ဆောင်ရမည့် ကိစ္စရပ်များ

ရန်ကုန်၊ ဩဂုတ် ၁၁

စင်ကာပူနဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာအားဖြင့် ၁,၁၀၀ကျော်လောက် ကွာဝေးပါတယ်။

ဒါပေမယ့် စင်ကာပူနိုင်ငံမှာ အခြေစိုက်နေတဲ့ ကုမ္ပဏီတစ်ချို့ဟာ လက်ရှိ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျှက် ရှိပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ နည်းပညာ ရောင်းဝယ်မှုတွေမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ပါဝင် ပတ်သက်နေမှုကို စင်ကာပူအနေနဲ့ အမြန်ဆုံး အဆုံးသတ်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုများ လတ်တလောမှာ အရှိန်မြင့်လို့ လာပြီပဲ ဖြစ်ပါတယ်။

စစ်ကောင်စီထံကို လက်နက်နှင့် ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးနေတဲ့ စင်ကာပူ စီးပွားရေးလုပ်ငန်း ၁၃၈ ခု ပါဝင်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက် စင်ကာပူရဲ့ ပါဝင်ပတ်သက်နေမှုက ပိုမိုသိသာလာခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူ ကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အထောက်အပံ့ပေးမှု အများဆုံး နိုင်ငံတွေထဲက တတိယမြောက် နိုင်ငံလည်းဖြစ်ပါတယ်။

စင်ကာပူ စီးပွားရေးလုပ်ငန်း (၁၃၈ )ခု နဲ့အတူ စစ်အုပ်စုအကြား ကူးလူးဆက်နွယ်မှုတွေ လုပ်နိုင်ဖို့ အဓိက နေရာက ပါဝင်နေတာကတော့ မြန်မာခရိုနီ လုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။

အဓိကအားဖြင့် ထူးအုပ်စု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီ ဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့က အဓိက အခန်းကဏ္ဍကနေ ပါဝင်လာတာ ဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် ကုမ္ပဏီတွေ အပါအဝင် မြန်မာ စစ်အုပ်စုနဲ့ ခရိုနီ လုပ်ငန်းရှင်တွေဟာ စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေကနေ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိနေတာကြောင့် စင်ကာပူ ကုမ္ပဏီတွေဘက်ကတော့ ကနဦးမှာ ကုန်သွယ်မှုတွေ ရပ်ဆိုင်းဖို့ တွန့်ဆုတ်နေခဲ့ကြတာ ဖြစ်ပါတယ်။

အဓိကအားဖြင့် မြန်မာစစ်အုပ်စုဟာ စင်ကာပူကို အခြေစိုက်ပြီး ဘဏ်စာရင်းဖွင့်လှစ်တာ၊ ငွေကြေးလွှဲပြောင်းတာတွေ ပြုလုပ်နေတာကြောင့် ဘဏ်စနစ်ကို ရပ်ဆိုင်းလိုက်ပါက စင်ကာပူအခြေစိုက် ကုမ္ပဏီတွေနဲ့ မြန်မာစစ်အုပ်စုအကြား ကုန်သွယ်မှုတွေကလည်း အထိုက်အလျောက် ရပ်ဆိုင်းသွားမယ့် သဘောလည်းရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ အဖက်ဖက်က ပိတ်ဆို့မှုတွေနဲ့အတူ စင်ကာပူရဲ့ ဖိအားပေး တင်းကြပ်မှုတွေ အမှန်တကယ် ဖြစ်ပေါ်လာပါက မြန်မာစစ်အုပ်စုကို ထပ်မံ အသက်ရှူကျပ်စေမယ့် သဘောလည်းဖြစ်ပါတယ်။

စစ်လက်နက် ပစ္စည်းရောင်းဝယ်မှုတွေကိုလည်း စစ်အုပ်စုဟာ စင်ကာပူဘဏ်တွေမှာ အများစုအသုံးပြုနေတာ ဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ စင်ကာပူ ဘဏ္ဍာရေးစနစ်ကနေ စစ်အုပ်စုဟာ ဒေါ်လာသန်းရာထောင်နဲ့ချီတဲ့ ငွေကြေးတွေ ကိုရွှေ့ပြောင်း လုပ်ဆောင်မှုတွေ ရှိခဲ့တာကြောင့် စင်ကာပူ အစိုးရအနေနဲ့ စစ်အုပ်စုကို ပိတ်ဆို့လိုက်ခြင်းကတော့ အထိရောက်ဆုံး ဖြစ်နိုင်ကြောင်း Justice For Myanmar လို အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုကို ကြားခံလုပ်ပေးနေတဲ့ ခရိုနီ လက်နက်ပွဲစား ဦးတေဇတို့လို့ နိုင်ထွဋ်အောင်တို့လို လူမျိုးတွေကို စင်ကာပူမှာ ခမ်းနားကြီးကျယ်စွာ နေထိုင်နေကြတာကြောင့် ၎င်းတို့ကို ဆက်လက် နေထိုင်ခွင့်ပေးနေတဲ့ စင်ကာပူ အစိုးရကိုလည်း မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။

ဦးတေဇတို့လို လက်နက် ခရီုနီတွေဟာ US နဲ့ ဥရောပရဲ့ ဆန်ရှင်မိထားသူတွေ ဖြစ်တဲ့အပြင် အခြားသော စစ်ကောင်စီကို လက်နက်ပွဲစား လုပ်ပေးနေသူများကိုလည်း စင်ကာပူအနေနဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်ပေးဖို့ လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြတာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက စင်ကာပူအစိုးရကို လက်ရှိမှာတော့ အချက်သုံးချက်နဲ့ တွန်းအားပေး တောင်းဆိုနေကြပါတယ်။

ပထမဦးဆုံး အချက်အနေနဲ့ကတော့ မြန်မာစစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ နည်းပညာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးနေတာတွေကို ရပ်တန့်နိုင်ရေး ပိတ်ဆို့အရေးယူမှုများ စတင်ရန်၊

ဒုတိယအချက် အနေဖြင့် စစ်အုပ်စုဘဏ်များ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများမှတဆင့် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်အတွင်းကို စစ်အုပ်စုကွန်ရက်များ ဝင်ရောက်မှုကို ပိတ်ဆို့ရန် နဲ့

နောက်ဆုံးအချက်အနေနဲ့ စစ်အုပ်စုအတွက် လက်နက်နဲ့ နည်းပညာတွေ ပံ့ပိုးပေးနေတဲ့ စင်္ကာပူကုမ္ပဏီတွေကို အများ ပြည်သူသိရှိစေရန်အတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ရန် ဟုဆိုကာ တောင်းဆိုထားပြီပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article