31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ် များမှ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ် များမှ ကျေးရွာများကို ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြစ်သည့် ၁၀၅ မမ နှင့် ၁၂၂ မမ၊ မော်တာအမျိုးအစား ၈၁ မမ၊ ၆၀ မမတို့နှင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးကာ ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှု​ကြောင့် သေဆုံးသူ ပြည်သူများထဲတွင် ကျောင်းသား ၂ ဦးလည်း ပါဝင်ပြီး ဒဏ်ရာရရှိသူများတွင် ကျောင်းသား၊ ကျောင်းသူ ၄ ဦး၊ ကျောင်းဆရာမ ၁ ဦးတို့လည်း ပါဝင်ကြောင်း၊ လက်နက်ကြီးကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး နံဇကျေးရွာရှိ ပြည်သူ့နေအိမ်များကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်သည် လေယာဉ်ဖြင့် ပစ်ခတ်မှုကိုလည်း ၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ လက်နက်ကြီးများကို အကြမ်းဖက်စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းသည် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ဩဂုတ်လ ၁၃ ရက်နေ့ ည ၃ နာရီ ၄၈ မိနစ်မှ စ၍ ည ၁၀ နာရီခွဲအချိန်အထိ ရည်ရွယ်ချက်ရှိရှိ ၁၂၂မမ ဟောင်ဝစ်ဇာ လက်နက်ကြီးကို ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးများသည် ဒိုးတန်းကျေးရွာသို့ ၁လုံး၊ ပဲသောင်ကျေးရွာသို့ ၃ လုံး၊ အင်ကုန်းကျေးရွာသို့ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပဲသောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုတွင် ကျောင်းသား ကျောင်းသူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုတွင် အသက် ၁၃ နှစ်အရွယ် စောအယ်ကလူထူးနှင့် အသက် ၁၆ နှစ် စောဘိုလိုသီးတို့ သေဆုံးခဲ့ပြီး အသက် ၁၁ နှစ် စောခွားစိနှင့် အသက် ၁၅ နှစ် နော်ဗြဲဗြဲ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဩဂုတ် ၁၃ ရက်နေ့တွင် ကျောက်တံခါးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်သည် ၁၀၅မမ ဟောင်ဝစ်ဇာ လက်နက်ကြီးကို ပစ်ခတ်မှုကြောင့် လှေတန်းကျေးရွာတွင် ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး သူဌေးကုန်းကျေးရွာကိုလည်း ၈၁ မမ လက်နက်ကြီး ၁ ကြိမ်၊ ဒိုးတန်းကျေးရွာတွင်းသို့ ၈ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ရွှေကျင်မြို့နယ်တွင်လည်း ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် တန်ပြန်တံတားမှနေ၍ ကျေးရွာတွင်းသို့ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ပထမတစ်ကြိမ်တွင် ဂွေးကုန်းကျေးရွာသို့ (၅လုံး ကျရောက်ပေါက်ကွဲပြီး ဒုတိယအကြိမ်တွင် ဂွမ်းဒလကြီးကျေးရွာသို့ ၃ လုံးကျရောက်ခဲ့သော်လည်း လက်နက်ကြီး ၁ လုံးမှာ မပေါက်ကွဲဘဲ ကျန်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၄ ရက်‌နေ့တွင်ပင် နေ့လယ် ၁ နာရီခွဲအချိန်၌ အကြမ်းဖက်စစ်တပ်သည် ရွှေကျင်မှ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် လာရောက်၍ ဖြိုးဆီဆိုင်အနောက်တွင် ၆၀မမ လက်နက်ကြီးကို အထိုင်ချပြီး အင်းကပ်ပလိပ်ကျေးရွာသို့ ပစ်ခတ်ခဲ့သောကြောင့် အင်းကပ်ပလိပ်ကျေးရွာအတွင်း ၃လုံး ကျရောက်ပေါက်ကွဲပြီး တစ်လုံးမှာ စာသင်ကျောင်းဝန်းတွင် ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နယ်တွင်လည်း ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် သစ်ခြောက်ခင် ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ၈၁မမ လက်နက်ကြီးကို ပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးကျေးရွာတွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ နှစ်ရှိ ကိုမောင်ထွေး(ခ)ကျော်ဇေယျနှင့် အသက် ၃၅ နှစ်ရှိ ကိုသန့်ဇော်တို့ ကျည်စထိမှန် သေဆုံးခဲ့ရကြောင်း၊ ၉ နာရီ ၁၅ မိနစ်အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်သည် ဘုရားလဟာကျေးရွာမှနေ၍ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ငါးမြစ်အင်းကျေးရွာသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ၉ နာရီ ၂၄ မိနစ်တွင်မူ ကညွတ်ကွင်း ခမရ-၄၃၉ တပ်ရင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နောင်ဘိုလက်တက်ကြီးတွင် ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တောကျွဲအင်းရှိ အကြမ်းဖက်စစ်တပ်သည်လည်း အဆိုပါနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ လှေဒိုးရွာမြောက်ဘက် မာဃဒေဝ ဝက်ခြံထဲသို့ လက်နက်ကြီး ၃ လုံး ကျရောက်ခဲ့ပြီး တစ်လုံးမှာ မပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်း (၉)နှင့် ပူးပေါင်းတပ်ဖွဲ့ကြား ဇူလိုင်လနှင့် ဩဂုတ်လ အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့တွင် သမင်အင်းကုန်းကျေးရွာနှင့် တလဲဒူးကျေးရွာတွင်းသို့ ဂျက်ဖိုက်တာလေယာဉ် ၂ စင်းဖြင့် ၈ ကြိမ်လာရောက် ပစ်ခတ်ပြီး ၁၅ ရက်တွင်လည်း ဂျက်လေယာဉ် တစ်စင်းဖြင့် ၁ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်သည် နံဇကျေးရွာတွင်းသို့ ဝင်ရောက်ပြီး နေအိမ်အလုံး၂၀ ကို မီးရှို့ဖျက်ဆီးပြီး ယခုဩဂုတ်လတွင် ကျန်ရှိနေသည့် နေအိမ်များကို ဆက်လက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထပ်မံမီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အလုံးရေ အတိအကျကိုစာရင်းပြုစုလျက်ရှိပြီး နံဇကျေးရွာသည် အိမ်ခြေစုစုပေါင်း ၂၀၀ ကျော်ခန့်ရှိသည် ကျေးရွာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article