28 C
Yangon

စစ်ကောင်စီရဲ့ သေနတ်ပြောင်းဟာ ခရိုနီ စီးပွားရေးသမားတွေဆီ လှည့်လို့လာနေပြီလား

Must read

စစ်ကောင်စီရဲ့ သေနတ်ပြောင်းဟာ ခရိုနီ စီးပွားရေးသမားတွေဆီ လှည့်လို့လာနေပြီလား

By လမ်းသစ်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ အာဏာ ဆက်လက်ဆွဲကိုင်ထားနိုင်ဖို့ အတွက်ဆိုရင် ဘယ်သူ့ကိုမဆို ချနင်းဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။

လူထုတော်လှန်ရေးကြီး ဘက်ပေါင်းစုံက အရှိန်မြင့် လာတာနဲ့အမျှ မင်းအောင်လှိုင်တို့ စစ်အုပ်စု ပိုကြပ်တည်းပြီး ချောင်ပိတ်လာတဲ့အခါမှာတော့ သူတို့ဆက်လက်ရှင်သန်နိုင်ဖို့အတွက် သူတို့ကို ဘဏ္ဍာငွေဖြည့်ပေးနေတဲ့ ပြည်တွင်းစီးပွားရေးသမား ခရိုနီသဌေးတွေကိုတောင် မျက်စောင်းထိုးနေပြီ ဆိုတာကို ယခုရက်ပိုင်း တွေ့မြင်လာရပါတယ်။

မြေပြင်တိုက်ပွဲ၊ သံတမန်ရေးရာတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ စတဲ့ စစ်မျက်နှာအားလုံးမှာ အကြမ်းဖက်စစ်တပ်ဟာ စတင် အရေးနိမ့်လာပါပြီ။

ဘဏ္ဍာငွေ ပြတ်လပ်လာတဲ့ စစ်အုပ်စုဟာ နိုင်ငံတကာက တဖြည်းဖြည်း လည်မြိုညှစ်တာကို ခံလာရတဲ့အခါ ‘စီးပွားရေးပိတ်ဆို့မှုဒဏ် တို့မမှုပါ’ လို့တောင် မအော်နိုင်ရှာတော့ပါဘူး။

ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဖက်ဆစ်စစ်တပ်ရဲ့ အဓိက ဝင်ငွေလမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဒေါ်လာ သန်း ၅ဝဝ ကျော် ပြည်ပမှာ ပိတ်မိသွားခဲ့ပါတယ်။

နောက်ထပ်တစ်ဖန် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအတွက် အရေးပါလှတဲ့ မြန်မာ့ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်တဲ့အတွက် အထိနာခဲ့ရပြီး ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးတွေ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။

ဒါတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ စစ်ကောင်စီဟာ ၂သောင်းကျပ်တန် အသစ်တွေ ထပ်မံရိုက်နှိပ်ခဲ့ပြန်တာကြောင့် မြန်မာကျပ်ငွေ တန်ဖိုးဟာ အဝီဇိကို ထိုးဆင်းသွားခဲ့ပါတယ်။ ငွေစက္ကူ ၂ သောင်းတန်တွေဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ငွေကြေးဖောင်းပွမှု မဖြစ်အောင် ၂သောင်းတန်ကို အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ အဲ့ဒီငွေစက္ကူအသစ်တွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ စီးပွားရေးသမားတွေဆီ မယူမနေရ စနစ်နဲ့ ဖြန့်ဝေစေခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဘဏ် ၂ ခုကို အမေရိကန်အစိုးရကနေ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဘင်္ဂလားဒေ့ရှ် Sonali ဘဏ်မှာလည်း ဒေါ်လာ ၁.၁ သန်း ပိတ်မိသွားခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ တစ်ဖက်သတ်ဆန်ပြီး နိုင်ငံခြားငွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းအားလုံး ထိခိုက်စေတယ်လို့ စစ်ကောင်စီက ထုတ်ပြောရတဲ့အထိ အခြေအနေဟာ ဆိုးရွားလာပါတယ်။

တဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ထွက်ခွာသွားကြတာတွေကြောင့် ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပြီး အခြေအနေဆိုးတွေ ကြုံနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အိတ်ကပ်ထဲကို ခရိုနီတွေက ဘဏ္ဍာငွေတွေ ဖြည့်တင်းပေးခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ရောင်းတဲ့ ကျပ်သန်းပေါင်းများစွာ တန်ကြေးရှိ ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ဝယ်ယူခဲ့ကြတာပါ။

ပုဂ္ဂလိကဘဏ်တွေဟာ ငွေတိုက်စာချုပ်ဝယ်ရင် ဘဏ်တိုးရပြီး အဲ့ဒီကနေ ငွေအပ်နှံသူတွေကို ဘဏ်တိုးပြန်ပေးကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ အပ်နှံထားတဲ့ငွေတွေကို စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့ ပုံအောပေးခဲ့ကြတာပါ။

၂ဝ၂၂ ခုနှစ် ဧပြီလကနေ ၂ဝ၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီရဲ့ ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ် လေလံတင်ရောင်းချပွဲတွေကနေ စုစုပေါင်း ကျပ် ၁၇,၈ဝဝ ဘီလီယံ ရောင်းချနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ငွေတိုက်ဦးစီးဌာန စာရင်းတွေက ဖော်ပြခဲ့ပါတယ်။

ခရိုနီ သူဌေးကြီးတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အိတ်ကပ်ကို ဖြည့်တင်းပေးခဲ့တဲ့အပြင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တည်တဲ့ ဘုရားမှာလည်း အားလုံးစုပေါင်းပြီး ကျပ် ၁၆ ဘီလီယံကျော် လှူဒါန်းခဲ့ကြပါသေးတယ်။

ဘာတွေပဲ လုပ်ပေးခဲ့ပါစေ အခုတော့ အာဏာသိမ်းစစ်အုပ်စုက ခရိုနီ စီးပွားရေးသမားကြီးတွေကို အမြင်မကြည်တော့ဘူးဆိုတာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ မြင်လိုက်ရပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သူတို့အနေနဲ့ ပုဂ္ဂလိကဘဏ်တွေကို ကူညီခဲ့ပေမယ့် ဘဏ်တွေက သစ္စာမရှိကြဘူး၊ စီးပွားရေးသမားတွေဟာ ဝိသမ လောဘသားတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ ငွေကြေးဖောင်းပွတာတွေ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေ အားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့ဆိုပါတယ်။

“အခု ဒေါ်လာတွေ ဈေးတက်တယ်၊ ရွှေတွေ ဈေးတက်တယ်ဆိုတာ ဝိသမလောဘသားတွေ၊ ရွှေသမားတွေ၊ ဒေါ်လာသမားတွေက ဈေးကစားလို့ တက်တယ်လို့ တကယ်ထင်နေတာ”

“ကိန်းဂဏန်းတွေအရ ၂ဝ၂၁ နဲ့ ၂ဝ၂၂ နှစ်နှစ်အတွင်း မင်းအောင်လှိုင်တို့ ရိုက်ထုတ်ခဲ့တဲ့ ငွေကျပ် ဘီလျံပေါင်း ၂ဝ,ဝဝဝ (၁ ဘီလျံ = သိန်း ၁ဝ,ဝဝဝ) ရှိတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးထဲကို ဘယ်လောက်ပမာဏ စီးဝင်နေပြီလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ်”

စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက်မှာ တိုင်းပြည်အပေါ် ယုတ်မာချင်တိုင်း ယုတ်မာခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကို ဘေးလူတွေအပေါ် အပြစ်ပုံချပြီး ခေါင်းရှောင်ထွက်သွားလေ့ရှိကြပါတယ်။ အခုလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ငွေရှင်ကြေးရှင် ခရိုနီတွေကို ချနင်းဖို့ ပြင်ဆင်နေကြပါပြီ။

ဦးမင်းကိုနိုင်ကလည်း ခေတ်ပျက်သူဌေးတွေ ဘာလုပ်ကြမှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

“လူတွေကြပ်တည်းပြီး ကုန်ဈေးနှုန်းတက်တာဟာ ဝိသမ လောဘသမားတွေကြောင့် ဖြစ်တယ်ဆိုပြီး ဝါဒအရင်ဖြန့်တယ်။ ကိုယ်လုပ်ခဲ့တာကို သူတစ်ပါးကို အပြစ်ဖို့တာ။ ရွှေသူဌေး၊ ငွေသူဌေးတွေ အကုန်ပါတာပဲ”

“ဇူဇကာ စစ်ဆင်ရေးဗျ။ အခုလည်း ခြိမ်းခြောက်ခံနေရပြီ။ လာတော့မှာ။ အဲ့တော့ မလာခင် သူတို့ (သူဌေးများ) ဘာလုပ်မှာလဲ။ လိမ္မာမှာလား၊ မိုက်မှာလား”

စျေးကွက်စီးပွားရေးစနစ်ကို သေနတ်ထုတ်ပြပြီး ထိန်းချုပ်ရင် ဘာမှ ဖြစ်မလာဘူး ဆိုတာ ခေတ်အဆက်ဆက် သင်ခန်းစာတွေ ရှိပေမယ့်၊ ဒီတခေါက် စစ်ကောင်စီရဲ့ သေနတ်ပြောင်း လားရာဟာ ခရိုနီ စီးပွားရေးသမားတွေဆီ လှည့်လို့လာနေပြီ ဆိုတာကိုတော့ ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတဲ့စကားတွေက သက်သေပြလို့ နေတာပါ။

“ကိုယ့်အကျိုးစီးပွားရှိရာ မြို့ပြတွေနဲ့ နေပြည်တော်ကို မတိုက်ရင်ပြီးရော” ဆိုတဲ့ ခရိုနီတွေကို စစ်အုပ်စုက ချနင်းပြီး လျှောက်လှမ်းသွားမယ့် လမ်းကို မြင်နေရပါပြီ။ အကြမ်းဖက် စစ်အုပ်စုဟာ ကိုယ်ရှင်သန်ဖို့အတွက် သတ်ရဖြတ်ရမလား၊ မီးတင်ရှို့ရမလား ဘာမဆိုလုပ်မယ့်အဖွဲ့ဆိုတာ ခေါင်းထဲ ထည့်ထားသင့်ပါတယ်။

ခေတ်အဆက်ဆက် လိုရင်လိုသလို အရောင်ပြောင်းနေတတ်တဲ့ ပုတ်သင်ညိုဆန်တဲ့ ခရိုနီတွေ နဖူးပေါ်လက်တင်ပြီး သေချာလေး စဉ်းစားရမယ့်အချိန်ကို ရောက်နေပါပြီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article