32 C
Yangon

စစ်ကောင်စီအပေါ် ဝေဖန်ပြစ်တင်ရုံနဲ့ လုံလောက်မှာ မဟုတ်ဘဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်တဲ့ အာဆီယံ

Must read

စစ်ကောင်စီအပေါ် ဝေဖန်ပြစ်တင်ရုံနဲ့ လုံလောက်မှာ မဟုတ်ဘဲ၊ ထိရောက်တဲ့ အရေးယူမှုတွေ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်တဲ့ အာဆီယံ

By လမ်းသစ်

ဆက်လက်လုပ်ဆောင်စရာအချို့ ကျန်ရှိပေမယ့် ၂ဝ၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားရဲ့ တာဝန်သက်တမ်းကတော့ တစ်ခန်းရပ်သွားပြီလို့ ဆိုနိုင်ပါတယ်။

စစ်ကောင်စီအပေါ် ပြစ်တင်ဝေဖန်သံတွေ ညံခဲ့တဲ့ ဒီတစ်ခေါက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုဂိုဝီဒိုဒိုကတော့ သူတို့တာဝန်ယူချိန်ကာလမှာ မြန်မာ့အရေးဖြေရှင်းမှုဟာ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပြောဆိုချက်တွေထဲမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် နိုင်ငံရေးအရ အရေးပါတဲ့ အဖွဲ့ပေါင်း ၇ဝ နဲ့ ၁၄၅ ကြိမ် အထိ တွေ့ဆုံနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒီလိုတွေ့ဆုံမှုတွေရဲ့ အနှစ်ချုပ် ရလဒ်တစ်ခုကို ဆွဲထုတ်ကြည့်ရင်တော့ စစ်ကောင်စီကို ဘယ်သူကမှ အယုံအကြည် မရှိဘူးဆိုတာ သူတို့တွေ ကောင်းကောင်းသိသွားကြပါတယ်။

အင်ဒိုနီးရှားရဲ့ အလှည့်ကျဥက္ကဌသက်တမ်း နောက်ဆုံးဆွေးနွေးပွဲအဖြစ် စက်တင်ဘာ ၅ရက်နေ့က ၄၃ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အာဆီယံက ပြင်းပြင်းထန်ထန် ပြစ်တင်သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄၂ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်တုန်းက မြန်မာ့အရေးကို စာပိုဒ်အနည်းငယ်သာ ထည့်သွင်းခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ မြန်မာ့အရေး သီးခြားကြေညာချက် ထွက်ပေါ်လာတာကိုကြည့်ရင် အာဆီယံက မြန်မာ့အရေးကို အရင်ထက် ပိုမိုအာရုံစိုက်လာတယ်လို့ သုံးသပ်လို့ရပါတယ်။

စစ်ကောင်စီဟာ အာဆီယံရဲ့ ဆွေးနွေးပွဲတော်တော်များများမှာ တက်ရောက်ခွင့် ရနေသေးပေမယ့် ဒီလိုထိပ်သီးအစည်းအဝေးမှာတော့ တက်ရောက်ခွင့် မရှိပါဘူး။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာတာကြောင့် အခုလို ပိတ်ပင်ခံထားရတာပါ။

ဘုံသဘောတူညီချက် ၅ ချက်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ၂ဝ၂၁ ခုနှစ် ဧပြီလတုန်းက အာဆီယံ ခေါင်းဆောင်တွေရှေ့မှာ သဘောတူခဲ့ပေမယ့် လက်တွေ့မှာ လိုက်နာဆောင်ရွက်မှုမရှိဘဲ မသိကျိုးကျွံ လုပ်နေခဲ့တာပါ။

ဒီ့အတွက်လည်း သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကလွဲလို့ အာဆီယံနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံတွေကပါ မြန်မာစစ်တပ်ကို ပြစ်တင်နေကြပါတယ်။

၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဝင် အသိအမှတ်ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ စစ်ကောင်စီဟာ ဝိုင်းဝန်း ဆူပူကြိမ်းမောင်းမှုကို ခံရတဲ့အပြင် ၂ဝ၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူရမယ့် အခွင့်အရေးကိုပါ လက်လွှတ်လိုက်ရပါတယ်။

စစ်ကောင်စီ တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ ဒီအစည်းအဝေးမှာပဲ ၂ဝ၂၆ အလှည့်ကျဥက္ကဌ မြန်မာနေရာမှာ ဖိလစ်ပိုင်က အစားထိုးတာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

မြန်မာစစ်တပ်ဟာ ရက်စက်သတ်ဖြတ် အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့အပြင် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုများစွာ ရှိနေတာကြောင့် အလှည့်ကျဥက္ကဌ အဖြစ် တာဝန်မပေးတာ ဖြစ်မယ်လို့ သံတမန်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးကြောင်း အာဆီယံက ပြသလိုက်တာလို့ ပြောဆိုမှုတွေရှိသလို မြန်မာပြည်တွင်း အခြေအနေတွေအရ တာဝန်ယူဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သုံးသပ်မှုတွေကလည်း ရှိနေပါတယ်။

ဒါ့အပြင် မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အာဆီယံအလှည့်ကျဥက္ကဌ ပြောင်းတိုင်း အာဆီယံ အထူးသံတမန်တစ်ယောက် လိုက်ပြောင်းနေတာဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတာကြောင့် မြန်မာ့အရေးချဉ်းကပ်မှု ပုံစံအသစ် ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။

တာဝန်ပြီးဆုံးသွားတဲ့ ဥက္ကဌဟောင်း အင်ဒိုနီးရှား၊ ဥက္ကဌအသစ် လာအိုနဲ့ ၂ဝ၂၅ ခုနှစ်မှာ ဥက္ကဌဖြစ်လာမယ့် မလေးရှားတို့ပါဝင်ပြီး အလှည့်ကျဥက္ကဌ ၃နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

ဒီလိုပြောင်းလဲလိုက်တာဟာ အလှည့်ကျဥက္ကဌသစ် လာအိုနိုင်ငံမှာ မြန်မာ့အကြပ်အတည်း ဖြေရှင်းနိုင်စွမ်း မရှိတာကြောင့် ဝန်းရံတဲ့သဘောဖြစ်တယ်လို့ သုံးသပ်ကြတာရှိသလို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ခံထားရတဲ့ လာအိုနိုင်ငံဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဘက်ကို ယိမ်းတဲ့ထဲမှာ ပါနေတယ်လို့လည်း ယူဆချက်တချို့ ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်သတ္တပတ်အတွင်း ထွက်ပေါ်လာတဲ့ အာဆီယံ စကားသံတွေဟာ စစ်ကောင်စီအတွက် အနုတ်သဘောဆောင်နေတာ တွေ့ရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမယ်၊ အဲ့လိုအရေးမယူဘဲ ရှေ့ဆက်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောဆိုသံကို ကြားခဲ့ရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီမျှော်လင့်ချက် ဖျက်ဆီးခံနေရတယ်လို့ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင် ပြောဆိုခဲ့ပါတယ်။

အမေရိကန်အနေနဲ့လည်း မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဖိအားပေးမှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန် ဒုတိယသမ္မတ Kamala Harris က အာဆီယံခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။

အခြားတဖက်မှာလည်း နေပြည်တော်မှာ အာဏာသိမ်းစစ်အုပ်စုက ဦးဆောင်ပြုလုပ်မယ့် အာဆီယံလေတပ် ဦးစီးချုပ်များ ညီလာခံ (AACC) ကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်ဖို့ ငြင်းဆန်ထားပါတယ်။

AACC ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ စစ်ကောင်စီ လေတပ်ဦးစီးချုပ် ထွန်းအောင်ဟာ မြန်မာပြည်သူများစွာကို အသက်နှုတ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကွပ်ကဲနေသူပါ။

ဒီလို စစ်ရာဇဝတ်ကောင်နဲ့ အလိုတူအလိုပါ မဖြစ်စေဖို့ နိုင်ငံတိုင်းက ဒီညီလာခံကို ငြင်းပယ်ရမှာ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်အုပ်စုကို နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံခွင့်ရမယ့် အစည်းအဝေးတွေမှာ ပါဝင်ခွင့် ပေးထားတဲ့အတွက် မြန်မာပြည်သူတွေဟာ အာဆီယံကို အခုထိ မေးခွန်းထုတ်နေကြဆဲပါ။ အာဆီယံရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ကြီးစွာသော သံသယတွေလည်း ရှိနေကြဆဲပါ။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဟာ အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) ကို အဖွဲ့ဝင်နိုင်ငံတွေ မတက်ရောက်ကြဖို့ တောင်းဆိုထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအတွက် မိတ်ဆွေကောင်းပီသမှုကို ဆက်လက်ပြသဖို့ လိုအပ်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မတရားသိမ်းယူထားတဲ့ အာဏာ တည်မြဲဖို့ အတွက် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ပြီး၊ သောင်းနဲ့ ချီတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက်နေကာ၊ နေအိမ် ၈ဝ,ဝဝဝ ကျော်ကို မီးရှို့ဖျက်ဆီးထားပါတယ်။

နေ့စဉ် တိုးမြှင့်လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အထွေထွေ အကြပ်အတည်း တွေကြောင့် မြန်မာပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေလို့ လွပ်လပ်တဲ့ နိုင်ငံတကာ စစ်တမ်းအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ အကြိုအဖြစ် ကျင်းပခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးက အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တက်ရောက်ကြတဲ့ အာဆီယံလူထုညီလာခံကတော့ လက်ရှိမြန်မာ့အရေးနဲ့ ပတ်သက်ပြီး “မြန်မာပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းနေတဲ့ မြန်မာစစ်အုပ်စုကို တရားဝင်အဖွဲ့အစည်း မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့ဖြစ်တယ်” လို့ ကြေငြာခဲ့ပါတယ်။

ဒါပေမဲ့ အာဆီယံပြည်သူတွေနဲ့ မတူဘဲ သူတို့ရဲ့(အာဆီယံ) ခေါင်းဆောင်တွေကတော့ မြန်မာစစ်ကောင်စီအတွက် အသိအမှတ်ပြုရာ ရောက်တဲ့ အာဆီယံ အစည်းအဝေးတံခါးတွေကို ဖွင့်ထားနေဆဲပါ။

ဒါတွေရဲ့ အကျိုးဆက်အဖြစ် အာဆီယံနိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာမှုအပြင် အမေရိကန်အပါအဝင် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေရဲ့ ဝေဖန်ဖြစ်တင်မှုတွေနဲ့ပါ စတင်ရင်ဆိုင်နေပြီဖြစ်ပါတယ်။

မြင်သာတာကတော့ အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ သူတက်ရောက်လေ့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို ဒီတခေါက် မတက်ရောက်ဘဲ ဒုသမ္မတကိုသာ စေလွှတ်ခဲ့တာပါ။

အချုပ်အားဖြင့် အာဆီယံအနေနဲ့ ဒေသတွင်း လုံခြုံရေး၊ အာဆီယံရဲ့ အနာဂတ် နဲ့ ဂုဏ်သိက္ခာတွေအတွက် အကြမ်းဖက်စစ်ကောင်စီကို အပြစ်တင်ကြောင်း၊ မြန်မာ့အရေးကို အလှည့်ကျဥက္ကဌ ၃ နိုင်ငံက ပူးပေါင်းလုပ်ဆောင်မယ် လို့ ဆုံးဖြတ်ကြောင်း စတဲ့ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေရုံနဲ့ လုံလောက်တော့မှာ မဟုတ်ဘဲ၊ ဒီထက်ပိုတဲ့ “မြန်မာစစ်ကောင်စီအပေါ် အရေးယူအပြစ်ပေးတဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ” ကိုပါ ထည့်သွင်းဆောင်ရွက်ရမယ့် အချိန် ကျရောက်နေပြီဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article