ပုလဲမြို့နယ်တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပုလဲမြို့နယ်၊ အင်မထီးပျူစောထီး ကျေးရွာမှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်ကြင်းစု ကျေးရွာမှ စားနပ်ရိက္ခာ၊ ငွေကြေး၊ ရွှေ၊ပစ္စည်းများကို ခိုးယူလုယှက်ပြီး လှည်းအစီးရေ ၁၈ စီးဖြင့် သယ်ဆောင်ပြီး အင်မထီးပျူစောထီးကျေးရွာကို ပြန်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပဒိန် ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေး ကင်းပုန်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကာ ပဒိန် ၁ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ၆၀ မမ၊ ၄၀ မမ စက်လတ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ Southern YSO PDF နှင့် ညီနောင် တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။