37 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တွေ့ဆုံခြင်း အပိုင်း ၂ (နိဂုံး)

Must read

” မတော်မတရား ဗုံးကျဲနေတာတွေ၊ စစ်ကောင်စီကနေ စစ်ကြောင်းတွေ တက်လာပြီး အိမ်တွေကို မီးရှို့တာတွေ ဒါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် လူထုကို ကာကွယ်ဖို့အတွက်ဆိုရင် တစ်ရွာနဲ့တ စ်ရွာ တစ်မြို့နဲ့ တစ်မြို့ ဒီစစ်ကြောင်းကတော့ ဘယ်နေရာကို တက်လာပြီ လူအင်အား ဘယ်လောက်ရှိတယ်ဆိုတဲ့ ဒီလိုမျိုး information တွေကို ဟိုဘက်ရွာကနေ ဒီဘက်ရွာ လှမ်းပြောပေးလို့ရမယ်”

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တွေ့ဆုံခြင်း အပိုင်း ၂ (နိဂုံး)

By ရန်ကုန်ခေတ်သစ်

မြန်မာတစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပိုင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ ၊ ပြည်သူတွေကို သတ်ဖြတ်တာအပြင် တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ထားတာတွေ လုပ်ကိုင်နေပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြည်သူတွေရဲ့ အကျပ်အတည်း အသက်အိုးအိမ် စည်းစိမ်တွေအတွက် ခုခံကာကွယ်နေပြီး ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဝန်ကြီးသိတဲ့အတိုင်း စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးဖြတ်တောက် ဒီ ဝန်ကြီးတို့လုပ်တဲ့ ဆက်သွယ်ရေးစနစ်ကိုရော စစ်ကောင်စီဘက်က ဖြတ်တောက်ပစ်တာမျိုး၊ ဖြတ်တောက်လိုက်တာမျိုး လုပ်လို့ရလား။ ဒီလို ဆက်သွယ်ရေးစနစ်ကို ပြည်သူတွေ သုံးစွဲနေတဲ့အခါမှာရော ပြည်သူတွေကို ဖမ်းဆီးတာမျိုး၊ ပစ္စည်းတွေ ရှာဖွေတာမျိုး အဲဒါမျိုးတွေ ဖြစ်လာမှာမျိုး။ ဒါနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုး ဝန်ကြီးတို့ ဝန်ကြီးဌာနအနေနဲ့ရော ဘာတွေ ပြင်ဆင်ထားတာရှိပါသလဲ ။

ဖြေ။ ။ အဲဒါတွေကတော့ အစောကြီးကတည်းက ကြိုတင်ပြီးတော့ တွက်ချက်ထားတာပေါ့။ ကျွန်တော်တို့ရဲ့ စိုးမိုးတဲ့ နယ်မြေတွေ ကျွန်တာ်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပကဖ တွေ၊ ပအဖ တွေ အစရှိသဖြင့် မြို့ခံလူတွေနဲ့ရော အုပ်ချုပ်ရေး ယန္တယားထဲက လူတွေနဲ့ရော ၊ ကျွန်တော်တို့က ဒါကို အသေးစိတ်တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့မှ ဘယ်နေရာမှာတော့ ဘယ်ပစ္စည်းကို ထားရင်တော့ လုံခြုံရေးအရ ဘယ်လိုကာကွယ်ပေးနိုင်သလဲဆိုတဲ့ဟာတွေကို ဖန်တီးထားတာပေါ့။ သေချာစဉ်းစားပြီးတော့မှ အားလုံးတိုင်ပင်ပြီးတော့မှ ဖန်တီးတယ်။

ထို့အတူပဲ ဒီလိုမျိုး သူတို့ဘက်က စစ်ကြောင်းတွေ ထိုးလာတဲ့အခါမှာ ကျွန်တော်တို့ဘက်က ဘယ်လိုအကာအကွယ်တွေ လုပ်ရမလဲ ၊ လူထုကလည်း သုံးစွဲခွင့်ရလို့ရှိရင် ဘယ်လိုမျိုး၊ ဘယ်လိုမျိုး အကာအကွယ်တွေနဲ့ လုံလုံခြုံခြုံသုံးစွဲရမယ်ဆိုတဲ့ နည်းလမ်းတွေကို အခု စတင်ပြီးတော့ ဖြန့်ဖြူုးပေးနေတာတွေ ရှိပါတယ်။

မေး။ ။ အကြမ်းဖျင်း နားလည်တာက ဆက်သွယ်ရေးစနစ်ကို သုံးစွဲမယ်ဆိုရင် လူတွေက ဖုန်းပြောလို့ရမယ်။ လူမှုကွန်ရက်ကို သုံးစွဲလို့ရမယ် ဒါမျိုးတွေ သုံးလို့ရမယ်ဆိုတော့ အခု ချင်းပြည်နယ်မှာလည်း Starlink က သုံးစွဲလို့ရတယ်ဆိုတာမျိုးတွေ တင်နေတာမျိုးတွေ ရှိတော့ ဒီ ဝန်ကြီးတို့လုပ်တာကကော starlink ကပဲလား။

ဖြေ။ ။ နည်းပညာကတော့ Starlink တစ်ခုတည်း မဟုတ်ဘူးပေါ့။ ကမ္ဘာပေါ်မှာ နည်းပညာအများကြီးရှိကြတယ်။ အဲဒီအများကြီးထဲကမှ Starlink က လောလောဆယ်မှာ နာမည်အကြီးဆုံးနဲ့ အကောင်းဆုံးဖြစ်နေတယ်လို့ အားလုံးက ပြောကြတာပေါ့။ Starlink သည်လည်းပဲ မြန်မာပြည်မှာ သုံးစွဲခွင့်ရတဲ့ အနေအထားမျိုးတွေ ရှိနေပြီလို့ ပထမဦးဆုံးစပြီးတော့ ပြောချင်ပါတယ်။

သုံးစွဲလို့ရပြီဆိုတော့ လူတွေ စပြီး သုံးစွဲနေတဲ့ အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကြီး ဘယ်လို သုံးစွဲတယ်ဆိုတာ ပြောဖို့တော့ အင်မတန်ခက်ပါတယ်။ တစ်ဖက်က ရန်သူက ဒါကို သိသွားမှာလည်း မလိုလားဘူး. ထို့အတူ ခုနမေးခွန်းနဲ့ ဆက်စပ်ပြီး ဖြေရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကျွန်တော်တို့ လုပ်ထားတဲ့ ကွန်ရက်ကို ကြားဖြတ်နားထောင်တာတို့ ၊ ကြားဖြတ်ဖမ်းယူတာတို့ ဒါမျိုးတော့ လုပ်လို့ရမှာ မဟုတ်ပါဘူး။

တစ်ခုရှိတာက physically လာပြီးတော့ အနှောင့်အယှက်ပေးတာမျိုး၊ လူကိုယ်တိုင်လာပြီးတော့ စစ်ကြောင်းထိုးတာမျိုးဆိုရင်တော့ ကျွန်တော်တို့ဘက်က အနှောင့်အယှက်လေး ဖြစ်သွားနိုင်တယ်။ အဲဒါအတွက်ကိုလည်း ခုနပြောသလို ကြိုတင်စီစဉ်တာမျိုး စီမံချက်တွေနဲ့ ရေးဆွဲထားတာ ရှိပါတယ်။ ဘယ်လိုမျိုးအကာအကွယ်ယူရမယ်၊ ဘယ်လိုမျိုး ရှောင်တိမ်းရမယ်ဆိုတာမျိုးပေါ့။

ဒါပေမဲ့ ဆက်သွယ်ရေးကွန်ရက်ပိုမိုပြီး အားကောင်းလာတာနဲ့အမျှ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ပိုမိုပြီးတော့ ရှောင်ရှားလာနိုင်လိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် information ဖလှယ်ကြမယ်။ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ ဆက်သွယ်ရေးနဲ့ ပြောနိုင်နေပြီဆိုရင် ဒါအကြီးမားဆုံး အားသာချက်ဖြစ်နိုင်တယ်။ အရင်တုန်းက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကဆိုရင် ကျွန်တော်တို့က ဒီဘက်ရွာကို စစ်ကောင်စီလာပြီးတော့ သောင်းကျန်းနေရင် မသိနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခုဆိုရင် ဆက်သွယ်ရေးကွန်ရက်က အားကောင်းလာလို့ရှိရင် ဒီလိုမျိုး သိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာတော့မယ်။

တစ်ရွာနဲ့ တစ်ရွာ အကူအညီလည်း တောင်းလို့ရနိုင်မယ် ။ သူတို့ကို ဟန့်တားနိုင်မယ့် ကိစ္စတွေမှာ ပိုပြီးတော့ လုပ်လာနိုင်မယ်။ ဒါကြောင့်မို့လို့ atrocity prevention လို သုံးလို့ရတယ်။ civilian prevention လို့လည်း သုံးစွဲလို့ရတဲ့ အနေအထားမျိုးပေါ့နော်။ လူထုကို ကာကွယ်ပေးလို့ရတယ်။ လူထုကို ဘေးလွတ်အောင် ရှောင်ရှားပေးဖို့အတွက်ကို ကြိုတင်ပြီးတော့ သတင်းတွေ တစ်ယောက်နဲ့ တစ်ယောက်ဖြန့်ဝေပေးလို့ရတယ်။ ဒီလိုမျိုးအနေအထားနဲ့ ကျွန်တော်တို့က လူထုအတွက် အကျိုးအမြတ်အများကြီးဖြစ်စေမယ့် အနေအထားမျိုးတွေ ကျွန်တော်တို့က စီစဉ်ပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

ဖြေ။ ။ ဝန်ကြီးတို့လုပ်မယ့် ဆက်သွယ်ရေးစနစ်က ဒေါ်လာ ၅ သိန်းနဲ့ လုပ်တဲ့အချိန်မှာ ပြည်ပ ဘယ်နိုင်ငံက အကူအညီပေးတာမျိုးရှိသလဲ ။ပြီးတော့ ဒီစနစ်ကို လူဦးရေ ဘယ်နှယောက်က သုံးစွဲမယ်ဆိုတဲ့ Target မျိုး ရှိသလားရှင့်။ ဝန်ကြီးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ ရွာတွေအများကြီး မီးရှို့ခံရတယ်။ လူတွေအများကြီး စစ်ဘေးရှောင်နေရတဲ့အတွက်ကြောင့် ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီးပြောသွားတာ သိပါတယ်။ စစ်ကိုင်းတိုင်းအပြင် တခြား ပြည်နယ်တွေလည်း လုပ်မှာဆိုတော့ လူဦးရေနဲ့ Target ထားပြီး လုပ်တာရှိသလား၊ ပြည်ပဘက်ကနေ အကူအညီပေးတာမျိုး ရှိပါသလား။

ဖြေ။ ။ ပြည်ပ အကူအညီဆိုတာကတော့ အစိုးရတွေအနေနဲ့ အကူအညီပေးတာမျိုးတွေ မရှိဘူး။ ဒါပေမဲ့ ဒီ နည်းပညာဆိုတာက အစိုးရက ကူညီမှ မဟုတ်ဘူး။ အစိုးရက အခြားသော နည်းပညာတွေ အများကြီးရှိတာပေါ့နော်။ နည်းပညာလို့ပြောလိုက်ရင် ဆက်သွယ်ရေးနည်းပညာမှာကို အများကြီး အကွဲတွေ အများကြီးရှိတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘယ်နည်းပညာကို သုံးရင်တော့ အကောင်းဆုံးရမလဲဆိုတာကို ကျွန်တော်တို့က ဒါကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အစိုးရတွေက အကူအညီပေးတာ မရှိဘူး ။ သို့သော်ငြားလည်း သူတို့၏ နှုတ်၏ စောင်မခြင်း ၊ လက်၏ စောင်မခြင်းမှာ နှုတ်၏ စောင်မခြင်း သူတို့၏ ချိတ်ဆက်ပေးမှုဖြင့် ကျွန်တော်တို့တွေ အဆက်အသွယ်တွေ ရပြီးတော့ အလုပ်လုပ်နိုင်ခဲ့တာမျိုးတွေ ရှိပါတယ်။

မေး။ ။ အခုလိုမျိုး ပြည်သူတွေ အဆက်အသွယ်ရတော့မယ်ဆိုတာ အခု ဝန်ကြီးနဲ့ ပြောနေရင်း ကျွန်မ တအား ဝမ်းသာပါတယ်။ ဒီဟာက ဘယ်အချိန်လောက် စပြီးတော့ အခုဆိုရင် စက်တင်ဘာထဲ ဝင်လာပြီဆိုတော့ ဝန်ကြီးတို့ရဲ့ ဆက်သွယ်ရေး စနစ်ကို ပြည်သူတွေက ဘယ်တော့လောက် စပြီးတော့ သုံးစွဲလို့ရပါမလဲ ။

ဖြေ။ ။ အဲဒါကတော့ တစ်နိုင်ငံလုံး သို့မဟုတ် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသအကုန်လုံးကို ပေးဖို့ဆိုတာကတော့ လက်တွေ့လည်း မကျဘူး။ ဒီလို စီမံကိန်းတွေက သာမန်အခြေအနေမှာတောင် ၆ လတို့ ၁ နှစ်တို့ မြို့နယ်လူထုကို တပ်ဆင်တော့မယ်ဆိုရင် လိုင်းတွေ ဆွဲကြတယ် ဘာညာတွေ လုပ်ကြတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ မြန်မြန်ဆန်ဆန်နဲ့ လုပ်လို့ရအောင် ကျွန်တော်တို့မှာ infrastructure တွေကလည်း ကောင်းပြီးသား ရှိပြီးသား အနေအထားတွေ ဖြစ်နေတယ်။

ဒါကြောင့် ကျွန်တော့် ခန့်မှန်းခြေ အရ ကျွန်တော်တို့ ဆွဲထားတဲ့ စီမံချက်အရဆိုရင်တော့ ၃ လနဲ့ ၆ လကြားထဲမှာ လူထုကို အင်တာနက်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်နယ်တွေမှာလဲ ဆိုတာတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ ခက်ပါတယ်။ စစ်ကောင်စီရန်သူက သိသွားမှာမျိုးကို ကျွန်တော်တို့ မလိုလားဘူး။ ဒါကြောင့်မို့လို့ ဘယ်နယ်မှာလဲဆိုတာတော့ ထုတ်မပြောပါရစေနဲ့။ NUG ရဲ့ နယ် တော်တော်များများမှာတော့ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ Network ကို သုံးပြီးတော့ အင်တာနက်သုံးလို့ရတဲ့ အနေအထားတွေ ဖြစ်လာပါလိမ့်မယ်။

မေး။ ။ ဒီ ဆက်သွယ်ရေး စနစ်က ဝန်ကြီးသိတဲ့အတိုင်း စစ်ကောင်စီက ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ရင် အများကြီး သူ့ဘက်မှာ အားသာချက်တွေ ရှိတဲ့အခါမှာ ဝန်ကြီးတို့ဘက်က ဆက်သွယ်ရေးစနစ်ကို လုပ်ဆောင်ပေးလိုက်တဲ့အတွက် တော်လှန်ရေးမှာ ဘယ်လို အားသာချက်တွေ၊ လက်ရှိအခြေအနေမှာ ဘယ်လိုအောင်မြင်မှုမျိုးတွေ ရရှိလာနိုင်မလဲရှင့်

ဖြေ။ ။ အဲဒါက ကျွန်တော်ခုနပြောသွားတဲ့ အချက်တချို့လည်း ပါသွားတယ်ပေါ့။ ပထမဆုံးအနေနဲ့ ပြောချင်တာက ဒီ နည်းပညာခေတ်ကြီးကို ရောက်လာတဲ့ အခါမှာ industry 4 တို့ 5 တို့ တဖြည်းဖြည်း ဖြစ်လာတာပေါ့။ ဒီခေတ်မှာ အင်တာနက် ရရှိနေတာဟာ ကမ္ဘာကြီးက အသေးဆုံးအနေအထားကို ရောက်သွားပြီလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ အမေရိကားကနေပြီးတော့ မြန်မာပြည်ကို လှမ်းဆက်သွယ်လို့ရတယ်။

မြန်မာပြည်ကနေ တရုတ်၊ တရုတ်ကနေ အိန္ဒိယ အစရှိသဖြင့် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဆက်သွယ်လို့ရတယ်။ အဲဒါကြောင့် နွေဦးတော်လှန်ရေးက နိုင်ငံတကာမှာ ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေ မြန်မာပြည်ဖွားတွေ အကုန်လုံးက ဒီ တော်လှန်ရေးကြီးမှာ ဝင်ပြီးတော့ ဝိုင်းပြီးတော့ တွန်းပေးနေကြတယ်။ ထို့အတူပဲ ကျွန်တော်တို့ရဲ့ တော်လှန်ရေး အင်အားစုတွေကလည်း အင်တာနက်ကို အသုံးပြုပြီးတော့ Zoom တို့၊ Facebook တို့ အစရှိသဖြင့်ပေါ့နော်။ ဆက်သွယ်ရေးလုပ်လို့ရတဲ့ ကွန်ရက်မှန်သမျှကို အသုံးပြုပြီးတော့ ဒီတော်လှန်ရေးက ချီတက်လာတာ ဒီအခြေအနေအထိအောင်မြင်လာတာဟာ ဒီအင်တာနက် ရရှိလို့ ဆိုတဲ့ဟာ ဘယ်သူမှ ငြင်းလို့မရဘူး။

ထို့အတူပဲ ဆိုရှယ်မီဒီယာရဲ့ အခန်းကဏ္ဍကလည်း အတော်လေး အရေးပါတယ်။ နံပါတ် ၁ အနေနဲ့ကတော့ တော်လှန်ရေး ပြည်သူတွေနဲ့ တော်လှန်ရေးအစိုးရရဲ့ ပေါင်းကူးသည် အင်တာနက် access ဖြစ်တယ်။ အင်တာနက် ရနေသရွေ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို စွမ်းစွမ်းတမံ ဆက်ပြီး သွားနေလို့ရတယ်။ ထို့အတူပဲ အင်တာနက်ရတယ်ဆိုရင် ပထမဆုံးအဆင့်အနေနဲ့ ဒီ မြေပြင်မှာ ရိုက်ထားတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို အင်တာနက်ရှိတယ်ဆိုရင် အဲဒီအင်တာနက်ကနေ တစ်ဆင့် ကျွန်တော်တို့က Cloud ပေါ်ကို တိုက်ရိုက်တင်လိုက်လို့ရတယ်။

ဒါဆိုရင် ခုနပြောတဲ့ Chain of custody လို့ခေါ်တဲ့ တရားရုံးကနေ ကြည့်ပြီးတဲ့အခါ သို့မဟုတ် IIMM လိုဟာမျိုးကနေ Footage တွေကို ပြန်ကြည့်တဲ့အခါမှာ ဒီဟာကတော့ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်သူက ဘယ်ပစ္စည်းနဲ့ ဘယ်လိုရိုက်ထားတယ်ဆိုတဲ့ အနောက်က Meta data လို့ ခေါ်တာပေါ့နော်။ မြန်မာလိုပြန်ရတာတော့ အရမ်းခက်တဲ့ စကားလုံးတွေ ဆိုတော့ အဲဒီ Meta data တွေ အကုန်လုံးက ပါသွားမယ် တစ်ခါတည်း။ အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့က ဒီ Video တွေကို Facebook ပေါ် တင်လိုက်မယ်ဆိုရင် Facebook အကုန်လုံးကို Delete လုပ်လိုက်မယ်။ ဒါတွေ အကုန်လုံးကို Data တွေရဲ့ အနောက်က အချက်အလက်တွေ အကုန်လုံးကို ဖြတ်ချလိုက်မယ်ဆိုရင် အဲဒီဟာတွေက စစ်ကောင်စီကို တရားစွဲဆိုတဲ့အချိန်မှာ ဒီဟာတွေ သုံးလို့မရတော့ဘူး။

ဒါကြောင့် နံပါတ် ၁ အချက် Human right Report တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တဲ့ကိစ္စတွေမှာ အရမ်းသုံးလို့ကောင်းတယ် နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်ကတော့ ခုန ကျွန်တော် သုံးနေတဲ့ Civilian protection သုံးလို့ရှိရင် မတော်မတရား ဗုံးကျဲနေတာတွေ၊ စစ်ကောင်စီကနေ စစ်ကြောင်းတွေ တက်လာပြီး အိမ်တွေကို မီးရှို့တာတွေ ဒါတွေကို ကျွန်တော်တို့က ကာကွယ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ လူထုကို ကာကွယ်ဖို့အတွက်ဆိုရင် တစ်ရွာနဲ့တစ်ရွာ တစ်မြို့နဲ့ တစ်မြို့ ဒီစစ်ကြောင်းကတော့ ဘယ်နေရာကို တက်လာပြီ လူအင်အားဘယ်လောက်ရှိတယ်ဆိုတဲ့ ဒီလိုမျိုး information တွေကို ဟိုဘက်ရွာကနေ ဒီဘက်ရွာ လှမ်းပြောပေးလို့ရမယ်။

ဒီဘက်ရွာကနေ နောက်တစ်ရွာကို လှမ်းပြောပေးလို့ရမယ်။ ဒီလိုမျိုး ပြောခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း ဒီ information ကို ယူပြီးတော့ ဘယ်နေရာမှာတော့ ဒီ စစ်ကောင်စီတွေ ရောက်နေပြီ၊ ဘယ်အင်အားစုကတော့ စစ်ကောင်စီကို ဒီလို အကြမ်းဖက်မှုတွေ အလုပ်အောင် တားဆီးလို့ရမယ်ဆိုတဲ့ သတင်းအချက်အလက်ကို အချိန်နဲ့တစ်ပြေးညီ ကျွန်တော်တို့က ဖြန့်ဝေလို့ရတယ်။ ကျွန်တော်တို့ တားဆီးလို့ရမယ်။ ထို့အတူပဲ လူထုကိုပဲ ခုနပြောသွားသလိုပဲ ဘေးကင်းရာကို ရွှေ့ထားလို့ရမယ်။ စာသင်ကျောင်းတွေဆိုလို့ရှိရင်လည်း ကလေးတွေကို ဘေးကင်းရာကို အချိန်မီရွှေ့ထားနိုင်မယ့် အနေအထားမျိုးတွေ ရှိတယ်။ ဒါ့အပြင် အခြားသော စစ်ဘက်ဆိုင်ရာ အကျိုးအမြတ်တွေလည်း အများကြီးရှိလာနိုင်တယ်ပေါ့ဗျာ။ ရှိကိုရှိမှာ။

ကျွန်တော်တို့က ဒီ ယူကရိန်းမှာပဲ ကြည့်လိုက်၊ Starlink ရတဲ့အတွက် ယူကရီန်းရဲ့ network တွေ ဘယ်လိုမျိုးကောင်းနေသလဲ၊ ယူကရိန်းဘယ်လိုမျိုး ထိုးစစ် ဆင်နေနိုင်သလဲ ဒီလိုမျိုးဟာတွေကို တွေ့ရမှာဖြစ်တယ်။ ထို့အတူပဲ ကမ္ဘာ့စစ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲ intelligent တွေ လုပ်သွားတာသည် ဒီလိုမျိုး ဆက်သွယ်ရေး Device တွေ၊ ဆက်သွယ်ရေးကွန်ရက်တွေ အားကောင်းလို့ရှိရင် အဲဒီ အားကောင်းတဲ့အဖွဲ့ကပဲ ပိုပြီးတော့ အသာစီးရတယ်ဆိုတာ တွေ့မြင်နိုင်တယ်။

ဒါကြောင့်မို့လို့ စစ်ကောင်စီက ဆက်သွယ်ရေးကို ဖြတ်တောက်ထားပြီးတော့ သူတို့ရဲ့ ကွန်ရက်ကို မသုံးသုံးအောင် အချို့နေရာတွေမှာ လုပ်ထားပြီးတော့ အဲဒီကနေ တစ်ဆင့် ထောက်လှမ်းရေး ပြန်လိုက်နေတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ကို surveillance လုပ်ထားတယ်၊ monitor လုပ်ထားတယ်။ အဲဒီနေရာမှာ လူအများစု သုံးနေတာတွေ့ရင် အဲဒီတာဝါကနေ တစ်ဆင့် ကျွန်တော်တို့ဆီကို လာပြီးတော့ ဒုက္ခပေးတာ ၊ ဗုံးကျဲတာ စစ်ကြောင်းထိုးတာတွေ လုပ်လာနိုင်တယ်။ အဲဒါမျိုးကို ကျွန်တာ်တို့ ကိုယ်ပိုင် Network ရှိပြီ ဆက်သွယ်ရေးရှိပြီဆိုရင် ကျွန်တော်တို့ရဲ့ လုံခြုံရေးက ပိုပြီးတော့ မြင့်တက်လာသလို ကျွန်တော်တို့ရဲ့ တော်လှန်ရေး အင်အားစုတွေက ပိုပြီးတော့ အားကောင်းလာပြီးတော့ စစ်ကောင်စီကို ကာကွယ်နိုင်မယ့် အနေအထားမှာ ပိုပြီးတော့ အားကောင်းလာမယ့် အနေအထားမှာရှိပါတယ်။

မေး။ ။ အဲဒါဆိုရင် ဝန်ကြီးတို့ လုပ်မယ့် ဆက်သွယ်ရေးကွန်ရက်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ တော်လှန်ရေး အင်အားစုတွေရော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုသတင်းစကားတွေ ထပ်ပြီးတော့ ပြောချင်တာမျိုး ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒါဆိုလို့ရှိရင် လူထုက ဒီလိုမျိုး သုံးစွဲခွင့်ရလာမယ်ဆိုလို့ရှိရင် နောက်ထပ်တစ်ချက်က ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးကို သုံးပြီ ဆိုလို့ရှိရင် အခု စစ်ကောင်စီရဲ့ ရရှိနေတဲ့ 2G တို့ 3G တို့ မြှားထားပြီးတော့ ပေးထားတဲ့ network တွေကို သုံးစရာမလိုတော့ဘူး။ ဒါဆိုရင် ပိုပြီး လုံခြုံလာတဲ့အပြင်ကို သူတို့ဆီကို ပိုက်ဆံ စီးဆင်းမှုမှာလည်း လျော့ကျသွားမယ်။ သူတို့ကို ပိုက်ဆံပေးပြီးတော့ သုံးနေရတယ်။

စစ်ကောင်စီရဲ့ Network ကို သုံးနေရတဲ့အတွက် သူတိုကို ကျွန်တော်တို့က ပေးနေရတယ်။ သူတို့အင်တာနက်ကို ဝယ်ပြီး သုံးနေရတယ်။ အဲဒီလို ဝယ်သုံးရတဲ့အခါမှာ ကျွန်တော်တို့ဆီကို income တွေ ရောက်လာနိုင်သလို သူတို့ဆီ ရောက်‌နေတဲ့ income တွေ လျော့သွားလိမ့်မယ်။ ဒါဆို ဘဏ္ဍာရေးဘက်က ကြည့်မယ်ဆိုလို့ရှိရင်လည်း စစ်ကောင်စီဘက်က ဘဏ္ဍာ‌ရေးလျော့ကျသွားနိုင်မယ့် အနေအထားမျိုးတွေ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့အတွက်လည်း ဘဏ္ဍာရေးကို ရရှိစေလိုသူတို့အတွက်လည်း ဘဏ္ဍာရေး လျော့ကျမှုဖြစ်သွားလို့ ဒါက ကျွန်တော်တို့အတွက် ပိုပြီးတော့ အကျိုးအမြတ်ရလာနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ထို့အတူပဲ လူထုကိုလည်း ကျွန်တော် သတိပေးချင်တာက စစ်ကောင်စီ ပေးထားတဲ့ network တွေကို မသုံးပါနဲ့ အင်မတန် အန္တရာယ်များတယ်။

ဘာလို့ဆိုတော့ သူတို့က monitoring လုပ်နေတယ်။ ဒီဟာကို တောက်လျှောက်စောင့်ကြည့်နေတယ်။ သူတို့အနေနဲ့ surveillance ဆိုတဲ့ system တွေ တပ်ထားတာရှိတယ်။ ဘယ်နေရာမှာ ဘယ်သူက ဘာသုံးနေတယ်ဆိုတာ သူတို့အနေနဲ့ အကုန်လုံးသိနိုင်တယ်။ ကျွန်တော်က ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့လူဆိုတော့ ကျွန်တော့်အနေနဲ့ ဒါတွေကို အသေးစိတ်ဖော်ထုတ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ လူထုကို အသိပေးချင်တယ်။ ဒါကြောင့်မိုလို့ Cyber security သင်တန်းတွေ ပေးနေတာ ရှိတယ်။

ထို့အတူပဲ သတင်းအချက်အလက်နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ လူထု ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ တော်လှန်ရေး အင်အားစုတွေကို citizen journalist ဆိုတဲ့ သင်တန်းတွေ ပေးနေတယ်။ သတင်းဘယ်လိုယူရလဲ၊ ဘယ်သူဆီက ယူရမလဲ၊ ဘယ်အချိန်မှာ ယူရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ယူရမလဲဆိုတဲ့ ကိစ္စတွေက အစ ၊ သတင်းယူနည်း သတင်းရေးနည်းက အစ ဒါတွေကို Training ပေးနေတာတွေ ရှိပါတယ်။

ဆက်သွယ်ရေးတွေ ပိုကောင်းလာတာနဲ့အမျှ လူထုအတွက် Service တွေ ပိုပြီးတော့ ကောင်းလာမယ်။ ကျန်းမာရေးကိစ္စတွေ၊ ပညာရေး ကိစ္စတွေ ခုနတုန်းကလို information ဖလှယ်တဲ့ ကိစ္စတွေ၊ နောက် ကျွန်တော်တို့ရဲ့ သတင်းတွေကို NUG ဘာလုပ်နေလဲ တော်လှန်ရး ဘယ်ရောက်နေလဲ ဆိုတဲ့ ကိစ္စတွေကအစ လူထုက ပိုမိုပြီးတော့ သိလာနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဒါကြောင့် တော်လှန်‌ရေး အရှိန်အဟုန်မြှင့်တဲ့အခါမှာ ဆက်သွယ်ရေးကဏ္ဍကတော့ နံပါတ် ၁ နေရာမှာ ရှိနေမယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေး။ ။ စစ်ကောင်စီဘက်က ဆက်သွယ်ရေးကွန်ရက်က ဝန်ကြီးလည်း သိတဲ့အတိုင်း ဖုန်းကတ်နဲ့သွားတာဆိုတော့ ဝန်ကြီးတို့ရဲ့ ဆက်သွယ်ရေးစနစ်ကို ပြည်သူတွေက သုံးစွဲတဲ့အခါမှာ ကိုယ့်မှာ ဖုန်းရှိရင် ရပြီဆိုတာမျိုး ပြောတယ်ဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှိဦးမလား ရှိတယ်ဆိုရင် ပြည်သူတွေ သိအောင် ရှင်းပြပေးပါဦးရှင်။

ဖြေ။ ။ ကျွန်တော်တို့ plan ထဲမှာတော့ ကျွန်တော်တို့ ကိုယ်ပိုင် ဆင်းကတ်တွေ သုံးနိုင်ဖို့လည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲကတော့ ဘတ်ဂျက်အခက်အခဲပေါ့။ ဘတ်ဂျက်က အဓိကအားဖြင့် မျှဝေ သုံးစွဲနေရတယ်။ ကာကွယ်ရေးအသုံးစရိတ်က ပိုပြီးတော့ မြှင့်တင်ထားတယ်။ စစ်ကောင်စီကို အထူးသဖြင့် ကာကွယ်ရေးဘက်ကနေပြီးတော့ pressure ပေးနေစဉ်မှာ ကာကွယ်ရေးကို အဓိက သုံးနေတဲ့အတွက် ဒီဘက်မှာ သုံးစွဲနိုင်မှုမှာ နည်းနည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘတ်ဂျက်ကို ရအောင် ရေရှည်ရပ်တည်နိုင်ဖို့အတွက်လည်း အဆင်ပြေအောင် လက်ရှိရှိနေတဲ့ network တွေအပေါ်မှာ ချဲ့ထွင်ပြီးတော့ ဘယ်လိုသွားမလဲဆိုတာ ကိုက်ညီအောင် ကျွန်တာ်တို့ အဲဒီ plan ကိုလည်း ထပ်ပြီးတော့ ရေးစွဲတာရှိတယ်။

လူထုရဲ့ investment ကို ယူပြီးတော့ လူထုကို ပြန်ပြီးတော့ Service ပေးတဲ့ ကိစ္စတွေ လုပ်မယ်။ ဒါဆိုလို့ရှိရင် လူထုက ပေးလာတဲ့ ငွေနဲ့ တစ်ခါပြန်ပြီးတော့ လည်ပတ်သွားနိုင်အောင်ပေါ့။ ဒါမှလည်း ကျွန်တော်တို့က ရေရှည် ရပ်တည်လို့ရမယ်။ နို့မို့ဆို အလှူငွေနဲ့ အလှူငွေနဲ့ ရေရှည်ရပ်တည်ရတာ ကျွန်တော်တို့အတွက် ခက်လိမ့်မယ်။ ကျွန်တော်တို့ ဒီဆက်သွယ်‌ရေး ကွန်ရက်ကို မပြတ်သွားအောင် လူထုဆီက ယူပြီးတော့ လူထုကို ပြန်ပြီးတော့ ပေးတယ်။ ဒီဟာကို ပြန်ပြီးတော့ circulate လုပ်သွားနိုင်တဲ့ သဘောမျိုးပေါ့။

Business သဘောဆန်ဆန်သွားလိုက်ရင် ပိုပြီးတော့ အဆင်ပြေမလားဆိုပြီးတော့ plan ချနေတာမျိုး ရှိပါတယ်။ ဒါပေမဲ့ အကျပ်အတည်းကာလမှာ ဒီ bill ကို အများကြီး သွားယူပြီးတော့ လူထုကို ပေးတဲ့ Service မျိုးလည်း မဖြစ်အောင် လူထုအတွက် အနည်းဆုံးပေးနိုင်တဲ့ amount နဲ့ ကျွန်တော်တို့က အလုပ်လုပ်နိုင်အောင်လည်း ကြိုးစားနေတာ ရှိပါတယ်။

မေး။ ။ ဝန်ကြီးတို့ဆီမှာက နွေဦးဘဏ်လိုမျိုး ဘဏ်ရှိလာပြီ။ ဒီလိုမျိုး စနစ်တွေလည်း ရှိလာပြီဆို‌တော့ Business အနေနဲ့သွားမယ်ဆိုရင် ပူးပေါင်းချိတ်ဆက်ပြီး ဆက်သွယ်ရေးစနစ်က်ို သွားမှာလားရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ နွေဦးဘဏ်ရဲ့ လည်ပတ်မှုမှာ ကျွန်တော်တို့ ရဲ့ ဆက်သွယ်ရေးစနစ်မှာ ဘေလ်ဆောင်တဲ့ စနစ်တွေက ဒီဟာနဲ့ သွားပြီးချိတ်ဆက်ဖို့လည်း ဝန်ကြီးဌာန ၂ ခုက အလုပ်လုပ်မှာ ဖြစ်ပါတယ်။

မေး။ ။ တော်တော်လေးကောင်းတဲ့ စီမံကိန်းကို ဝန်ကြီးတို့ ဝန်ကြီးဌာနလုပ်နေတာ တွေ့တော့ တော်တော်လေး ဝမ်းသာပါတယ်။ ဒီ ဆက်သွယ်ရေး စနစ်ကြီး လည်ပတ်သွားတဲ့အခါမှာဆိုလို့ရှိရင် ခုန ဝန်ကြီး ပြောသလို စကစ ဘက်ကနေ လာပြီးတော့ ဟိုဟာဖြစ်ဖို့လိုအပ်တယ်ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတို့ဘက်မှာရော အစီအမံကောင်းတွေ လုပ်ထားတာမျိုးရော ရှိလားမသိဘူး။

ဖြေ။ ။ ခုန ကျွန်တော် ပြောတဲ့အထဲမှာ ပါပြီးသွားပါပြီ။ ဒါကိုတော့ ဘယ်လို စီမံထားပါတယ်ပြောလိုက်လို့ရှိရင် ရန်သူ ဘက်က သိသွားမယ်ဆိုတော့ ဒါကိုတော့ ကျွန်တောတို့ မပြောလိုဘူး ။ ကျွန်တော်တို့ စီမံထားတာရှိပါတယ်။ အခုလည်းပဲ လက်ရှိလည်း ဒီလိုပဲ စီမံထားပြီးတော့ ဒီလိုပဲ လည်ပတ်နေတဲ့အတွက်ကြောင့် အခုဆိုရင် အင်တာနက်ရနေတာ ၁ နှစ်ကျော်ပါပြီ။

မေး။ ။ ကျွန်မတို့ ဆက်သွယ်ရေး စနစ်တွေ ကောင်းလာပြီ။ တော်လှန်ရေးကို ပိုအရှိန်အဟုန်နဲ့ သွားနေပြီဆိုတော့ ဒါဟာ အောင်ပွဲကို ရဖို့ နီးကပ်လာပြီလို့ ပြောလို့ရလား။

ဖြေ။ ။ ကျွန်တော် ခုနပြောသွားတဲ့ civilian protection တွေရမယ်ဆိုရင်တော့ လူထုအတွက် အန္တရာယ်ပိုပြီးတော့ ကင်းလာတဲ့ အနေအထားမျိုး၊ တော်လှန်ရေး အင်အားစုတွေက ပိုပြီးတော့ လှုပ်ရှားလာနိုင်မယ့် အနေအထားမျိုး၊ နောက်တစ်ခါ Chain of command လို့ခေါ်နေတဲ့ ကာကွယ်ရေးဘက်ကနေ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီးတော့ ဆက်သွယ်လာနိုင်မယ့် အနေအထားမျိုး ဘက်ပေါင်းစုံကနေ အဆင်ပြေသွားနိုင်မယ့် နည်းလမ်းမျိုး ကျွန်တော် မြင်တယ်။

ထို့အတူပဲ ကျွန်တော်တို့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုမှာ ပိုပြီးတော့ အားကောင်းလာမယ်။ ထို့အတူပဲ တရားရုံးတို့ ၊ ရဲတို့ ဒီလိုမျိုး ကိစ္စတွေမှာလည်း ပိုပြီးတော့ အကောင်အထည်ပေါ်လာမယ့် ကိစ္စတွေ ၊ ထိုအတူပဲ banking ကိစ္စတွေဟာလည်း အင်တာနက်ပေါ်မှာအခြေခံတဲ့အတွက် Banking system လည်ပတ်လာနိုင်မယ်။ ငွေကြေးစီးဆင်းမှုပိုပြီးတော့ အားကောင်းလာမယ်။ ဘက်ပေါင်းစုံကနေ ပိုပြီးတော့ အားကောင်းလာမယ်ဆိုတော့ အောင်မြင်မှုတော့ ပိုပြီးတော့ နီးလာမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article