မိုးကုတ်မြို့အနီးတွင် တိုက်ပွဲ ၂ နေရာ ဖြစ်ပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ ယခုညအချိန်အထိ လေကြောင်းမှ တစ်ဆင့် ဗုံးကျဲနေဆဲ
ရန်ကုန်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးတွင် တအာင်းတပ်မတော် – TNLA နှင့် အကြမ်း ဖက် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လည် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် အကြမ်း ဖက် စစ်ကောင်စီတပ် တပ်မ ၄၄ ၊ ခမရ – ၁၀၂ ၊ ခမရ ၁၀၄၊ လပခ/ ခလရ – ၁၄၈ တို့သည် ကုန်းစံရွာမှ တအာင်းတပ်မတော် TNLA ရှိရာသို့ စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသဖြင့် ကုန်းစံအနီးတွင် နှစ်ဖက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီခန့်တွင် တအာင်းတပ်မတော် – TNLA မှ အကြမ်းဖက် စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အထက် ညောင်ကုန်းရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီ ၏ တပ်မ ၄၄ ခမရ – ၁၀၂၊ ခမရ – ၁၀၄၊ လပခ/ခလရ – ၁၄၈ တို့နှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာ ကုန်းစံကျေးရွာအနီးသို့ ယနေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် တစ်စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တအာင်းတပ်မတော် – TNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲများ ပြင်းထန် နေပြီး ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)အထိ တိုက်ပွဲစုစုပေါင်း အကြိမ် ၄၀ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် စက်တင်ဘာလ ၁၅ ရက်နေ့ ယနေ့ ည ၉ နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာအနီးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။
“အခု ကျပ်ပြင်မှာလေယာဉ်နဲ့ဗုံး လာကျဲနေတယ်။ အခုချိန်ထိချနေသေးတယ်။ ဒီည ဘယ်အိမ်မှမီးမဖွင့်ရဲဘူး။ အရမ်းကြမ်းတယ်။ ကျပ်ပြင်ဆိုတာ မိုးကုတ်မြို့ နဲ့နီးတယ်ဗျ။ မိုးကုတ်က အရှေ့ပိုင်း ကျပ်ပြင်ဆိုတာ နောက်ပိုင်း” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်တစ်စင်း ညအချိန် ပျံသန်း နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
