33 C
Yangon

မြန်မာနိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပံ့ပိုးကူညီမှုဖြင့် MTI Energy ကို အရပ်ဘက်အဖွဲ့အစည်းများ OECD တိုင်ကြားရေးဌာနများတွင် တိုင်ကြား

Must read

မြန်မာနိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပံ့ပိုးကူညီမှုဖြင့် MTI Energy ကို အရပ်ဘက်အဖွဲ့အစည်းများ OECD တိုင်ကြားရေးဌာနများတွင် တိုင်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရတနာ သဘာဝဓတ်ငွေ့လုပ်ကွက်က အမေရိကန်ရေနံ ကုမ္ပဏီကြီး Chevron ရဲ့ အစုရှယ်ရာတွေကို ဝယ်ယူခဲ့တဲ့ ကနေဒါ ရေနံကုမ္ပဏီ MTI Energy ကို OECD လမ်းညွှန်ချက်တွေကို ချိုးဖောက်လို့ဆိုပြီး အရပ်ဘက် အဖွဲ့အစည်းတွေက OECD တိုင်ကြားရေး ဌာနများထံ တိုင်ကြားစာ ပေးပို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron ထံမှ ရှယ်ယာများ ဝယ်ယူအပြီး ရတနာ သဘာဝဓတ်ငွေ့စီမံကိန်းမှာ လုပ်ငန်းများ စတင်နိုင်ဖို့အတွက် MTI Energy ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓတ်ငွေ့လုပ်ငန်း (MOGE) မှတဆင့် အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်နေတာကြောင့် မြန်မာအရပ်ဘက် အဖွဲ့အစည်းတစ်ခုနဲ့ EarthRights International အဖွဲ့တို့က ကနေဒါနိုင်ငံနဲ့ ယူကေနိုင်ငံတွေမှာ ရှိတဲ့ OECD ရဲ့ နိုင်ငံအဆင့် ဆက်သွယ်တိုင်ကြားရေး ဌာနတွေဖြစ်တဲ့ National Contact Point (NCPs) တွေထံကို ကန့်ကွက်စာ ပေးပို့ထားတယ် လို့ ယမန်နေ့က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အဆိုပါ သတင်းထုတ်ပြန်ချက်ထဲမှာ MTI Energy ဟာ OECD က ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်ပြီး အကျင့်ပျက်ခြစားမှုနဲ့ မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီပံ့ပိုးနေတာတွေမှာ ပါဝင်ပတ်သက်နေလို့ ဖော်ပြပါရှိတာပါ။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တာဝန်ယူ တာဝန်ခံမှု ရှိစေဖို့ ဖွဲ့စည်းထားတဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အခြေစိုက် OECD အဖွဲ့မှာ အဖွဲ့ဝင် ၃၈ နိုင်ငံ ပါဝင်ပြီး၊ OECD လမ်းညွှန်ချက်တွေဟာ တကမ္ဘာလုံးရှိ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု ကော်ပိုးရေးရှင်းများအ‌နေနဲ့ ၄င်းတိုရဲ့ လူ့အခွင့်အရေး၊ အဂတိတိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အလေ့အထတွေကို မှန်ကန်ထိရောက် စေဖို့အတွက် အသုံးပြုနေတဲ့ နိုင်ငံတကာ ထိပ်တန်းစံနှုန်းတွေပဲ ဖြစ်ပါတယ်။

စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ MTI energy ဟာ သူ့ရဲ့ နိုင်ငံရပ်ခြား လုပ်ငန်းခွဲတစ်ခုကနေ မြန်မာနိုင်ငံ ရတနာ ဓာတ်ငွေ့ စီမံကိန်းက အမေရိကန် ရေနံကုမ္ပဏီ Chevron ရဲ့ ရှယ်ယာတွေကို ယခုနှစ်ဆန်းပိုင်းမှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ရတနာစီမံကိန်းက မြန်မာနိုင်ငံမှာ အကြီးဆုံးသဘာဝ ဓာတ်ငွေ့စီမံကိန်း တစ်ခုဖြစ်ပြီး၊ တရားမဝင် စစ်အုပ်စု အတွက် နိုင်ငံခြား၀င်ငွေ အများဆုံးရရှိစေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့က ရရှိတဲ့ငွေတွေဟာ စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အတွက် ငွေကြေးထောက်ပံ့နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တစိုက်မတ်မတ် ဝေဖန်နေကြတာပါ။

ရတနာစီမံကိန်းမှာ အရင်တုန်းက နံမည်ကြီး အမေရိကန်စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ TotalEnergies က အော်ပရေတာအဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှာတော့ TotalEnergies က စီမံကိန်းကနေ နှုတ်ထွက်သွားပါတယ်။

အဲ့ဒီလို နှုတ်ထွက်သွားတဲ့အတွက်ကြောင့် Chevron ကုမ္ပဏီဟာ ရတနာသဘာဝဓတ်ငွေ့ လုပ်ကွက်မှာ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းအထိ တိုးမြင့်ပိုင်ဆိုင်လာပြီး၊ စီမံကိန်းရဲ့ အများဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့တာပါ။

ရတနာ သဘာဝဓတ်ငွေ့ စီမံကိန်းမှာ ပါဝင်တဲ့ အခြားကုမ္ပဏီတွေကတော့ လက်ရှိအော်ပရေတာအဖြစ် လုပ်ဆောင်တဲ့ PTTEP ကုမ္ပဏီနဲ့ စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ ဖြစ်ပါတယ်။

MTI Energy ဟာ Chevron ရဲ့ ရတနာ လုပ်ကွက်က ရှယ်ယာအကုန်ကို ဝယ်ယူလိုက်တာကြောင့် ၎င်းတို့အနေနဲ့ စစ်အုပ်စုရဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်နေတဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ကြံရာပါအဖြစ် တာဝန်ရှိလာမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

OECD လမ်းညွှန်ချက်များအရ ပိုင်ဆိုင်မှုပစ္စည်းများ စီမံခန့်ခွဲသူဟာ အလွဲသုံးစားမှုတွေမှာ ဆက်နွယ်တယ်လို့ ယူဆမှာ မဟုတ်ဘဲ၊ အဲဒီအလွဲသုံးစားတွေအတွက် ပါဝင်ကူညီ ထောက်ပံ့ခဲ့တယ်လို့ ယူဆမှာ ဖြစ်ပြီး၊ OECD ရဲ့ မကျေနပ်ချက် တိုင်ကြားရေးယန္တရားအရ ထိုအလွဲသုံစားမှု အကျိုးဆက် တရားဝင် တိုင်တန်းချက်အတွက် တရားရင်ဆိုင်မှုများနဲ့ ကြုံတွေ့ရနိုင်တယ်လည်း ၄င်းတို့က ဆိုတာပါ။

MTI Energy ဟာ Chevron ရဲ့ ရှယ်ယာတွေကို ဘာမြူဒါမှာ ရှိတဲ့ သူ့ရဲ့ လုပ်ငန်းခွဲ Et Martem Holdings ကတစ်ဆင့် ဝယ်ယူတာ ဖြစ်ပါတယ်။ ဘာမြူဒါဆိုတာက နိုင်ငံခြားကုမ္ပဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေ ရရှိတဲ့နေရာ တနည်း အခွန်ရှောင်လို့ ရနေတဲ့ နေရာဖြစ်ပြီး၊ ဒီလိုကိစ္စတွေအတွက် လျှို့ဝှက်တဲ့ စီရင်ပိုင်ခွင့်နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။

ဘာမြူဒါ ဟာ ယူကေနိုင်ငံရဲ့ ပြည်ပပိုင်နက် နယ်မြေ တစ်ခုဖြစ်တဲ့အတွက် ဘာမြူဒါအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ယူကေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ရမယ့် တာဝန်ရှိတယ် လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမည်ရင်းမဖော်လိုတဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ John Doe က MTI Energy ဟာ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုကြောင့် ထိခိုက်ခံစားရမယ့် ဒေသခံပြည်သူတွေ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလည်း ရှိမကြောင်း ပြောပါတယ်။

“စစ်ကောင်စီဟာ ကျွန်တော်တို့ရဲ့ အစိုးရ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ဟာ ရပ်ရွာလူထုကို ဗုံးကြဲဖို့အတွက် သဘာဝဓတ်ငွေ့ ရောင်းရငွေတွေကို အသုံးပြုနေတာပါ” လို့လည်း အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

MTI Energy အနေနဲ့ မြန်မာပြည်က သဘာဝဓတ်ငွေ့စီမံကိန်းမှာ အကျိုးအမြတ်တွေ ရရှိဖို့အတွက် စစ်ကောင်စီကို တရားဝင် အစိုးရသဖွယ် သဘောထားကာ အသိအမှတ်ပြု ဆက်ဆံနေတယ်လို့လည်း EarthRights ရဲ့ မဟာဗျူဟာ နဲ့ စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ Keith Slack က ဆိုပါတယ်။

MTI Energy အနေနဲ့ OECD ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားသလို၊ ထိုသို့မဆောင်ရွက်ပါက မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကူညီထောက်ပံ့ရာ ရောက်လိမ့်မယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ MTI Energy ကို သတိပေးထားပါတယ်။

ကန့်ကွက်တိုင်ကြားလွှာထဲမှာ နိုင်ငံစုံလုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေး တာဝန်ရှိမှု အပါအဝင် စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ဝတ္တရားတွေကို နိုင်ငံစုံလုပ်ငန်းတွေအတွက် OECD လမ်းညွှန်ချက်တွေမှာ ရှင်းလင်းစွာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

OECD ၏ နိုင်ငံတကာကုမ္ပဏီများဆိုင်ရာ လမ်းညွှန်ချက်နှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့်လူ့အခွင့်အရေး ဆိုင်ရာ အခြေခံစည်းမျဥ်းစည်းကမ်း နှစ်ခုလုံးတွင် ဘဏ်လုပ်ငန်းအပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများတွင် လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်ဖောက်ဖျက်မှုများ မဖြစ်ပွားစေရန် သို့မဟုတ် လျှော့ချနိုင်ရန်အတွက် ၎င်းတို့၏ဩဇာ၊ အင်အားကို အသုံးပြုလုပ်ဆောင်ရန် တာဝန်ရှိကြောင်း ရှင်းလင်းစွာပြဌါန်းထားပြီးဖြစ်ပါသည်။ အရေးယူလုပ်ဆောင်ရန်ပျက်ကွက်သော ကုမ္ပဏီများထံတွင် ပြုလုပ်ထားသော ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုတ်သိမ်းရန်အတွက်လည်း ရင်နှီးမြှုပ်နှံ သူများထံမှ ယုံကြည်မျှော်လင့်ထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article