24.9 C
Yangon

သေနတ်နဲ့ချိန်ပြီး ဘီယာရောင်းခိုင်းနေတဲ့ ဒေါ်စိန်အေး ကျောင်းထွက် ဗိုလ်ချုပ်ကြီးများ

Must read

သေနတ်နဲ့ချိန်ပြီး ဘီယာရောင်းခိုင်းနေတဲ့ ဒေါ်စိန်အေး ကျောင်းထွက် ဗိုလ်ချုပ်ကြီးများ

By လမ်းသစ်

အရင်က ဘီယာဆိုင်တွေမှာ ကောင်မလေးတွေ စကတ်အတိုလေးတွေ လှတပတ ဝတ်ပြီး ဘီယာ ပရိုမိုးရှင်း ဆင်းကြတာ မြင်ဖူးကြမှာပါ။ အခုတော့ ခေတ်ဆိုး စနစ်ဆိုး စစ်မျိုးတွေ လက်အောက်မှာ ပရိုမိုးရှင်းပုံစံတွေလည်း ပြောင်းလာပါပြီ။ သေနတ်ကြီးတွေ တကားကားနဲ့ ဘီယာလိုက်ရောင်းနေတာ ပြည်သူတွေ အားလုံးလည်း သိကြမှာပါ။

စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေကို ဆိုင်တွေမှာ မဖြစ်မနေ ရောင်းဖို့ လိုက်ပြီး ဖိအားပေးနေကြပါတယ်။ ဈေးကွက်ထဲ ကာလရှည်ကြာ စိုးမိုးထားနိုင်ခဲ့တဲ့ မြန်မာဘီယာဟာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ရွံရှာမုန်းတီးစိတ်နဲ့အတူ ရောင်းအားတွေ ထိုးကျသွားတာကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်နေကြတာပါ။

တစ်ကျော့ပြန် စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူတွေက စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။ အဲ့ဒီကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Adman Gold ဘီယာတွေ တင်လာတဲ့ ကားတွေကို ဖမ်းဆီးပြီး ဘီယာတွေကို ဖျက်ဆီးပစ်တာတွေ လုပ်ခဲ့ပါတယ်။

တော်လှန်ရေး ပြောက်ကျားအဖွဲ့တွေကလည်း မြန်မာဘီယာရောင်းချတဲ့ ဆိုင်တွေနဲ့ ဂိုဒေါင်တွေကို တိုက်ခိုက်ခဲ့ပြီး အဲ့လို စစ်တပ်ထုတ်ကုန် ရောင်းချတဲ့ဆိုင်တွေမှာ မထိုင်ကြဖို့ ပြည်သူကို သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။

အာဏာသိမ်းမှု စတင်တဲ့ ၂ဝ၂၁ ခုနှစ်မှာပဲ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲရေး၊ မရောင်းရေး၊ မဝယ်ရေး လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း ပိုအားကောင်းလာပါတယ်။

မြန်မာဘီယာရဲ့ ပံ့ပိုးမှုပါတဲ့ ဖျော်ဖြေပွဲမျိုးတွေအထိပါ ဆန့်ကျင်ကြဖို့ တွန်းအားပေးလာကြပါတယ်။ မြေပြင်အခြေအနေအရ တော်လှန်ရေး အင်အားစုတွေဘက်က စစ်ရေးအသာစီး စတင်ရရှိလာတဲ့အခြေအနေမှာ ဘဏ္ဍာရေးစစ်မျက်နှာကိုလည်း အနိုင်တိုက်နိုင်ဖို့ ပိုအရေးကြီးပါတယ်။

စစ်တပ်ရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်နိုင်မှ တိုက်ပွဲမှာ ရန်သူဟာ ပိုပြီး အားနည်းလာမှာ ဖြစ်ပါတယ်။ စစ်တပ်ထုတ်ကုန် ရောင်းချလို့ရတဲ့ ငွေတွေဟာ ပြည်သူတွေကို သတ်ဖို့ ကျည်ဆန်တွေ၊ ခဲယမ်းတွေ ဖြစ်လာတာ မဟုတ်လား။

ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ ဘဏ္ဍာရေးထောက်တိုင်မှန်သမျှကို ဖြိုလှဲပစ်ရပါမယ်။ နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးနေသလို နိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့လည်း စစ်တပ်ထုတ်ကုန်တွေနဲ့ ကင်းကင်းနေတာဟာ တော်လှန်ရေးမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်အသုံးစရိတ်ရနေတဲ့ စစ်တပ်ထုတ်ကုန် ၈မျိုးကို တင်းတင်းကြပ်ကြပ် သပိတ်မှောက်ကြဖို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

ဒီ စစ်တပ်ထုတ်ကုန် ၈မျိုးကတော့

၁။ မြန်မာဘီယာ

၂။ Andaman Gold ဘီယာ၊ အရက်၊ အချိုရည်

၃။ Dagon ဘီယာ၊ အရက်၊ အချိုရည်

၄။ Mandalay ဘီယာ၊ ရမ်

၅။ Black Shield Stout

၆။ Army Rum

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက်

အထက်ဖော်ပြပါ စစ်တပ်ထုတ်ကုန်တွေရဲ့ ရောင်းအား ၇ဝ ရာခိုင်နှုန်းအထိ ထိုးကျသွားဖို့ ရည်ရွယ်ခဲ့ကြတာပါ။

တကယ်လည်း လက်ရှိအချိန်မှာ ရောင်းအား ၇ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေပြီး ဝယ်သူမရှိ၊ ရောင်းသူမရှိ၊ သောက်သုံးသူ မရှိသလောက် ဖြစ်နေတယ်လို့ ပြည်ထဲရေး ဖရဲသီးတစ်လုံးက ပြောထားတာ တွေ့ရပါတယ်။

အခြေအနေမဟန်တော့တဲ့ အာဏာရှင်တွေဟာ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေကို အတင်းအဓမ္မ ဆိုင်တွေမှာ လိုက်တင်ပါတော့တယ်။ မြန်မာဘီယာ မရောင်းတဲ့ ဘီယာဆိုင်တွေကို အနည်းဆုံး ၁ဝ သိန်းနီးပါး ဒဏ်ငွေဆောင်ခိုင်းခဲ့ပါတယ်။

ဒီသပိတ်ဟာ စစ်ခေါင်းဆောင်တွေကို အကြီးအကျယ် ဒုက္ခရောက်စေတယ် ဆိုတာ အထင်အရှား မြင်တွေ့လာရပါတယ်။ အခုဆိုရင် မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်တွေကို ပြန်လည်ရောင်းချနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင်နေပါတယ်။

စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ပေါ် ပြန်ရောက်ရေးအတွက် စူပါမားကတ်တွေ၊ စတိုးဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေကို စစ်ဆေးပြီး လိုင်စင် ရုတ်သိမ်းမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေကြပါတယ်။ တချို့ဆိုင်တွေဆိုရင် မြန်မာဘီယာကို ဟန်ပြသဘောမျိုး ဆိုင်မှာ တင်ထားပေမယ့် မဝယ်ကြဖို့ တိုက်တွန်းစကား ဆိုကြပါတယ်။

မြန်မာဘီယာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ယမကာလုလင် ပြည်သူတချို့တောင် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဆက်နွယ်လာတဲ့အခါ မဝယ်ဘူးဆို မဝယ်ဘူး၊ မသောက်ဘူးဆို မသောက်ဘူးပဲ စိတ်ပြတ်သားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာ တရုတ်တန်း ၁၉ လမ်းထဲကို စစ်တပ်နဲ့ စည်ပင်တို့ ဝင်လာပြီး ဘီယာဆိုင်တွေကို သူတို့ရဲ့ ထုတ်ကုန်တွေရောင်းဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး အောင်မြင်နေပြီ၊ နွေဦးတော်လှန်ရေး အတော်လေး ခရီးပေါက်နေပြီဆိုတာ အထင်အရှားပါပဲ။

ဒေါ်စိန်အေး (DSA) သားသမီးတွေရဲ့ စီးပွားရေးဗျူဟာတွေနဲ့ မားကတ်တင်း ဆင်းနည်းအသစ်တွေကတော့ သြချလောက်ပါပေတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ တိုက်ရိုက်အမိန့်နဲ့ သေနတ်နဲ့ချိန် ဘီယာရောင်းတယ်ဆိုတာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ ရှားပါးဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်လောက်ပါပေတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article