30 C
Yangon

ဦးကျော်မိုးထွန်း သို့မဟုတ် မြန်မာပြည်သူများ၏ တစ်ဦးတည်းသော UN သံအမတ်

Must read

ဦးကျော်မိုးထွန်း သို့မဟုတ် မြန်မာပြည်သူများ၏ တစ်ဦးတည်းသော UN သံအမတ်

By လမ်းသစ်

ဒီရက်ပိုင်း “Our Ambassador, Our Voice” ဆိုတဲ့ မြန်မာပြည်သူတွေရဲ့ တခဲနက် ကြွေးကြော်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးအတွက် တောင်းဆိုနေကြတာပါ။

မြန်မာလူထုဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ အသက်အန္တရာယ်တွေကြားက အခုလို ကြွေးကြော်သံကို သံပြိုင်ဟစ်ကြွေးနေကြပါတယ်။

ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ၊ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကမ္ဘာကြီး ကြားအောင် ပြောပြချင်နေလို့ပါပဲ။ ဒီလိုသတင်းစကားတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက သယ်ဆောင်ပေးနိုင်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်ထားကြပါတယ်။

ကုလသမဂ္ဂရဲ့ သဘောသဘာဝအရ အထွေထွေညီလာခံတွေ နှစ်စဉ်ပြောင်းသွားတိုင်း အဖွဲ့ဝင် ၁၉၃ နိုင်ငံဟာ သူတို့ရဲ့ ကိုယ်စားပြု လူစာရင်းကို ပြန်တင်ရတာ ဖြစ်ပါတယ်။ ဒီလိုအကြံပြု လျှောက်လွှာတွေကို ကုလအထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ UNGA Credentials Committee ကနေ ပြန်လည်ဆန်းစစ်ပေးတာပါ။

အဲ့ဒီကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါပြီး အထွေထွေညီလာခံရဲ့ သဘာပတိက အကြံပြု ဆုံးဖြတ်လေ့ရှိပြီး တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကတော့ အမြဲလိုလို ပါတတ်တဲ့ အစဉ်အလာရှိပါတယ်။ ကျန်နိုင်ငံတွေကိုတော့ ဆက်ဆံရေး ကောင်းမွန်ပြီး ဘက်မလိုက်ဘဲ မျှမျှတတ ဆုံးဖြတ်တတ်တဲ့ နိုင်ငံမျိုးကို ရွေးချယ်လေ့ရှိပါတယ်။

ကော်မတီထဲမှာ ဘယ်နိုင်ငံတွေပါလဲဆိုတာ ကြိုတင်ပြီး အသိမခံဘဲ လျှို့ဝှက်ထားတတ်ပါတယ်။ အရည်အချင်းစစ် ကော်မတီကနေ ဘယ်သူတွေကို လက်ခံတယ်၊ ငြင်းပယ်တယ်ဆိုတဲ့ အကြံပြုချက်တွေ ထွက်လာရင် များသောအားဖြင့် အထွေထွေညီလာခံက တခဲနက် အတည်ပြုကြပေမယ့် တစ်နိုင်ငံက သဘောမတူတဲ့ အခြေအနေဖြစ်လာရင်တောင် မဲခွဲဆုံးဖြတ်ပေးဖို့ အဲ့ဒီနိုင်ငံက တောင်းဆိုနိုင်ပါတယ်။

ဒီနေရာမှာ မြန်မာဟာ တခြားနိုင်ငံတွေနဲ့ မတူညီဘဲ ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေ ရှိနေတာပါ။ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း မြန်မာကိုယ်စားပြုဆိုပြီး သူတို့ရဲ့ လက်ပါးစေ သံအမတ်တစ်ယောက် စေလွှတ်လေ့ရှိတာကြောင့် အခု ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ကုလအရည်အချင်းစစ် ကော်မတီဟာ နိုင်ငံကိုယ်စားပြုနေရာတွေအတွက် အာဏာသိမ်းခံ မြန်မာနဲ့ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ကိုယ်စားပြုသူတွေကို ၂ဝ၂၁ ကတည်းက မရွေးချယ်ဘဲ ရွှေ့ဆိုင်းထားခဲ့တာပါ။

ဦးကျော်မိုးထွန်းက အာဏာသိမ်းဖြစ်စဉ် မတိုင်ခင်ကတည်းက ခန့်အပ်ခံထားရတာကြောင့် အရည်အချင်းစစ် ကော်မတီကနေ ဆုံးဖြတ်ချက် မချခင်အထိ ကုလသမဂ္ဂ မြန်မာကိုယ်စားပြုနေရာမှာ ဆက်လက် တက်ရောက်ခွင့်ရနေခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ ၂ဝ၂ဝ ခုနှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းဖြစ်စဉ်အပြီး မြန်မာသံအမတ်ကြီး ကမ္ဘာ့မျက်နှာစာမှာ ဘယ်ဘက်က ရပ်တည်မလဲလို့ ပြည်သူတွေ ရင်တထိတ်ထိတ် စောင့်ကြည့်မျှော်လင့်နေချိန်မှာပဲ ရဲရဲဝံ့ဝံ့ လက် ၃ ချောင်းထောင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပြခဲ့တာပါ။

အာဏာသိမ်း စစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ ဦးကျော်မိုးထွန်းကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ပြီး သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ သံအမတ်သစ်ကို စေလွှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂက စစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ် မပြုသလို စစ်ကောင်စီက အသစ်စေလွှတ်ဖို့ တင်သွင်းသူကိုလည်း ပယ်ချခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ၂ နှစ်ဆက်တိုက် ဆက်လက်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ ဒီလို ပြတ်သားတဲ့ ရပ်တည်ချက်ရဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။

မဲစာရင်းလိမ်တယ်ဆိုပြီး အာဏာသိမ်းတဲ့ စစ်တပ်ရဲ့ မဟုတ်မမှန်တဲ့ လုပ်ရပ်နဲ့အတူ သူလှမ်းမြင်လိုက်ရတဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒတွေဟာ သူ့ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ရဲ့ ယုတ်မာမှုတွေ၊ မြန်မာပြည်သူတွေရဲ့ အော်ညည်းသံတွေကို တင်ပြပေးလေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဖို့အထိ ကြိုးစားတဲ့ ဖြစ်စဉ်တွေကိုပါ ကြုံခဲ့ရဖူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်မိုးထွန်းကို အာဏာသိမ်းစစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့အပြင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက လိုက်နာရေး စတဲ့ အချက်တွေပါဝင်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ထွက်ပေါ်လာခဲ့တာဟာ သူ့ရဲ့ ထူးခြားတဲ့ ကြိုးပမ်းအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာ မြန်မာပြည်သူတွေ လိုချင်တဲ့အချက်တွေ အနည်းငယ်သာပါသလို စစ်ကောင်စီက မလိုက်နာရင် အရေးယူမယ့် အစီအစဉ်မျိုးတွေ မပါရှိတာကိုတော့ ဦးကျော်မိုးထွန်းက သိပ်ပြီးအားမရပါဘူး။ ဒါကြောင့်လည်း စစ်ကောင်စီကို ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုနေခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်ကို မလိုက်နာသလို ကုလဆုံးဖြတ်ချက် ထွက်ပေါ်ပြီး နောက်ပိုင်းမှာလည်း ပြည်သူကို ဖမ်းဆီးသတ်ဖြတ်မှု ကိန်းဂဏန်းတွေ ပိုပိုတိုးလာပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ နောက်ပိုင်း ၉ လနီးပါးအတွင်း အာဏာသိမ်းစစ်ကောင်စီက လူ ၁,ဝဝဝ ကျော် ထပ်မံသတ်ဖြတ်ခဲ့ပါတယ်။

ဒီလို ရက်စက်ယုတ်မာတဲ့ စစ်တပ်ကို မြန်မာပြည်သူတွေဟာ ဘဏ္ဍာရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတာပါ။ ဒါတွေကို နိုင်ငံတကာ သိအောင်၊ ကမ္ဘာ့နိင်ငံများက အသိအမှတ်ပြုလာအောင် ပြောပေးဖို့အတွက် ကုလစင်မြင့်ထက်မှာ ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေက အလိုရှိနေပါတယ်။

လက်ရှိမှာ Our Ambassador, Our Voice ဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေကို မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာရောက် မြန်မာလူထုကပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးရောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာလည်း ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး စုဝေးတောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို တွေ့ရပါတယ်။

ဒီနှစ် ကုလသမဂ္ဂ ညီလာခံမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ကိုယ်စားပြုခွင့် ပေးသွားလိမ့်မယ်လို့ သံတမန်အသိုင်းအဝိုင်းကနေ ကနဦး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စင်မြင့်ပေါ်မှာ ပြည်သူ့အသံကို ပဲ့တင်ထပ်စေတဲ့ သံအမတ်ရှိနေခြင်းဟာ ခေတ်အဆက်ဆက် ဘယ်တော်လှန်ရေးမှာမှ မရရှိခဲ့ဖူးတဲ့ နွေဦးတော်လှန်ရေးရဲ့ အားသာချက်တစ်ခု ဖြစ်လို့နေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article