25 C
Yangon

စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် သန်းရွှေ လောင်းရိပ် မကင်းသော ထိပ်တန်း ဗိုလ်ချုပ် ၂ ဦးကို မင်းအောင်လှိုင်က ခန့်အပ်

Must read

စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် သန်းရွှေ လောင်းရိပ် မကင်းသော ထိပ်တန်း ဗိုလ်ချုပ် ၂ ဦးကို မင်းအောင်လှိုင်က ခန့်အပ်

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင် သစ်အဖြစ် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ ၏ လောင်းရိပ်မကင်းသော ထိပ်တန်း စစ်ဗိုလ်ချုပ် ၂ ဦးကို ခန့်အပ်ပြီး သွေးသစ် စစ်ဗိုလ်ချုပ်များကို နေရာမပေးသေးကြောင်း စစ်ဘက်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဒေါ်လာစျေးကစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် အရေးယူကာ စစ်ဘက်နှင့်အရပ်ဘက် ရာထူးတာဝန်များမှ အနားပေခဲ့ပြီး အခြား စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ စစ်ကောင်စီ၏ ဝန်ကြီးရာထူးမှလည်းကောင်း အသီးသီး အနားပေးခဲ့ကြောင်း သိရှိရသည်။

လစ်လပ်သွားသော စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး၏ နေရာတွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်‌ကြီးမောင်မောင်အေး ၊ စစ်ထောက်ချုပ်ရုံး အရန် အင်အား ဖြစ်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ခန့်အပ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင်သစ်ဖြစ်သည့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ် မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး ခန့်အပ်ခဲ့သော သန်းရွှေ သဘောကျခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်သည်။

“တစ်ချိန်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောကျခဲ့တဲ့ စစ်ခေါင်းဆောင်ငယ်တွေထဲမှာ ဗိုလ်ချုပ် မောင်မောင်အေးလည်းပါတယ်။ ဒါကြောင့် သူက ဦးသန်းရွှေလက်ထက်မှာ နေပြည်တော် တိုင်းမှူးဖြစ်လာခဲ့တာ။ သူက နာခံတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ စစ်တပ် ထိပ်တန်း ရာထူးတွေအတွက် Line Up လုပ်ခဲ့တဲ့ သူတွေထဲမှာ တစ်ဦး အပါအဝင်လို့ ပြောလို့ရတယ်။ အဓိကကတော့ ခပ်အေးအေးနေတတ်တာရယ်၊ Complaint မရှိတာ၊ ဘာခိုင်းခိုင်း ဖြစ်အောင် လုပ်တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ဝင်သစ်ဖြစ်လာသည့် နောက်တစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် မကြာမီက ခန့်အပ်ထားသူလည်းဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံထားရပြီဖြစ်သည်။

စစ်တပ်၏ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်သည်။ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့သော်လည်း အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသဖြင့် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက သဘောကျခဲ့သူတစ်ဦးလည်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင် စစ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို သဘောကျပြန်သည်။ ထို့ကြောင့် အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ရယူထားရခြင်းဖြစ်သည်။ ယနေ့အချိန်တိုင်အောင် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုအတွက် လိုအပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်။

“ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တပ်ရဲ့ စီးပွားရေးအတော်များများကို တာဝန်ယူ ကွပ်ကဲနေရပေမယ့် သူက အသံမထွက်အောင် အတော်နေတယ်။ MEC ဥက္ကဋ္ဌ လို နေရာမျိုးက စီးပွားရေး ဂွင်တွေအများကြီးပဲ။ သူက လုပ်တတ်ကိုင်တတ်တော့ နာမည်မထွက်ဘူး။ လုပ်တတ်ကိုင်တတ်ဆိုတာ အားလုံးနဲ့ ဝေစား မျှစား ဘယ်လိုလူကို ဘယ်လိုပေါင်းရမယ် ဆိုတာမျိုး သိတယ်။ အောက်ကျို့စရာရှိရင် တစ်ဆုံး အောက်ကျို့လိုက်တယ်။ အဲဒီတော့ ဦးသန်းရွှေတုန်းက သူ့ကို သဘောကျသလို လက်ရှိ တပ်ချုပ် လက်ထက်မှာလည်း သူ့ကို သဘောကျတယ်။ သူလည်းပဲ ဦးသန်းရွှေ ဩဇာအောက်က ဦးသန်းရွှေ ရွေးချယ်ခဲ့တဲ့ သူပါပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

မျိုးဆက်သစ် စစ်ခေါင်းဆောင်အဖြစ် တပ်တွင်း ထင်ကြေးပေးခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လာဘ်ပေးလာဘ်ယူမှုများစွာဖြင့် ဒေါ်လာစျေးကွက်ကို ထိန်းချုပ်ခဲ့မှုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အကျပ်ရိုက်စေခဲ့ပြီး မျိုးဆက်သစ် ဗိုလ်ချုပ်များကို နေရာပေးရန် မဝံ့မရဲ ဖြစ်ခဲ့ပုံရသည်ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

“စစ်တက္ကသိုလ်အပတ်စဉ် ၃၀ ဆင်း မျိုးဆက်သစ် စစ်ခေါင်းဆောင်လို့ ထင်ကြေး ပေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ပတ်သက်လို့ ဖြစ်သွား တာ တွေက လက်ရှိ တပ်ချုပ်အနေနဲ့ အတော် အကျပ်ရိုက်သွားတယ်လို့ ပြောရမယ်။ မျိုးဆက်သစ်တွေ နေရာပေးမယ့်လည်း သူ့ထက်ပိုပြီး လက်စောင်း ထက်သွားတော့ ဒါကို သူအတော်လေး စိုးရိမ်သွားပုံရ တယ်။ ဒါကြောင့် အခုနောက်ပိုင်း အရေးကြီး စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ နေရာမှာ ဦးသန်းရွှေရဲ့ လူယုံ တပည့်ရင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးကို နေရာပေးတယ်။ ဦးသန်းရွှေ လက်ထက်မှာပဲ ထိပ်တန်းရှေ့ပြေးခဲ့ တဲ့ ဗိုလ်ချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်မောင် မောင် အေးနဲ့ ဗိုလ်ချုပ် ညိုစောကို ပြန်သုံးတယ်။ Line Up မှာ မျိုးဆက် သစ်တွေကို မသုံးရဲတာမျိုးလို့ သုံးသပ်လို့ရပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ညိုစော ။
မောင်မောင်အေး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article