25 C
Yangon

မူဆယ်မြို့နယ်တွင် ယမန်နေ့ညပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်မှုများစစ်တပ်က လုပ်ဆောင်၊ မိုးကုတ်ကျပ်ပြင်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေ

Must read

မူဆယ်မြို့နယ်တွင် ယမန်နေ့ညပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်မှုများစစ်တပ်က လုပ်ဆောင်၊ မိုးကုတ်ကျပ်ပြင်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ယမန်နေ့ ညပိုင်း အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်တပ်က တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီ တပ်များနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း၊ စစ်တပ်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံဘက်ခြမ်း၊ ရွှေလီမြို့မှ ပင် ပစ်ခတ် သံများ ကြားနေရကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ နေရာ ၃ ခုလောက်မှာ ဖြစ်တယ်။ ဆင်လီတောင်ကြောဘက်၊ စွမ်စော်နဲ့ စယ်လန့်နားအထိ ပစ်ခတ်သံတွေကြားရတာ။ ၁၀၅ မိုင်ကလည်း ပစ်ခတ်မှု တွေကြားရတယ်။ လက်နက်ကြီးတွေနဲ့ရော ၊ တိုက်လေယာဉ်တွေပါ လာပစ်တာ။ လက်နက်ကြီးပစ်တာရော တိုက်လေယာဉ်နဲ့ ဗုံးကျဲတာရော ကြောင့် ပေါက်ကွဲသံတွေနဲ့ အိမ်တွေပါတုန်တယ်။ မူဆယ်တစ်မြို့လုံးတင် မဟုတ်ဘူး။ ရွှေလီဘက်အခြမ်းကပါ လက်နက်ကြီးပေါက်ကွဲသံတွေကို မီးရောင်တွေနဲ့ မြင်နေရတာ” ဟု မူဆယ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ မူဆယ်တွင် TNLA ပါဝင်သော တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ် ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိကြောင်း၊ စစ်ကောင်စီဘက်က အထိနာချိန်တိုင်း လက်နက်ကြီးများ၊ တိုက် လေယာဉ်များဖြင့်ပစ်ခတ်နေကြောင်း သိရှိရသည်။

အလားတူ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်တွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုများ ပြန်လည် ငြိမ်သက်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article