25 C
Yangon

စစ်တပ်က တိုင်းရင်းသား ခေါင်းဆောင်တချို့ ကို လှည့်စား သိမ်းသွင်းရန် ကြိုးစားနေပြီး သပ်လျှို သွေးထိုးမှုများ လုပ်ဆောင်နေ၍ တော်လှန်ရေး အင်အားစုများ အထူးဂရုပြုကြရန် NUG ယာယီ သမ္မတ သတိပေး

Must read

စစ်တပ်က တိုင်းရင်းသား ခေါင်းဆောင်တချို့ ကို လှည့်စား သိမ်းသွင်းရန် ကြိုးစားနေပြီး သပ်လျှို သွေးထိုးမှုများ လုပ်ဆောင်နေ၍ တော်လှန်ရေး အင်အားစုများ အထူးဂရုပြုကြရန် NUG ယာယီ သမ္မတ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၃

အကြမ်းဖက် စစ်တပ်က တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တချို့ ကို လှည့်စား သိမ်းသွင်းရန် ကြိုးစားနေပြီး သပ်လျှို သွေးထိုးမှုများ လုပ်ဆောင်နေ၍ တော်လှန်ရေး အင်အားစုများ အထူးဂရုပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ၃၂ / ၂၀၂၃ အစိုးရ အဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း သတိပေး ပြောဆိုခြင်းဖြစ်သည်။

“တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တချို့ ကို လှည့်စားဖို့ သိမ်းသွင်းဖို့ ကြိုးစားနေသလို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ကြားက ညီညွတ်မှုနဲ့ စုစည်းမှု တွေကို သပ်လျှို သွေးထိုးတာတွေလည်း လုပ်ဆောင်မှာ အသေအချာပါပဲ။ ဒါကို ကျွန်တော်တို့ အထူးဂရုပြုဖို့ လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုသည်။

တော်လှန်ရေးနှင့် ပတ်သက်ပြီး လက်ရှိကာလသည် အလေးထား လုပ်ဆောင်ရမည့် ကိစ္စ အများ အပြားရှိကြောင်း၊ ပျက်ပြယ်ပြီးဖြစ်သော NCA စာချုပ် ၈ နှစ်ပြည့် အခမ်းအနားကို အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်ရန် ကြံရွယ်နေသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ရန် ကြံရွယ်နေခြင်းသည် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကို စစ်ကောင်စီက ရနိုင်သမျှ ဖြေလျော့ရန် ကြိုးစားခြင်း ဖြစ်ကြောင်း သမ္မတက ရှင်းပြသည်။

တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများအကြား သပ်လျှို သွေးခွဲခြင်းသည် နိုင်ငံသားများ အချင်းချင်းအကြား မယုံကြည်မှုနှင့် ပဋိပက္ခများ ဖြစ်တည်နေအောင် ဖန်တီးကာ အဆိုပါ နည်းလမ်းများသည် စစ်အုပ်စုက အစဉ်အဆက် လုပ်ဆောင်လာခဲ့သည့် နည်းလမ်းများ ဖြစ်ကြောင်း၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစု အသီးသီးသည် စစ်အုပ်စု မထင်နိုင် မတွေးနိုင်လောက်သည့် ရင့်ကျက်မှုနှင့် ညီညွတ်မှု ရှိထားပြီးဖြစ်သည့်အတွက် စစ်အုပ်စု၏ သပ်လျှို သွေးခွဲသည့် လုပ်ရပ်များ အောင်မြင်မည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသား အင်အားစုများအကြား စုစည်းညီညွတ်မှုနှင့် ယုံကြည်မှုများသည် ပိုမိုခိုင်မာအောင် ပိုမိုမြဲမြံအောင် ဆထက်တံပိုး တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ ယင်းသို့ တည်ဆောက်သည့် နေရာတွင် နိုင်ငံရေး စိတ်စေတနာ ပြည့်၀မှု၊ ရိုးသား ပွင့်လင်းမှုနှင့် အမြော်အမြင် ကြီးမားမှုများကို အခြေခံမှသာ စစ်မှန်ပြီး မြဲမြံသည့် ယုံကြည်မှုနှင့် ခိုင်မာသည့် ညီညွတ်မှုများကို ရရှိမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article