32.5 C
Yangon

မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

Must read

မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးမျာက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီးများက ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးသွားသော ပြည်သူ ၂ ဦးကို သေနတ်ဖြင့် နားထင်တေ့ပစ်ခတ်ပြီး ချင်းတွင်းမြစ်ထဲသို့ အလောင်းမျှောလိုက်ကြောင်း၊ အသတ်ခံရသူ ၂ ဦးအနက်မှ ၁ ဦး ၏ အလောင်းကို ပြန်လည်ရရှိကြောင်း၊ အသတ်ခံရသူ ၂ ဦးမှာ ညောင်ဝန်းကျေးရွာသား ကိုအောင်ဇော်ဝင်းနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ကုလားတို့ဖြစ်ကြောင်း၊ အောင်ဇော်ဝင်း၏ အလောင်းကို ချင်းတွင်းမြစ်အတွင်းမှ ပြန်လည် ဆယ်ယူရရှိခဲ့ပြီး ကုလား၏ အလောင်းကိုမူ ပြန်လည် မရရှိကြောင်း သိရှိရသည်။

” အသတ်ခံရသူ နှစ်ဦးမှာ တစ်ယောက်ကညောင်၀န်းသားပါ။ ၂ ဦးစလုံးကို ကြိုးတုပ် ပြီး သေနတ်နဲ့ပစ်သတ်တာပါ။ မော်လိုက်အရှေ့ဘက်ကမ်းပါ ညောင်၀န်းမှာဖြစ်တာ။ သတ်ပြီးတော့ အလောင်းတွေကို ချင်းတွင်းမြစ်ထဲ မျှောလိုက်တယ်။ ညောင်ဝန်းကျေးရွာသား အောင်ဇော်၀င်းအလောင်းကတော့ မြစ်ထဲက ပြန်ဆယ်ရရှိတယ်။ ၂ ယောက်လုံးကို အလောင်း အပျောက်ဖျောက်တာပါ။ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာပါ။ အသတ်ခံရတဲ့ ကိုအောင်ဇော်ဝင်းရဲ့ သူငယ်ချင်း ကုလားကလည်း မန္တလေး ဇာတိ။ ၂ယောက်စလုံးက ရွှေမှော်တွေမှာ အလုပ်လုပ်တာပါ။ နောင်ပိုအောင် ရွှေမှော်ကနေ ကလေး၀နယ် ကဗျက်ကို ပြောင်းရင်း ညောင်၀န်းကို အလည်သွားကြရင်း စစ်တပ်နဲ့ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောင်ဇော်ဝင်း၏ အလောင်းကို ပြန်လည် ရရှိပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် ပျူစောထီးများက စောင့်ကြည့်မှုဖြင့် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article