34 C
Yangon

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ‎ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်း‎ရှောင်နေရ

Must read

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ‎ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်း‎ရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ‎ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်း‎ရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်နေသည့် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို ရွှေဘိုဘက်မှလာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းနှင့် ရွာသစ်ကုန်း ပျူစောထီးရွာမှ ထွက်လာသော အင်အား ၃၀ ကျော်ပါစစ်ကြောင်း ၂ ကြောင်းသည် ကျေးရွာများအတွင်းဝင်‎ရောက်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာတွင် ညအိပ်ခဲ့သော စစ်ကြောင်းသည် ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာအနောက်ဘက် အင်းကြားတွင် ထွက်ပြေးတိမ်းရှောင်နေသော ဒေသပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ဗျိုင်းကြိုင်ရွာ၊ ရုံးစုတောင်ရွာ၊ ရုံးစုမြောက်ရွာ၊ မှန်သာလေးရွာနှင့် သက်ပေးရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ရွာသစ်ကုန်း ပျူစောထီးရွာမှ စစ်ကြောင်းသည်လည်း ရွာသစ်ကျေးရွာသို့ ဝင်ရောက်စီးနင်းနေတာကြောင့် ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးရွာနှင့် မူးသာရွာ စသည့်ကျေးရွာများမှ ဒေသပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် အောက်တိုဘာလ ၁၀ရက်နေ့တွင် ခင်ဦးမြို့နယ်တွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကံသာရွာကျေးရွာ နတ်ကြီးကုန်း တောတိုက်မှ ဒေသခံ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article