30 C
Yangon

ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေးတွင် စစ်တပ်က အတားအဆီးဖြစ်နေပြီး စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုရသည်အထိ KNU က ဦးဆောင် တိုက်ပွဲဝင်မည်ဟု ယနေ့ တရားဝင် ကြေညာ

Must read

ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေးတွင် စစ်တပ်က အတားအဆီးဖြစ်နေပြီး စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုရသည်အထိ KNU က ဦးဆောင် တိုက်ပွဲဝင်မည်ဟု ယနေ့ တရားဝင် ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်တပ်က အတားအဆီးဖြစ်နေပြီး စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုရသည်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်တိုက်ပွဲဝင်မည်ဟု ယနေ့ တရားဝင် ကြေညာသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ သဘောထားကို KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက တရားဝင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လုံး၀ မရှိတော့ကြောင်း၊ စစ်အာဏာသိမ်းမှုကြောင့် NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ၊ စစ်တပ်က NCA စာချုပ်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ပြောချင်တာကတော့ NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါဘူး။ စစ်ကောင်စီကနေပြီး အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အပေါ်မှာ သူကိုယ်တိုင်က သဘောတူညီချက်ရရှိဖို့အတွက် ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့် NCA ထဲမှာ အဓိကသဘောတူညီချက်ဖြစ်တဲ့ အခန်း (၁) မှာဘာပြောသလည်း ဆိုရင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ် နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့သွားရမယ်ဆိုတာ NCA တစ်ခုလုံးရဲ့အသည်းနှလုံးဘဲဖြစ်ပါတယ်။ အဲ့တာကိုချိုးဖောက်လိုက်တယ်ဆိုတာ ကျတော်တို့ဘယ်လိုမှ လက်ခံလို့ မရပါဘူး။ ၂၀၂၁ ခုနှစ် ရောက်လာတဲ့အချိန်မှာ အာဏာကိုငမ်းငမ်းတက်တဲ့ အကြမ်းဖက်စစ်တပ်ကနေပြီးတော့ အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါမှာ ကျတော်တို့ သဘောတူထားတဲ့ သဘောတူညီထားတဲ့အရာတွေအားလုံးကို ချိုးဖောက်လိုက်တာဘဲဖြစ်တယ်။ ကျတော်တို့ နားလည်တာက ဒီ NCA စာချုပ်က အသက်ရှင်ရပ်တည်တို့မရတော့ဘူး၊ အကောင်အထည် ဖော်လို့ မရတော့ဘူး။ အာဏာသိမ်းလိုက်တဲ့အခါတိုင်းမှာ နိုင်ငံတကာမှာဘဲဖြစ်ဖြစ် ကျတော်တို့ နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာလည်းမရှိတော့ဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေပြီး အိုးအိမ်ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေပြီး အိမ်ခြေပေါင်း ၈ သောင်း ကျော် ပျက်စီးခဲ့ပြီဖြစ်ကြောင်း၊ KNU အနေဖြင့် အဆိုပါ လုပ်ရပ်ကို လုံး၀ လက်ခံမည်မဟုတ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် အဓိက အဟန့်အတားမှာ စစ်တပ်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ သဘောထားကလည်းရှင်းတယ် အထူး သဖြင့် ဒီစာချုပ် NCA စာချုပ်က လုံးဝ အကောင်အထည် ဖော်လို့မရတော့ဘူး ဘယ်လိုးမှရှေ့ဆက်လို့ မရတော့ဘူး NCA ဆိုတာလုံးဝ ခရီးလမ်းဆုံး ဖြစ်သွားပြီဆိုတာ ကျတော်တို့ အတိအလင်းပြောထားပါတယ်။ အဲ့တာကြောင့်မို့ ကျတော်တို့ ဒီကနေ့ ဘာလုပ် ရမလည်းဆိုတော့ ကျတော်တို့တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီနဲ့ထူထောင်သွားမယ်ဆိုရင် အဓိကအဟန့် အတားက စစ်တပ်ဘဲဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဘာတွေဘဲ လုပ်လာလည်းဆိုတော့ ပြည်သူတွေကို သတ်ဖြတ် တာ အကြမ်းဖက်နည်းနဲ့ အိမ်တွေရွာတွေကို မီးရှို့ခဲ့တာ အိမ်ခြေပေါင်း (၇) သောင်း (၈) သောင်းကျော် ပျက်စီးသွားခဲ့ပါပြီ။ ဒီလိုအနေအထားမျိုး ဒီလိုလုပ်ရပ်မျိုးကို ကျတော်တို့ ဘယ်လိုမှလက်ခံလို့မရပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သွားရမည်ဖြစ်ပြီး စစ်အုပ်စုကို နိုင်ငံတကာအနေဖြင့် အသိအမှတ်မပြုရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူမှုမျိုး မနှေးအမြန် ပြုလုပ်ရန် တောင်းဆိုကြောင်း၊ KNU အနေဖြင့် လူထုရှေ့မှ မားမားမတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်သည်အထိ ဦးဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ပြည်သူလူထုကို နောက်ဆုံးအနေနဲ့တောင်းဆိုချင်တာကတော့ ဒီနေ့ဒီကာလမှာ စစ်အုပ်စုကိုယ်တိုင် ကြိုးစားလုပ်နေတဲ့ ပွဲလမ်းသဘင်တွေ နှစ်ပါတ်လည်အခမ်းအနားနေ့ တွေဟာ သူ့ရဲ့ထွက်ပေါက် ရလိုရငြား လုပ်နေတာပဲဖြစ်တယ်။ ဘက်ပေါင်းစုံအကျပ်အတည်းနှင့် ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာ ဘယ်လိုးမှ မလူးသာ မလွန့်သာနဲ့ အဲ့တာကြောင့်သူက ကောက်ရိုးတမျှင်စာ ကယ်တင်မှုကို ရလိုရငြား မျှော်လင့်ချက်နဲ့ လုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။ ကျတော်တို့မြင်တာ လုံးဝမရတော့ပါဘူး ရှုံးမဲ့အဖွဲ့က ရှုံးမှာပါဘဲ အဲ့တာ ကြောင့်မို့ပြောချင်တာက လူထုဟာ ပင်ပန်းပါတယ် ဒါပေမဲ့ ဒီပင်ပန်းမှုဟာ ရပ်ထားလို့မရပါဘူး။ ကျတော်တို့ အောင်ပွဲရတဲ့အထိ ဆက်လက်ပြီးတော့ တွန်းအားပေးကြပါ ကျတော်တို့ကိုယ်တိုင်ကလည်း ရှေ့ကနေပြီး တော့ မားမားမှတ်မှတ်ရပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ် ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article