မြောင်မြို့နယ်အတွင်းလှည့်လည်နေသော စစ်ကြောင်းများကို မောင်းသူမဲ့လေယာဉ်ငယ်၊ ဒရုန်းဖြင့် ၄ ကြိမ် တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း လှည့်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို မောင်းသူ မဲ့လေယာဉ်ငယ်၊ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် နနွင်းကိုင်း၊ လုပ်တိုင်းကုန်းနှင့် ငါးပယ်ကျေးရွာများ သို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်း များကို လည်းကောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ် ခန့် အချိန် နနွင်းကိုင်း၊ လုပ်တိုင်းကုန်းဆိပ်ကမ်းနှင့် နနွင်းကိုင်း သရက်ခြံကျေးရွာတို့တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများကို လည်းကောင်း Shar Htoo Waw နည်းပညာ Fixed Wings မောင်းသူမဲ့လေ ယာဉ် ငယ် များ ကို အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အကြမ်းဖက်စစ်သားများရောက်ရှိနေသော ကျောက်ရစ်ဆေးရုံကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ အောက်တိုဘာလ ၁၅ ရက် ည ၁၀ နာရီ ၉ မိနစ်အချိန် မြေ ဇွန်းကျေးရွာသို့ ရောက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးသီး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ သည်ဟု သိရှိရသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၂ ရက် နေ့က ကျောက်ရစ် ရဲစခန်းမှ ထွက်လာပြီး ခေါင်းခွဲကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်ကြောင်းသည် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ကျောက်ရစ်ရဲစခန်းအတွင်းသို့ ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအကြမ်းဖက်စစ်သားများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM ၏ ၀၀၁ ဒရုန်းအဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team 3 PDAF ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ MSPDF ၊ Wild Bird ကောလင်းအဖွဲ့၊ ကျေးရွာတပ်ပေါင်းစု(မြောင်)၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြင်းခြံ ခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ PDF Taloke နှင့် မြောင် ပလဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။