သရက်ချောင်းရှိ ရငဲရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး၊ တနင်္သာရီရှိ မြို့ဟောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရငဲရွာအတွင်း ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ပထမဆုံး နှစ်ဆောင်အရင်ရှို့တယ်။ မီးခိုးတွေသေချာမြင်ရတယ်။ ထပ်ရှို့ထားသေးတယ်လို့လည်းကြားတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဇွန်လအတွင်း ရငဲရွာကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့ကလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရငဲရွာအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း နေအိမ် ၁၂ ထက်မနည်း ပြာကျခဲ့ကြောင်း သိရသည်။
ရငဲရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ဇွန်လက စတင်ကာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ရငဲအနီးအနားရှိ ဝဲရစ်၊ ကမြိုင်၊ ကျောက်ခမောက် စသည့် ကျေးရွာများမှ ပြည်သူများလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီမြို့နယ်ရှိ မြို့ဟောင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မော်တုန်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၆ အမြောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ တပ်ရင်းအနီးရှိတဲ့ မြို့ဟောင်းကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကိုလာဖွီဒင်ဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ကိုလာဖွီဒင်သည် လက်နက်ကြီးကျည် ထိမှန်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသမီး ဖြစ်သူလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် မြို့ဟောင်းရွာသည့် အမြောက်တပ်ရင်းနှင့် ကိုက် ၃၀၀ လောက်ခန့်သာ ကွာဝေးပြီး တပ်ရင်းနှင့် မျက်နှာချင်းဆိုင်၌ရှိသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မြို့ဟောင်းရွာအပြင် ထုံနွယ်ရွာ၊ အရှေ့စုရွာ၊ အနောက်စုရွာနှင့် အနောက်မော်တုန်းရွာများကိုလည်း ကျရောက်ခဲ့ပြီး လူထိခိုက်မှုအပြင် ဥယျာဉ်ခြံ များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)