သံဖြူဇရပ်ရဲစခန်းမှ ရဲနယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ထံတွင် အလင်းဝင်
ရန်ကုန်၊ အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းမှ ရဲနယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ထံတွင် အလင်းဝင်လာကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲနယ်ထိန်း တပ်ကြပ် ထွန်းထွန်းလင်းသည် အောက်တိုဘာလ ၂ ရက်နေ့တွင် ပစ္စတို Glock .38 mm ၁ လက်၊ .38 ကျည် ၅ တောင့်၊ ကျည်ကာ ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ icon ၁ လုံး၊ ရဲဦးထုပ် ၁လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၂ လုံး၊ လက်ထိပ် ၁ခုတို့နှင့်အတူ KNLA၊ PDF ပူပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်လာကြောင်း၊ နယ်ထိန်းထွန်းထွန်းလင်းသည် ရဲတပ်ဖွဲ့အတွင်း အထက်အောက်ဖိနှိပ်သည့် ဒဏ်ကို မခံနိုင်ခြင်းနှင့် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများကို မခံနိုင်သဖြင့် CDM ပြုလုပ် ခိုလှုံခဲ့ကြောင်း သိရှိရသည်။
လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။