စစ်ကောင်စီက PJ နှင့် PS နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးမှု အခွန်ကင်းရှင်းကြောင်း တင်ပြရန် ညွှန်ကြားချက်ကြောင့် သင်္ဘောသားများ စတင်အခွန်ဆောင်နေရ
ရန်ကုန်၊ အောက်တိုဘာ ၂၄
အကြမ်းဖက်စစ်ကောင်စီက ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသူ မြန်မာအလုပ်သမား (Passport for Job)နှင့် သင်္ဘောများ (Passport for Seaman (PS)၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပါက အခွန်ဆောင်ပြီး အခွန်ကင်းရှင်းကြောင်း တင်ပြမှသာလျှင် သက်တမ်းတိုးပေးမည်ဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် သင်္ဘောသားများ စတင် အခွန်ဆောင်နေရကြောင်း ရန်ကုန်မြို့မှ သင်္ဘောသားများက ပြောဆိုကြသည်။
အကြမ်းဖက်စစ်ကောင်စီက အခွန်ရရှိရေးအတွက် ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် သင်္ဘောသားများကို စတင်၍ အခွန်ကောက်ခံနေရာ ယင်းအခွန် ကောက်ခံမှုကြောင့် လုပ်ထုံးလုပ်နည်း အဆင့်များစွာ ပေါ်ပေါက်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲလာကြောင်း ရန်ကုန်မှ သင်္ဘောသားများက ပြောဆိုသည်။
“သင်္ဘောသားတွေကတွေကတော့ သင်္ဘောတက်။ ပြန်လာ။ အခွန်ဆောင် ပြန်တက်ဆိုတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေလို မဟုတ်ဘူး။ သူတို့ အမိန့်ထုတ်တာနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရတာပဲ။ အခု ကျနော် သင်္ဘောသားနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ကို ကြိုတင်ခွန် ၆ လစာ ဆောင်ခိုင်းတယ်။ နောက်ဆုံးလိုက်ခဲ့တဲ့သင်္ဘောပေါ်မှာ ရတဲ့လစာကို ၆ လစာ အခွန်ဆောင်ခိုင်းတာ။ အဲဒါ မပြနိုင်ရင် သက်တမ်းတိုးမရဘူး။ လုပ်ထုံးလုပ်နည်းတွေက ပိုများလာတော့ ပေးရကမ်းရ လာဘ်ထိုးရတာတွေကလည်း အရမ်းများ။ စားပွဲတစ်ခုပေါ်ကနေ အခြားစားပွဲတစ်ခုပေါ်ကို ရောက်ဖို့အတွက် ငွေ ၅ သောင်းလောက်မှ မပေးရင်မရဘူး။ အခွန်လည်းဆောင်ရ၊ လာဘ်လည်းထိုးရဖြစ်နေတယ်” ဟု သင်္ဘောသားတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် ပင်လယ်ကူး သင်္ဘောသား ၅၀၀၀၀ နှင့် ၆၀၀၀၀ အကြား နှစ်စဉ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြပြီး သင်္ဘောသား သောင်းချီ၍ စစ်ကောင်စီထံတွင် ပုံစံအမျိုးမျိုးဖြင့် အခွန်ပေးဆောင်နေရသည်ဟု ဆိုသည်။
“သင်္ဘောသားအလုပ်အကိုင်က ပြည်ပ အလုပ်သမားတွေလို ငါ အခွန်မဆောင်ဘူးဆိုပြီး လုပ်မရဘူး။ သင်္ဘောတက်ဖို့ လိုအပ်တဲ့ လက်မှတ်တွေကို ရေကြောင်း ဦးစီးဌာနဆီက သွားထုတ်ရတာလေ။ နောက်တစ်ခါ သင်္ဘောသားလစာကို သူတို့ဘဏ်တွေကတစ်ဆင့် သူတို့သတ်မှတ်တဲ့ ငွေလွှဲနှုန်းနဲ့ လွှဲခိုင်းတယ်။ လွှဲရတာပဲ။ အခုတစ်ခါ အခွန်ဆောင်ခိုင်းတယ်။ ဆောင်ရတာပဲ။ သူတို့ ထိန်းချုပ်မှု အောက်မှာ အပြည့်အ၀ရှိတော့ ဘာမှ လုပ်မရဘူး။ အဲဒီတော့ ကောင်းတဲ့နိုင်ငံရောက်ရင် သင်္ဘောပေါ်ကနေ ခုန်ချမှပဲ စစ်တပ်လက်က လွတ်မယ့် လမ်းမြင်ရတယ်” ဟု ရန်ကုန်မှ သင်္ဘောသားတစ်ဦးက ပြောဆိုသည်။
ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှ PJ ၊ PS နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုသူများအနေဖြင့် အခွန်ဆောင်ရန်အတွက် မြို့နယ် အခွန်ရုံး ၄ ခုကို အုပ်စု ၁ ၊ ၂ ၊ ၃ ၊ ၄ နေရာများ ခွဲ၍ စစ်တပ်က အခွန်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်လုပ်ရန် တန်းစီနေကြရသည့် လူငယ်များ။ (ယမန်နှစ်ပုံဖြစ်ပါသည်။)