ရက်စက်သော မြန်မာစစ်အစိုးရများကို စီးပွားရေးအခွင့်အလမ်းအဖြစ် အစ္စရေးက ခေတ်အဆက်ဆက် ရှုမြင်ခဲ့ကြောင်း မှတ်တမ်းများထွက်ပေါ် (အပိုင်း ၂၊ နောက်ဆုံးအပိုင်း)
By Eitay Mack
“သေဆုံးသွားသူများအတွက် အာဏာပိုင်များက တရားဝင် အသုဘဈာပန ကျင်းပခွင့်မပြုပေ”။
အသတ်ခံရသူများ၊ ဒဏ်ရာရသူများ၏ မိဘ၊ ဆွေမျိုးများအများစုပါဝင်သည့် ရာနှင့်ချီသော လူအုပ်ကြီးကို အထွေထွေဆေးရုံကြီးပတ်လည်၌ လုံးဝတိတ်ဆိတ် ငြိမ်သက်လျက် ဝမ်းနည်းပူဆွေးစွာ စုဝေးနေကြသည်ကို တွေ့မြင်ရသည်မှာ ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းပင်ဖြစ်သည်။
နောက် နှစ်ရက်အကြာတွင် တစ်နိုင်ငံလုံးမှ တက္ကသိုလ်ကျောင်းအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်” ဟု ဆိုသည်။ ထို့အပြင် ဒါဇင်နှင့်ချီသည့် အခြားကျောင်းသားများကို လုံခြုံရေးအဖွဲ့များက ဖျောက်ဖျက်ပစ်ခဲ့သည်ဟု Elitzurက အစီရင်ခံတင်ပြသည်။
ဤတစ်ကြိမ်၌မူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤ ၆၂ ကျောင်းသား အရေးအခင်းအတွင်း လူအများအပြား သတ်ဖြတ်မှုအတွက် မည်သူ့တွင် တာဝန်ရှိသည်ဟူသောအချက်ကို အမှန်တကယ်စိတ်ဝင်စားမှု ပြသလာခဲ့သည်။
သံအမတ်ကြီး Eliashiv Ben-Horin က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို အဆိုပါကိစ္စအကြောင်းကို ဖွင့်ဟမေးမြန်းစုံစမ်းခဲ့သည်။
“အလွန်အဆင့်မြင့်သော အထက်လူကြီးတစ်ဦး၏ အမိန့်အရ” တက္ကသိုလ် အဆောက်အအုံကို ဖြိုချဖျက်ဆီးခဲ့ခြင်း ဖြစ်သလား ဟူသော ကျွန်တော့်၏ အမေးကို သူက မှန်ကန်ကြောင်း ညွှန်းဆိုသည့်အပြုံးဖြင့် ပြန်လည်တုံ့ပြန် ဖြေကြားခဲ့သည်” ဟု Ben-Horin က ရေးသားသည်။
နောက်ထပ် လအနည်းငယ်အကြာ အခြားအစည်းအဝေးတစ်ခုတွင် ကျောင်းသားများကို ကျည်အစစ်ဖြင့် ပစ်ခတ်ရန် ၎င်းကခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးနေဝင်းက သံအမတ်ကြီးကို ဝန်ခံခဲ့သည်။
“လိုအပ်တဲ့အပြင်းထန်ဆုံး လက်နက်တွေကိုသုံးဖို့ ပြည်ထဲရေးဝန်ကြီးကို ကျွန်တော် မှာခဲ့တယ်” ဟု သူက Ben-Horinကို ပြောဆိုသည်။
“အစ္စရေးနှင့် အစိုးရသစ်အကြားဆက်ဆံရေးသည် အဖယ်ရှားခံလိုက်ရသည့် ယခင်အစိုးရနှင့် ရှိခဲ့သော အပြုသဘော ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးထက် အဆင့်မနိမ့်ကြောင်း” သံအမတ်ကြီးက အစီရင်ခံသည်။
သို့သော် အာဏာရှင်စနစ် ပိုမိုအမြစ်တွယ် ခိုင်မာလာလေလေ၊ အစ္စရေးသံတမန်များ ပို၍စိတ်မသက်မသာ ခံစားရလေလေ ဖြစ်လာသည်။ “ကျွန်တော်တို့ နှစ်နိုင်ငံအကြား အချိန်ကြာမြင့်စွာ ထင်ဟပ်တည်ရှိခဲ့သော ရင်းနှီးပြီးဟန်ချက်ညီသည့် နီးစပ်မှုရှိသော ရှုထောင့်အမြင်အရ မှန်ကန်သည့် သုံးသပ်ချက်တစ်ခုမှာ အစိုးရ၏ ကြေညာထားသော အယူဝါဒလားရာနှင့် လက်တွေ့ဆောင်ရွက် နေသည့်ပုံစံတို့မှာ အဆင်ပြေ ချောမွေ့မှုမရှိခြင်း ဖြစ်သည်။
သို့သော် ၎င်းအချက်မှာ သီးခြားကိစ္စဖြစ်ပြီး ရှိရင်းစွဲ အကျိုးစီးပွားများကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သက်ဆိုင်ခြင်းမရှိပါ” ဟု Ben-Horin ၏ ၁၉၆၃ ခုနှစ်၊ ဧပြီလက ပေးပို့သောကြေးနန်းတွင် ဖတ်ရှုရသည်။
သို့ရာတွင် အစ္စရေးက ပူးတွဲပိုင်ဆိုင်သော ကုမ္ပဏီများအပါအဝင် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းရန် စစ်အစိုးရက ဆုံးဖြတ်လိုက်သည့်အခါ အစ္စရေးတို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
“စီးပွားရေးတွင် ပြည်သူပိုင်သိမ်းရန် မြန်မာအစိုးရက မူဝါဒချမှတ်ပြီးနောက် မြန်မာနိုင်ငံအတွင်း အစ္စရေးအစုစပ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကို ကျွန်တော်တို့ ရင်ဆိုင်တွေ့ကြုံလာရတော့မည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်ရှိ သံရုံးသို့ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလက စာရေးသားခဲ့သော်လည်း …
“မည်သို့ပင်ဆိုစေ မြန်မာတို့အပေါ် ရင်းနှီးခင်မင်မှုသဘောထားကို ဆက်လက် ထိန်းသိမ်းထားရန် အရေးကြီးကြောင်း” ဖြည့်စွက်ပြောဆိုကာ ၎င်း၏လေသံကို လျှော့ချခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ စာပြန်ရာ၌ “မြန်မာနိုင်ငံ၌ ရှိနေသည်မှာ စစ်အစိုးရတစ်ခု ဖြစ်သည်။ စစ်အရာရှိများသာပါဝင်သည့် တော်လှန်ရေးကောင်စီက အုပ်ချုပ်နေသည်။ အာဏာရှင်ဖြစ်ပြီး လူထုကို အကြမ်းဖက်ခြိမ်းခြောက်သည့် ဗိုလ်ချုပ်ကြီးတစ်ဦးက ထိုကောင်စီကို ဦးဆောင်နေသည်။
သူသည် အများနှင့်ရောရောနှောနှော မနေတတ်သော အမြင်ကျဉ်းမြောင်းသူ တစ်ဦးဖြစ်ကာ အရေးပါသော မြန်မာလူမျိုးများပင် ၎င်းထံချဉ်းကပ်နိုင်ခြင်း မရှိဘဲ ၎င်း၏အခန်းထဲတွင်ပင် ကျည်ထိုးပြီး ပစ်ရန်အသင့်အနေအထားဖြင့် စစ်သားအစောင့်တစ်ဦးအမြဲ ရှိနေသည်။
“သူနှင့် ရင်းရင်းနှီးနှီးဆက်ဆံရန်မှာ” မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်” ဟု သံတမန်Michael Pragai က ရေးသားသည်။
စီးပွားရေးမိတ်ဖက်ပူးပေါင်းမှုများ ခွာပြဲသွားလင့်ကစား ကုလသမဂ္ဂ၌ အစ္စရေး၏ မြန်မာနိုင်ငံကို ထောက်ခံနေမှုများ အဆုံးသတ်သွားခြင်းမရှိသလို စစ်အစိုးရအတွက် ပေးအပ်နေသော စစ်ရေးအကူအညီ များကို တုံ့ဆိုင်းသွားစေခြင်းလည်း မရှိပါ။
“ မြန်မာနိုင်ငံသို့တင်ပို့နေသော အစ္စရေးပို့ကုန်များ၏ အတန်များသော ပမာဏတစ်ခုသည် မြန်မာစစ်တပ်အတွက်(စစ်ပစ္စည်း၊ ရိက္ခာ၊ အစ္စရေး စစ်ဖက်စက်ရုံများမှ ဓာတုပစ္စည်းများစသည်) ခွဲဝေသတ်မှတ်ထားခြင်းဖြစ်သည်။
မြန်မာစစ်တပ်အရာရှိများကို ပေးအပ်သည့် အဆင့်မြင့်သင်တန်းများကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၌ မကြာသေးမီက ပြန်လည်စတင်ခဲ့သည်” ဟု ထိုစဉ်က အာရှဌာနခွဲဒါရိုက်တာ Daniel Levinက ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီက ရေးသားသည်။
၁၉၆၆ခုနှစ်၊ ဧပြီလကြေးနန်းတစ်စောင်တွင် သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ တပ်ရင်းမှူးများကို အစ္စရေး၌သင်တန်းပေးမည့် အစီအစဉ်သစ်တစ်ခုအတွက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးစစ်သံမှူး Asher Gonen က ထိုစဉ်က အစ္စရေးစစ်တပ်စစ်ဆင်ရေးဌာန လက်ထောက် အကြီးအကဲ ဗိုလ်မှူးကြီး Rehavam Ze’evi ထံမှ ခွင့်ပြုချက်တောင်းခံခဲ့သည်။
အစီအစဉ်အရ တပ်ရင်းမှူးများကို အစ္စရေး၌ ခြေလျင်တပ်မနှင့် လေကြောင်းချီ တပ်မဆိုင်ရာ သင်တန်းများကို လေးလမှ ခြောက်လကြာ ပေးအပ်မည်ဖြစ်ပြီး သင်တန်း၌ နယ်မြေကာကွယ်ရေး၊ လေထီးစစ်ဆင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး ပြဿနာများ၊ အမြောက်၊ ဆက်သွယ်ရေး၊ တိုက်ခိုက်ရေးနှင့် ပူးပေါင်းစစ်ကစားခြင်း စသည်တို့ကို ပေါင်းစပ်လေ့ကျင့်ပေးမည် ဖြစ်သည်။
ပြည်တွင်းစစ်တွင် အဆိုပါအရည်အချင်းများ လက်တွေ့လိုအပ်လာမည် ဖြစ်သဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်မည့် မြေပြင်အနေအထားသည် (တောအုပ်များမရှိစေဘဲ) တောင်ကုန်းတောင်တန်း ထူထပ်သင့်ပြီး သဲကန္တရကဲ့သို့မြေအနေအထားမျိုး မဖြစ်သင့်ပါဟု Gonenက မှတ်ချက်ပြုသည်။
လက်တွေ့အားဖြင့်လည်း မြန်မာတပ်ရင်းမှူးများ အစ္စရေးသို့ ရောက်လာသည့်အခါ သံချပ်ကာ ယန္တရားတပ်၌ အထူးတလည် ဧည့်ခံကြိုဆိုခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မတ်လတွင် စစ်ဦးစီးချုပ် Yitzhak Rabin ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
စစ်အစိုးရအတိုက်အခံများသာ အာဏာရှင်စနစ်၏ ဆိုးကျိုးကို ခါးစည်းခံကြရသည် မဟုတ်ပေ။ “မနက် ၁၁ နာရီမှစတင်၍ ရန်ကုန်တွင် နေထိုင်သည့် တရုတ်လူမျိုးများအပေါ် စနစ်တကျ အုပ်စုဖွဲ့ ကျူးလွန်သော လူမျိုးရေး အဓိကရုဏ်းတစ်ခုဖြစ်ပွားခဲ့ပြီး ၎င်းကိုအသေးစိတ်ဖော်ပြရန် အလွန်ခက်ခဲသည်။
ထိုအုပ်စုများသည် တစ်အိမ်တက်တစ်အိမ်ဆင်း၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရမ်းကားကြပြီး တရုတ်လူမျိုးပိုင် ပစ္စည်းအားလုံးကို လမ်းပေါ်သို့ ဖယ်ရှားစုပုံ၍ ၎င်းပစ္စည်းများအပေါ်တွင် ပဲများဖို့သိပ်ကာ မီးရှို့ကြသည်။
အပေါ်ထပ်ပြတင်းပေါက်များမှနေ၍ လမ်းပေါ်သို့ပစ္စည်းများကို လွှင့်ပစ်ကာ လမ်းထဲရှိ ကားများကို မီးတင်ရှို့ကြသည်။ လူ ၃၀ ခန့်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိကာ အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု အတည်မပြုနိုင်သော သတင်းရင်းမြစ်များက ဆိုသည်” ဟု သံတမန် Zeev Shatil က ၁၉၆၇ ခုနှစ်၊ ဇွန်လအတွင်း ပေးပို့သော ကြေးနန်းတစ်စောင်တွင် ရေးသားသည်။
ယင်းလုပ်ရပ်များအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိသည်ဟု Shatil က ကောက်ချက်ချသည်။
“လူမျိုးရေးအဓိကရုဏ်းကို အစိုးရကသာ ဆန္ဒရှိခဲ့မည်ဆိုလျှင် အချိန်မရွေး ဟန့်တားနိုင်ခဲ့မည့်ကိစ္စ ဖြစ်ပါသည်” ဟု ဆိုသည်။
အစ္စရေးစစ်ဖက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးထံ ပေးပို့သည့်နောက် ကြေးနန်းတစ်စောင်တွင်မူ အဓိကရုဏ်းကို ခေါင်းစဉ်တပ်၍ ထောင်နှင့်ချီသော တရုတ်လူမျိုးများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲတွင် အထက်တန်းကျောင်းသား ၅၀၀ ဦးပါဝင်ကြောင်း ၎င်းကရေးသားသည်။
ဤတစ်ကြိမ်တွင်လည်း အစ္စရေးတို့က အခွင့်အလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြန်သည်။ ၎င်းမှာ သူပုန်များကို တရုတ်ကကူညီနေသည်ဟု ရန်ကုန်အစိုးရက သံသယရှိနေကြောင်း ဂျေရုဆလင်က ရိပ်စားမိသဖြင့် လတ်တလော ဖြစ်စဉ်များကို အခွင့်ကောင်းယူ၍ အစ္စရေးထောက်လှမ်းရေး မော့ဆက်နှင့် မြန်မာ ထောက်လှမ်းရေးအကြား မိတ်ဖက်ပူးပေါင်းမှုတစ်ခု တည်ထောင်ရန် ဖြစ်သည်။
“ကျွန်တော်တို့၏ ကူညီမှုသည် မြန်မာတို့ စိုးရိမ်နေသည့် တရုတ်အမည်ကို ရည်ညွှန်း၍ ပေးအပ်သွားမည်မဟုတ်ဘဲ မြန်မာ့လုပ်ငန်းများနှင့် အဆင်ပြေ ကိုက်ညီမည့် စစ်ဆင်ရေးနည်းလမ်းနှင့် ဖွဲ့စည်းပုံများနှင့်အညီ ပေးအပ်သွားမည် ဖြစ်သည်” ဟု လန်ဒန်ရှိ အစ္စရေးသံအမတ်ကြီးထံသို့ အာရှဌာနခွဲက ပေးပို့သည့် ကြေးနန်းတွင် ဖော်ပြသည်။
“မြန်မာ့လုံခြုံရေးတပ်ဖွဲ့၏ ဒုညွှန်ကြားရေးမှူးက အစ္စရေးသို့ ၎င်းလာရောက်ပြီး အဖျက်သမား ချေမှုန်းရေးနှင့် သက်ဆိုင်သောဘာသာရပ်များကို သင်ယူရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံရှိ လုံခြုံရေးအဖွဲ့များ၏ အနှစ်သာရနှင့် စရိုက်လက္ခဏာတို့သည် စစ်အစိုးရက မှီခိုရပ်တည်နေရသည့် ပကတိအခြေအနေ တစ်ခုအဖြစ် အရေးပါလျက်ရှိသည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်၏ အစ္စရေးသို့ လာရောက်လည်ပတ်မှုမှာ အရေးကြီးပါသည်” ဟု စစ်သံမှူးကလည်း ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီတွင် မှတ်ချက်ပေးသည်။
၁၉၇၀ ပြည့်လွန်နှစ်များအဆုံး၌ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးသည် လူနည်းစု မွတ်ဆလင်များကို လူမျိုးသုဉ်းရှင်းလင်းရန် ကြိုးပမ်းမှုအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မြန်မာပြည်တွင်း ဖိနှိပ်မှုများကို တစ်ဖက်က သတင်းပို့နေသလို အခြားတစ်ဖက်ကလည်း မြန်မာနိုင်ငံသို့ လုံခြုံရေး အကူအညီများ ဆက်လက်ပေးအပ်နေခဲ့သည်။
“ကျွန်တော်တို့ထံမှ မြန်မာနိုင်ငံက တိုးမြှင့်ဝယ်ယူရန် ဖြစ်နိုင်ချေ ရှိသည့်အချက်ကို ကျွန်တော်ဆွေးနွေးခဲ့သည်” ဟု မြန်မာကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သံအမတ်ကြီး Shmuel Ovnat က ၁၉၇၇ ခုနှစ် ၊အောက်တိုဘာလအတွင်း အစီရင်ခံစာရေးသားသည်။
၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ ကြေးနန်းတစ်စောင်၌ သံရုံး အရာရှိ Avraham Naot က ရေးသားရာတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးနှင့် မွတ်ဆလင် အရေးအခင်းအကြောင်း စကားပြောခဲ့သည်ဟု ဖော်ပြထားသည်။
“၎င်း၏အမြင်ကိုပြောပြချက်အရ မြန်မာနိုင်ငံအတွက် မွတ်ဆလင်များ၏ အန္တရာယ် အမှန်တကယ်ရှိနေကြောင်း ထင်ရှားပြီး အိမ်နီးချင်းနိုင်ငံများ မှတစ်ဆင့် ဝင်ရောက်လာသဖြင့် တိုင်းပြည်၌ မွတ်ဆလင်လူဦးရေ ကြီးထွားလာနေမှုကို တားဆီးရန် မြန်မာနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ ကိစ္စအားလုံးကို ဆောင်ရွက်ရမည် ဖြစ်ပါသည်” ဟု Naot က ဖော်ပြသည်။
ယခုတစ်ကြိမ်တွင်လည်း ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုကို အစ္စရေးတို့က အခွင့်အရေးအဖြစ် ရှုမြင်သည်။
Naot နှင့်တွေ့ဆုံပြီး နှစ်ပတ်ခန့်အကြာတွင် ထိုစဉ်က အာရှဌာနခွဲ ညွှန်ကြားရေးမှူး Kalman Anner က “အစ္စရေးမော့ဆက်နှင့် မြန်မာမော့ဆက်အကြား ဆက်သွယ်မှု တည်ဆောက်ရန် ကျွန်တော်တို့ စိတ်ဝင်စားပါသည်” ဟုရေးခဲ့သည်။
တစ်ဆက်တည်းမှာပင် “အီရန်နှင့် လစ်ဗျားကို အားကျလျက် အရှေ့တောင်အာရှဒေသ၌ လုပ်ငန်းဆောင်ရွက်နေသော မွတ်ဆလင် မြေအောက်လျှို့ဝှက်အဖွဲ့များ” အကြောင်း ထောက်လှမ်းရေး အချက်အလက် များပါဝင်သည့် စာတစ်စောင်ကို မြန်မာ့ထောက်လှမ်းရေးသို့ လက်ဆင့်ကမ်းရန် မော့ဆက်က ပေးပို့လာသည့် စာအိတ်တစ်အိတ်ကို အစ္စရေးသံရုံးက လက်ခံရရှိခဲ့သည်။
ကံကောင်းပါစေ
=================
၁၉၈၅ ခုနှစ်ဝန်းကျင်အထိ စာရွက်စာတမ်းအားလုံးကို အများပြည်သူသို့ ဖွင့်ဟချပြခြင်းမရှိသေးပေ။ သို့ဖြစ်၍ ၁၉၈၅ ခုနှစ်ဝန်းကျင်မှစတင်၍ နောက်ပိုင်းနှစ်များအတွက် အစ္စရေး- မြန်မာဆက်ဆံရေး မှတ်တမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရန် နောက်ထပ်နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။
သို့သော် ယခုအထိရရှိနိုင်သမျှ အချက်အလက်များအရ အစ္စရေး၏ရှုမြင်ချက် သဘောထားများတွင် မည်သည့်ပြောင်းလဲမှု တစ်စုံတစ်ရာမျှ ဖြစ်ပေါ်လာသည်ကို မတွေ့ရှိရသေးပေ။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်အတွက် သည်ဟိတ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး၌ အမှုစစ်ဆေးခံနေရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ronen Gilorက မြန်မာစစ်တပ်အကြီးအကဲများထံသို့ ထောက်ခံအားပေး၍ ဆုတောင်းစကားပါးသည့် Tweet တစ်ခုပေးပို့ခဲ့သည် ဟု Noa Landau၏ စာတမ်းတွင် ရေးသားဖော်ပြသည်။
“မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ပါစေကြောင်းနှင့် ကံကောင်းပါစေကြောင်း အားပေးလျက်ရှိပါသည်” ဟု Ronen Gilorက ရေးသားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးသည် လွန်ခဲ့သည့်ငါးနှစ်က အစ္စရေးနှင့် လုံခြုံရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုထားသော ဗိုလ်ချုပ်ကြီးက ဦးဆောင်သည့် နောက်ထပ်စစ်အာဏာသိမ်းမှု တစ်ခုကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရသည်။
မြို့တော်၏ အဓိကလမ်းဆုံ လမ်းခွများတွင် စစ်တပ်ကနေရာယူလိုက်ပြီး ပါလီမန်ကိုစီးနင်းကာ နိုင်ငံခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အာဏာသိမ်းပြီး ၁၉ လတာကာလအတွင်း မြန်မာနိုင်ငံ၌ လူပေါင်း ၁၄,၀၀၀ကျော် ထိန်းသိမ်းခံထားရပြီး အနည်းဆုံးလူ ၂,၀၀၀ အသတ်ခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
အစ္စရေးသည် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခြင်း မပြုသည့် တစ်ခုတည်းသော အနောက်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံရှိ ဖိနှိပ်မှုများ အဆုံးသတ်ပေးရန် အနောက်နိုင်ငံများ၏ ထပ်ခါတလဲလဲ တောင်းဆိုမှုများတွင်လည်း ဂျေရုဆလင်က ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိပေ။
အစ္စရေးနိုင်ငံအတွက် အလေးထားရမည့် တခြားပိုမိုအရေးကြီးသည့် ကိစ္စများရှိနေပုံရသည်။ အာဏာသိမ်းပြီးလေးရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပျားရည်ထုတ်လုပ်မှုပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် မြန်မာနိုင်ငံမှ ညီအစ်မနှစ်ဦးကို Gilor က ချီးကျူးစကားဆိုသည့် Tweet တစ်ခု ရေးသားခဲ့သည်(များမကြာမီ ၎င်းTweetကို ပြန်ဖျက်ပစ်ခဲ့သည်)။
ယင်းနောက်ပိုင်း Tweet တစ်ခုတွင် “ယခုလို ခက်ခဲကြမ်းတမ်းသည့် အချိန်အခါမျိုးတွင် လူသားသည်ပင် ကမ္ဘာကြီးဖြစ်သလို ၎င်းလူသား သည်ပင် ရှုပ်ထွေးလွန်းလှပါသည်။ သို့တိုင်အောင်လည်း မြန်မာလူမျိုးတို့သည် လှပတင့်တယ်ပြီး အထင်ကြီးလေးစားစရာ ကောင်းလှပါသည်” ဟု သူက ဆက်လက်ရေးသားခဲ့သည်။
=================
(ယခုဆောင်းပါး၏ ပထမအပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။
https://www.facebook.com/100066528465996/posts/686410196919923/?mibextid=Na33Lf
(Haaretz မဂ္ဂဇင်းပါ Eitay Mack ၏ “Israel Saw Brutal Myanmar Regimes as a Business Opportunity, Documents Reveal” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။Phto-FMT)