28 C
Yangon

အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များ အားလုံး အလင်းဝင်ကြရန် ကိုးကန့် MNDAA က တိုက်တွန်း၊ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းသည့် စစ်ဆင်ရေး စတင်ပြီဟု ကြေညာ

Must read

အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များ အားလုံး အလင်းဝင်ကြရန် ကိုးကန့် MNDAA က တိုက်တွန်း၊ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းသည့် စစ်ဆင်ရေး စတင်ပြီဟု ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ နှင့်လောက်ကိုင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများအနေဖြင့် အလင်းဝင်ရောက်ကြရန် ကိုးကန့် MNDAA က တရားဝင် ကြေညာသည်။

တစ်နိုင်ငံလုံးရှိပြည်သူတစ်ရပ်လုံးမှလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်အားအမြစ်ပြုတ် ချေမှုန်း တိုက်ထုတ် သွားရန်၊ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အား အဆက်မပြတ်ဒုက္ခပေးနေခြင်း၊ ပြည်သူလူထုတစ်ရပ်လုံးအား အကြမ်းဖက်သတ်ဖြတ်နေမှုများမှ ကာကွယ်တားဆီးရန်၊ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင် တိုက် ခိုက် နေမှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှု၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေးပစ်ခတ် တိုက်ခိုက် နေမှုများအပေါ် ဟန့်တားရန် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ စစ်ဆင်ရေးကြီးကို စတင်လိုက်ကြောင်း ကြေညာထားသည်။

ထို့ပြင် နိုင်ငံတော်အား ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်း ချမ်းရေး အစရှိသည့်နိုင်ငံရေး လမ်း ကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာစေရန်၊ စစ်မှန်သောကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တော်သစ်ကြီးကို အတူတကွ ထူထောင် ရန်၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေးကိုဆောင်ရွက် နေစဉ် ကာလအတွင်း ပူးပေါင်းတိုက်ဖျက်သည့်အနေဖြင့် မိမိတို့အထူးဒေသ(၁)အတွင်းရှိ Online Game (ကျဖျင်) ကုမ္ပဏီ များနှင့်အဆိုပါ လုပ် ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို ဝိုင်းဝန်းဖမ်းဆီးတိုက်ဖျက်နှိမ်နင်းသွားရန်၊ စသည့်အချက်များကိုဆောင်ရွက်ရန် မြန်မာနိုင်ငံ အမှန်တ ရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမ သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) အနေဖြင့် ဆုံးဖြတ်ခဲ့ပြီးနောက် အထက်ပါကိစ္စရပ်များ ကိုထိထိရောက်ရောက် လုပ် ဆောင်နိုင်ရန်အတွက် ဤစစ်ဆင်ရေးကြီးကို စတင်လိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

MNDAA အဖွဲ့အစည်းသည် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအထူးဒေသ (၁) ကိုရယူပြီး နိုင်ငံတော်နှင့် အတူ ငြိမ်းချမ်းရေးကိုအတူတကွဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း နှစ် (၂၀) ကျော်အကြာတွင် စစ်ကောင်စီသည် နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ ပင်လုံစာချုပ်တို့ကို လစ်လျူရှုပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး တို့၏ ဖွဲ့စည်းပုံကို အတင်းအဓမ္မပြုပြင်ရန် လုပ် ဆောင် ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သဖြင့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက် နေ့တွင် ၈၈ အရေးအခင်း ကိုဖန်တီးခဲ့ကြောင်း၊ ဤလုပ်ရပ်မှာတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ရုံသာမက တစ်နိုင်ငံလုံးအ တိုင်းအတာ ပြည်တွင်းစစ်ဖြစ်ရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း MNDAA ၏ ပြည်သူလူထုသို့ အိတ်ဖွင့်ပေးစာ တွင်ဖော်ပြထားသည်။

၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်ကောင်စီမှ ပြည်သူ့အာဏာကို ထပ်မံသိမ်းယူ လိုက်သည်မှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီလမ်းစဉ်သို့ ကူးပြောင်းနေသော နိုင်ငံတော်အား ဒုက္ခပင်လယ်နက်ထဲသို့ ထပ်မံ တွန်းပို့လိုက်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော အပြစ်မဲ့ပြည်သူလူ ထုများ၊ ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံရေးအမြင်ကွဲလွဲသူများ၊ Generation Z ဟုတင်စားထားကြ သော လူငယ်လူရွယ်၊ အမျိုးသမီး၊ ကျောင်းသားထုများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုများကို မတရားသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့ကြောင်းMNDAA က ထောက်ပြ ထား သည်။

ထို့ပြင် ကျေးရွာများ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများစွာ တို့အား လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက် ခြင်း၊ မီးရှို့ခြင်း စသည့်ရာဇ၀တ်ကျူးလွန်နေမှုများကို ဆက်တိုက်တွေ့မြင် နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးသည်လည်း စိုးရိမ်သောက၊ ဆင်းရဲဒုက္ခမျိုးစုံတို့ကို နေ့စဉ်ကြုံတွေ့ကာ နိုင်ငံ တော်သည်လည်း ဘက်ပေါင်းစုံမှ ယိုယွင်းကာ ပြိုကွဲပျက်စီးမည့်အနေအထားသို့ ရောက်ရှိခဲ့ရပြီးဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

ထိုကဲ့သို့သော အခြေအနေများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအား လက်နက်ကိုင်တော်လှန်ရေး လမ်း ကြောင်းထဲသို့တွန်းပို့လိုက်ခြင်းဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကသာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်လိမ့်မည် ဆိုသည်ကိုပိုမိုနားလည်သဘောပေါက်စေခဲ့ကြောင်း၊ ထို့ကြောင့် အလွှာပေါင်းစုံမှ ပြည်သူလူထုတို့သည် လက်နက်ကိုင် တော်လှန်ရေးအား မလွဲမရှောင်သာရွေးချယ်ခဲ့ကြပြီးနောက် နွေဦး တော်လှန်ရေးအဖွဲ့အစည်းများသည်လည်း အဆက် မပြတ်ပေါက်ဖွားလာကာ စစ်ကောင်စီအား အမျိုးသားတော်လှန်ရေးရေစီးကြောင်းထဲတွင် နစ်မျှောစေခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

MNTJP/MNDAA သည် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီအားတော်လှန်နေသော လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံး၏ အဓိက ရည်မှန်း ချက်ပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြောဆိုသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုများကိုလိုလားသော နိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇ၀တ်ကျူးလွန်နေမှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေမှုများကို ဆက်လက်ပြစ်တင်ရှုတ်ချကြရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ကြရန် နှင့် တရားမျှတစွာဆင်နွှဲနေသော မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို အားပေးထောက်ခံကြရန် MNDAA တပ်ဖွဲ့က တိုက်တွန်းထားသည်။

MNTJP/MNDAA ၏ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ချိန်တွင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေး လက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အချင်းချင်းအကြားတွင် သဘောထားကွဲလွဲမှုများကို ခေတ္တဘေး ဖယ်ထားပြီး မိမိတို့ဒေသအတွင်း၌ Online Game (ကျဖျင်)ကုမ္ပဏီလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များ၊ ကုမ္ပဏီများကို ဟန်ချက်ညီညီဖြင့် အတူတကွပူးပေါင်း တိုက်ဖျက် ကြရန် တိုက်တွန်းထားပြီး ပူးပေါင်းတိုက်ဖျက် ရန်ကိုလည်း မျှော်လင့်ကြောင်း တောင်းဆိုထားသည်။

စစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသောတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု အား ဆက်လက်ဒုက္ခပေးနေခြင်းမှ ချက်ချင်းရပ်တန့်ပြီး လက်နက်ချအလင်းဝင်ကြရန်၊ စစ်ကောင်စီ၏ လက်အောက်ခံပြည် သူ့စစ်အဖွဲ့များအနေဖြင့်လည်း လက်နက်ချ၍ ပြည်သူလူထု၏ ရင်ခွင်ထဲသို့ ရောက် သည့်နေရာမှ အမြန်ဆုံးဝင် ရောက်ပြီး စစ်ကောင်စီအားအတူတကွ ပူးပေါင်းတိုက်ခိုက် ချေမှုန်းကြရန် ပြည်သူလူထုကိုယ်စား တိုက်တွန်းပြောဆိုထားသည်။

ထို့ပြင် အထူးဒေသ ၁ အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်ထဲသို့ တက်ကြွစွာပူးပေါင်းပါဝင်လာပြီး (MNTJP/MNDAA) ၏ တရားမျှတ သောလုပ်ဆောင်ချက်ကို အားပေးထောက်ခံကြကာ အထူးဒေသ ၁ ပြန်လည်ထူထောင်ရေးနှင့် စစ်မှန် သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အတူတကွကြိုးပမ်း အားထုတ်ကြပါရန် ဆက်လက်တိုက်တွန်းနှိုးဆော်ထားသည်။

MNTJP/MNDAA သည် တရားမျှတမှုကို လိုလားပြီး ပြည်သူလူထု၏ အကျိုးကိုဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်၊ အကျိုး စီးပွား နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ ရင်းနှီးမြှုပ်နှံနေသောသူများ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ် ကြောင်း အိတ်ဖွင့်စာ၌ ဖော်ပြထားသည်။

အဖွဲ့အစည်း၏မူဝါဒများထဲမှ တစ်ခုဖြစ်မှာ “စည်းရုံး၍ရသမျှအင်အားစုများအားလုံးကို စည်းလုံးရန်” ဖြစ်ပြီး လက်နက်ချ၍ အလင်းဝင်ပူးပေါင်းလာသူမှန်သမျှကို သဘောထားကြီးစွာဖြင့် လက်ခံကြိုဆို မည်ဖြစ်ပြီး စစ်ကောင်စီအား နောက်ခံပြုကာ ဆက်လက်ပေကပ်ခေါင်းမာဆန့်ကျင်နေသူများကို ပြင်းထန်စွာတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

စစ်ကောင်စီက စစ်အာဏာသိမ်းပြီးသောနောက်ပိုင်းတွင် နိုင်ငံတွင် အစိုးရမရှိသော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပြီး “ ဆင်းရဲမွဲတေလေ ရှုတ်လေ၊ ရှုတ်လေ ဆင်းရဲမွဲတေလေ“ ဆိုသကဲ့သို့ ဝိုင်းကြီး ပတ် ပတ် လည်နေသော နိုင်ငံဘဝသို့ ရောက်ရှိခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံကို ယခုကဲ့သို့ဆက်သွားရန် ဘယ်လိုမှမဖြစ်နိုင်တော့ဘဲ စစ်ကောင်စီ၏အကြမ်းဖက်မှု များကို အဆုံးသတ်ရန်၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုထံသို့ ပြန်လည်အပ်နှင်းရန် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ပြန်လည်ဆွဲတင်ရန်နှင့် ပြည်တွင်းစစ်မီးကိုအမြန်ဆုံးချုပ်ငြိမ်းစေရန် တို့အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း မိမိတို့နှင့်အတူ၊ နွေးဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စုစည်းညီညွတ်စွာ ဖြင့် တော်လှန်တိုက်ပွဲဝင်ကြရမည်ဖြစ် ကြောင်း အသိပေးထားသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော တော်လှန်ရေး လက်နက် ကိုင်အဖွဲ့ အစည်းအသီးသီးတို့သည် စည်းလုံးညီညွတ်စွာဖြင့် ဟန်ချက်ညီတော်လှန်ရေးတစ်ရပ်ကို ဒေသ အလိုက် ဆင်နွှဲ နိုင်ခဲ့မည်ဆိုပါကစစ်အာဏာရှင်စနစ်ကို မုချသေချာပေါက်အမြစ်ပြုတ်ချေမှုန်းနိုင် မည် ဟု MNTJP/MNDAA အနေဖြင့် အကြွင်းမဲ့ယုံကြည်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် မဟာမိတ်တပ်ပေါင်းစုတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ရှိသမျှအင်အားများကို တပြိုင်နက် တည်း စုစုစည်းစည်းအသုံးပြုနိုင်ပါက ယခုအချိန်သည် မိမိတို့အဖွဲ့အစည်းအသီး သီး၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်အသီးသီးကို ကျိန်းသေပေါက်အကောင်အထည်ဖော်နိုင်မည့် မဟာအခွင့်အရေး လည်းဖြစ်သည့်အပြင် ပြည်တွင်းစစ်ရပ်တန့်ကာ စစ်မှန်သော နိုင်ငံတော်သစ်ကြီးတစ်ခုကိုလည်း အတူတကွ တည်ဆောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ဆက်လက်ပြောဆိုထားသည်။

ဓာတ်ပုံ- MNDAA ၏ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article