မြိုင်မြို့နယ်၊ ကင်းရွာနှင့် ကန်ရပ်ကြီးကျေးရွာများသို့ စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ် ၊ ကိုရင် ၂ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မကွေးတိုင်း မြိုင်မြို့နယ် နှောပင် ကျေးရွာအုပ်စု ကင်းရွာနှင့် ကန်ရပ်ကြီး ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၄ နှစ်အရွယ်ကလေးငယ် ၊ ကိုရင် ၂ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး သေဆုံးခဲ့ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နှောပင်ကျေးရွာအုပ်စု ကင်းရွာသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကင်းရွာမှ အသက် ၄၀ နှစ်အရွယ် ဦးစိုးတင့်ဦး၊ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးဆင့် နှင့် ဆိတ် ၄ ကောင် သေဆုံးခဲ့ပြီး ဦးစိုးတင့်ဦး၏ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူမှာ လက်နက်ကြီးထိမှန် ဒဏ်ရာကြောင့် လက်တစ်ဖက်ပြတ်တောက်ခဲ့ကြောင်း ၊ ထို့ပြင် ကန်ရပ်ကြီးကျေးရွာသို့လည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီးကျည် ကျရောက်၍ ကိုရင် ၂ ပါး ထိမှန် ပျံလွန်တော်မူခဲ့ကြောင်း၊ လက်နက်ကြီး ထိမှန်မှုကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ်မှာမူ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန် သေဆုံးသွားခဲ့ကြောင်း၊ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“အသက် ၄ နှစ်အရွယ် ကလေးငယ်က ဒဏ်ရာကြီးနဲ့ တစ်ညနေလုံး တစ်ညလုံး နေပြီးမှ မနေ့ည ၁၀ နာရီမှာ ဆုံးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


