သံတောင်ကြီးမြို့နယ်တွင် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာနှင့် မရောပိုလီရွာ အကြားရှိ တောင်ယာတဲအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ပစ်ကူပေးခဲ့ပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်ခံရကာ ထိမှန်ပျက်ကျခဲ့သော လေယာဉ် အပိုင်းအစများကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။