32 C
Yangon

မြန်မာအကြမ်းဖက် စစ်အုပ်စု အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအ‌ဝေး (ADMM) တက်ရောက်ခွင့် ပိတ်ပင်ခံရ

Must read

မြန်မာအကြမ်းဖက် စစ်အုပ်စု အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအ‌ဝေး (ADMM) တက်ရောက်ခွင့် ပိတ်ပင်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ယမန်နေ့က စတင်ကျင်းပတဲ့ အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအ‌ဝေး (ADMM) မှာ မြန်မာစစ်အုပ်စု ကို မဖိတ်ကြားတဲ့အတွက် စစ်ဗိုလ်ချုပ်တွေဟာ အဆိုပါအစည်းအဝေးကို တက်ရောက်ခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း တော်လှန်ရေး လက်နက်ကိုင်တပ်တွေရဲ့ ထိုးစစ်ကြောင့် နိုင်ငံအနှံ့က စစ်မြေပြင်တွေမှာ စစ်ကောင်စီတပ်တွေအနေနဲ့ အကြီးအကျယ် အထိနာနေချိန်မှာ အခုလို အင်ဒိုနီးရှားနို်င်ငံ ဂျာကာတာမြို့ မှာ ကျင်းပနေတဲ့ အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအ‌ဝေး (ADMM) ကို တက်ရောက်ခွင့် မရတဲ့အတွက် ဒါဟာ စစ်ကောင်စီကို နိုင်ငံရေးအရလည်း အကြီးအကျယ် အထိနာစေတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အိမ်ရှင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto ကဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြား သွားပေမယ့်၊ မြန်မာစစ်အုပ်စုကိုတော့ အစည်းအဝေး ဖိတ်ကြားခဲ့ခြင်း မရှိခဲ့တာပါ။

အာဆီယံနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြား သဘောတူခဲ့ကြတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာစစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘေးကျပ်နံကျပ် အနေအထားကို ရောက်ရှိလာပြီး၊ အာဆီယံအဖွဲ့ရဲ့ ဒေသတွင်းဦးဆောင်မှုအပေါ် ဝေဖန်ပြောဆိုတာတွေ မြင့်တက်လာပါတယ်။

“အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို ဖိတ်ကြားတာဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေရုံမက စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ ရောက်ပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုရှည်ကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံရဲ့ ဘယ်အစည်းအဝေးကိုမှ စစ်အုပ်စုကို မဖိတ်ကြားသင့်ပါဘူး” လို့ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာ့အရေး ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူး (Thomas Andrews) က အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အာဆီယံကာကွယ်ရေး၀န်ကြီး အစည်းအ‌ဝေး (ADMM)နဲ့ ဆက်စပ်အစည်းအဝေးတွေ အားလုံးကနေ မြန်မာစစ်အုပ်စုကို ဖယ်ထုတ်ပြစ်ဖို့ Defend Myanmar Democracy အဖွဲ့ကဦးဆောင်ပြီး ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့စည်း ၈၀ ကျော်က အာဆီယံအတွင်းရေးမှူးအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံအားလုံးနဲ့ ၎င်းရဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေး၀န်ကြီးတွေထံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အိတ်ဖွင့်စာ ပေးဖို့ခဲ့ပါသေးတယ်။

အခုလို လက်ရှိကျင်းပနေတဲ့ အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအ‌ဝေး (ADMM) မှာ စစ်ကောင်စီ တက်ရောက်ခွင့် မရရှိခဲ့မှုအပေါ် Defend Myanmar Democracy က ကိုနော်အောင်က “အခုလို အာဆီယံအနေနဲ့ ADMM အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို မဖိတ်ကြားခဲ့တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေကို နေ့စဥ်ခံနေတဲ့ မြန်မာပြည်သူတွေအတွက် ဒေသတွင်း ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံအနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေပါသေးတယ်”

“အထူးသဖြင့် အာဆီယံအနေနဲ့ ADMM အပါအဝင် အာဆီယံရဲ့ အဆင့်တိုင်းမှာရှိတဲ့ အစည်းအဝေးတွေ၊ လှုပ်ရှားမှုတွေ အားလုံးမှာ မြန်မာစစ်အုပ်စုကို တက်ရောက်ခွင့် မရအောင် တားမြစ်ပိတ်ပင်ဖို့ လိုပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ ပြည်တွင်း ပြည်ပက မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဆီယံကို ဆက်လက်ဖိအားပေး ဝေဖန်တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article