30 C
Yangon

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၂ ဦးကို အကြောင်း မဲ့ ဖမ်းဆီးထား

Must read

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၂ ဦးကို အကြောင်း မဲ့ ဖမ်းဆီးထား

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ကျွန်းလှမြို့ပေါ်ရှိ ပိတောက်မြိုင် ရပ်ကွက်တွင် နေထိုင်သော ပန့်ဆီဆိုင်ပိုင်ရှင် ဦးသိန်းကျော်၊ ဒေါ်လှမြင့် မိသားစု၊ ဆိုင်ဝန်ထမ်းများနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၉ ဦးကို ပျူစောထီးများက အ​ကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တပ်၏ ဖမ်းဆီးမှု ခံရသူများသည် ကျွန်းလှမြို့ မြောက်ဖက်အထွက် သီတဂူဗုဒ္ဓ တက္ကသိုလ် အနီး၌ ပန့်ဆီဆိုင်ဖွင့်ထားကာ နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်မှု မရှိဘဲ စီးပွားရှာ နေထိုင်သည့် မိသားစုဖြစ်ကြောင်း၊ လတ်တလော ဖမ်းဆီးခံရသူများ ပိုင်ဆိုင်သော နေအိမ်ကို ချိတ်ပိတ်ထားပြီး ဖမ်းဆီးခံရသည့်အချိန်မှ လက်ရှိချိန်အထိ အဖမ်းခံရသူများ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ သစ်ရာပင် ဈေးအတွင်း၌ သပြေပန်း ပန်ထားသည်ဟုဆိုကာ သစ်သီးရောင်းနေသည့် အသက် ၄၁ နှစ်အရွယ် ဒေါ်စန်းစန်းမြင့်ကို မျက်နှာဖုံးစွပ်ထားသည့် ပျူစောထီး ၃ ဦးက သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ပျူစောထီးများ ပစ်သတ်ခဲ့သော ဒေါ်စန်းစန်းမြင့်၏ အမျိုးသားသည် ရဲဒုတပ်ကြပ်ဟောင်း ၁ ဦးဖြစ်ပြီး ကျွန်းလှမြို့ သံလမ်း အနောက်ဘက်ရှိ သူဌေးကုန်းရပ်ကွက်၌ နေကြောင်း၊ မစန်းစန်းမြင့် ပစ်သတ်ခံရတဲ့နေ့တွင် သစ်ရာပင် စျေးထဲ၌ ကြက်သားရောင်းသည့် မမိုးဆိုသည့် အမျိုးသမီး ၁ ဦးကိုလည်း ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မမိုးတွင် ၄ လသားအရွယ် ကလေးငယ် ၁ ဦးရှိပြီး အကြမ်းဖက် စစ်တပ်က လက်ရှိချိန်အထိ သားသည် မိခင် မမိုးကို ပြန်မလွှတ်သေးဘဲ မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသေးပေ။

ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့ညတွင် ကျွန်းလှမြို့ အရှေ့ဖက် ကြာတကန်ရွာ ဖက် အထွက်ရှိ ဦးစက်ဟန်ခြံ၌ နေထိုင်သော အသက် ၅၀ အရွယ် ဦးထွန်းမြင့်နှင့် သားဖြစ်သူ အသက် ၂၀ အရွယ် မောင်ဟန်နိုင်လင်း တို့ကို ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ကာ လမ်းဘေး၌ ရုပ်အလောင်းများ ပစ်ထားခဲ့ကြောင်းသိရသည်။‌‌

ပျူစောထီးများ သတ်ဖြတ်ခဲ့သည့် မောင်ဟန်လင်းနိုင်၏ ရုပ်အလောင်းတွင် မျက်စိနှစ်ဖက်လုံး ပင်မရှိတော့ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သားအဖ ၂ ဦး သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် ကျွန်းလှမြို့ ရဲစခန်းတောင်ဘက်ရှိ ဂျူးဂျူး စတိုးဆိုင်ပိုင်ရှင် ဦးမြင့်ရွှေနှင့် ဒေါ်သိန်းသိန်းမြင့်တို့ လင်မယား ၂ ဦးကို ပျူစောထီးများက နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ လင်မယား ၂ ဦး၏ သမီးဖြစ်သူသည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး တော်လှန်ရေး တပ်ဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ အကြမ်းဖက် စစ်တပ် အားပေး ကျွန်းလှမီးအိမ်ရှင် Telegram Channel တွင် ဖော်ပြပြီးနောက် ပျူစောထီးများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုမှ မဟုတ်ဘူး‌ဗျ။ အရင်ကလည်း အဲ့လိုတွေလုပ်ခဲ့တာပါပဲ ပျူစောထီးတွေက အဆိုးဆုံးပေါ့ ပြည်သူတွေက အရမ်းကြောက်ကြတော့ သတင်းမပေးရဲကြတာ အခုလည်း မြို့ကထွက်ခွင့်မပေးတဲ့အပြင် ပြည်သူတွေကို ထင်သလိုဖမ်းဆီးသတ်ဖြတ်ပြနေတော့ မြို့ပေါ်ပြည်သူတွေ ပိုပြီးထိတ်လန့်နေကြရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်သားတစ်ဦးက ဖမ်းဆီးနေစဉ်။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article