ရွှေဘို၊ မုံရွာနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်တပ် ယာဥ်တန်းများကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီကားများကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တာဝန်ခံ ဗိုလ်သိဒ္ဓိ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ည ၁၁ နာရီခန့်က ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများ အပြည့်တင်ဆောင်ထားသည့် ကားအကြီး ၃ စီးနှင့် ကားအသေး ၁ စီးကို ရွှေဘို – မန္တလေး လမ်းပိုင်း၊ ဝက်လက်မြို့နယ် အစပ် ဘုန်းဘွဲ့ကျေးရွာအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး လမ်းဘေးမြောင်းအတွင်း ထိုးကျသွားပြီး ၁ စီးမှာ ထိမှန်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ လူစုခွဲ ကင်းပုန်းတိုးယူခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ကင်းပုန်းတိုးယူသည့် နေရာသည် အသင့်ထောင်ထားသော မိုင်းကွင်းနေရာ ဖြစ်သောကြောင့် ရှေ့ထွက်မိုင်း ၂ လုံးပွိုင့် ၈ ပွိုင့်၊ ပဒေသာမိုင်း ၅ လုံးပွိုင့် ၆ ပွိုင့်ဖြင့် အကြိမ်ကြိမ် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရွှေဘိုမြို့ဘက်ကို စစ်ကားတစ်စီး ပြန်လည် ဆုတ်ခွာခဲ့ရာ ဘုန်းဘွဲ့ ကျေးရွာမြောက်ဘက်အရောက် ပဒေသာမိုင်းပွိုင့် ၅ လုံး ပွိုင့် ၂ ပွိုင့် ၊ ဇီး တောကျေးရွာထိပ်အရောက် ရှေ့ထွက်မိုင်း ၂ လုံး ပွိုင့် ၂ ပွိုင့်တို့ဖြင့် အကြိမ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး ရွှေဘိုမြို့တွင်းကို ဒုန်းစိုင်းမောင်းနှင်ကာ ညနေ ၄ နာရီ ၁၅ မိ နစ်အချိန် ဝင်ရောက်သွားကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအနက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးမှာ မျက်လုံး ကျွတ်ထွက်သွားသည်အထိ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်ကားများသည် ဝက်လက်မြို့နယ်ကို အင်အားဖြည့်တင်းရန် လာရောက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ခံစစ်တံတိုင်း(သဲအိတ်ဘန်ကာ)ကို ကျော်လွှာနိုင်ခြင်း မရှိတော့ဘဲ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ၌ တစ်ညအိပ် ယာယီတပ်စွဲကာ ပျက်စီးသွားသော ကားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကရိန်းကား ၁ စီး၊ ပါကျဲရိုးကား ၁ စီးဖြင့် ရောက်ရှိလာပြီး ဆွဲယူသွားကြောင်း၊ ထိုသို့ ဆွဲယူပြီးနောက် ရှေ့ဆက်မတိုးတော့ဘဲ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရွှေဘိုမြို့ဘက်ကို ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ အောင် ဘော် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့ ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းစစ်သည် ပြည် သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေတြိဂံ ၊ ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာ ကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပန်းပျိုးလက် ပြည်သူ့ကာ ကွယ် ရေးအဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ခွဲ ၁ ၊ နောင်ရိုး Army ၊ ဒေါနနှင့် ဝါတာကြီး အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်း ဖက် စစ် ကောင်စီတပ်သား ၃ ဦး၏ ရုပ်အလောင်းများကို သယ်ဆောင်လာသည့် စစ်ကားများကို လက် နက် ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် နေ့က ချောင်းဦးမြို့နှင့်ခင်မွန်ကျေးရွာအနီးတဝိုက် မိုင်းရှင်းလင်းရေး လုပ်ဆောင်သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရ စစ် သား၊ ပျူစောထီးများကို သယ်ဆောင်စဉ် ညနေ ၆ နာရီခန့် တောပုရွာထိပ်အရောက် ရှော့တိုက် ရော့ ကတ် ၃ လုံး၊ ၉၀ မမ ၈ လုံး၊ ၆၀ မမ ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောပုရွာအတွင်းမှ ၆၀ မမ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မနေ့က ပျူနဲ့ စစ်ခွေးတွေ ချောင်းဦးနဲ့ ခင်မွန်ကြားတဝိုက်မှာ မိုင်းရှင်းလင်းရေးဆိုပြီးလုပ်ကြတယ်ဗျ၊ အဲဒါကိုတော်လှန်ရေးတပ်ဖွဲ့တွေဖက် က မိုင်းဆွဲလိုက်တာ၊ ဘယ်အဖွဲ့က လုပ်တာမှန်းတော့ မသိရဘူး၊ ၃ ကောင်သေပြီး ဒဏ်ရာရတဲ့လူတွေ များတယ်၊ အဲဒီသေဆုံးဒဏ်ရာရတဲ့သူတွေကို တောပုရွာဘက်ကို ပြန်သယ်လာတာ၊ အဲဒီသယ်လာတဲ့အ ဖွဲ့ကို ရွာထိပ်ကနေ စောင့်ဆော်ကြတာ၊ ကျနော်တို့ တိုက်ခဲ့တာ ကတော့ ထိခိုက်သေဆုံးမှုမသိရသေးဘူး၊ ပြန်ထုလို့ ပြန်ဆုတ်လာခဲ့ကြတာ၊ မနေ့က ပရစ်ကုန်းရွာ လည်း ဝင်မွှေသွားသေးတယ်၊” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို AREA71 PEOPLES DEFENSE FORCE၊ Black Hero Local PDF ၊ Anyar Defence Force -ADF ၊ Youth vigor Revolution Force –YBRF နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ တပ်စိပ် ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအနီးတွင် တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ ကား ၅ စီးပါ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီခန့်က ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်း ဖက်စစ်ကား ၅ စီးကို ရေစကြိမြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက် ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ဘေးပတ်ဝန်းကျင်သို့ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ဝင်ရောက်သွား ကြောင်း သိရသည်။
အလားတူ ရေစကြို – မြိုင် လမ်းပိုင်း မြေဖြူကျင်းရွာထိပ်တွင် အကြမ်းဖက် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သားများက လမ်းပေါ်တွင် ဆဲဆိုရမ်းကားခဲ့ကြောင်း၊ လာသမျှ ကားများကိုလည်း ဖမ်းဆီးချောဆွဲခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ ထံမှ သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းကိုဖြတ်သန်းသွားလာခြင်းမပြုရန်၊ တားမြစ်ချက်ကိုဖောက်ဖျက်ပြီး သွားလာပါက နောက်ဆက်တွဲဆိုးကျိုးမှာ ဖြတ်သန်းသွားလာသူများ၏ တာဝန်သာဖြစ်ကြောင်း သတိပေးထားသည်။