25 C
Yangon

ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း NUG က ကြေညာ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ်နှင့်ငွေကြေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံကို စတင်လည်ပတ်

Must read

ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း NUG က ကြေညာ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ်နှင့်ငွေကြေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံကို စတင်လည်ပတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ တရားဝင် ကြေညာသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကို အမှတ်(၁)စစ်ဒေသ၏ကွပ်ကဲမှုဖြင့် ကောလင်းခရိုင်ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုးထိန်းချုပ်မှု ကင်းစင်ကာ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီ ဖြစ်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးကို ကဏ္ဍများစွာ ခွဲခြားအုပ်ချုပ်နေကြောင်း သိရှိရသည်။

ကောလင်းမြို့နယ် အုပ်ချုပ်ရေးအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင် ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းမြို့နယ်၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောလင်းမြို့နယ်သည် ခရိုင်အဆင့် အစိုးရဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်သည်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနအသီးသီးကလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနရုံးများ ပြန်လည်လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြို့သိမ်းပြီး နောက် ရပ်ကျေးနှင့်တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ အဆင့်ဆင့် စီမံကွပ်ကဲမှုအား ကောင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကောလင်းမြို့နယ်၏ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်ရေး အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေး အဖွဲ့(ပလဖ) နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ပေါင်းစပ်ကာ စည်း ၃ စည်းဖြင့် တာဝန်ယူ ဆောင်ရွက် လျက် ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့က သက်ဆိုင်ရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကာကွယ်နိုင်စေရန် ကြိုတင်သတိပေးစနစ် (Early Warning System) ထားရှိနိုင်မှုနှင့် ဗုံးခိုကျင်းများ စီမံထားနိုင်မှုအခြေအနေများကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များမှ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားပြီး လိုက်နာဆောင်ရွက်ရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့ဝန်ဆောင်မှုပေးရေးအနေဖြင့် ကောလင်းမြို့နယ်အတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာဝန်၊ သူနာပြုဆရာမ၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ၆၅ ဦး ပါဝင်သော မြို့နယ်ကျန်းမာရေးအဖွဲ့က လုံခြုံသောနေရာများတွင် အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ခရိုင်ဆေးရုံမှ သိမ်းဆည်းရရှိသော ဆေးနှင့် ဆေးပစ္စည်းများကို စနစ်တကျစာရင်းပြုစု ထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်ပေါ်မူတည်၍ စီမံခန့်ခွဲဖြန့်ဝေ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပညာရေးကဏ္ဍတွင် အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးမှု BECA စာမေးပွဲများကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြို့နယ် ပညာရေးဌာန နှင့် စာသင်ကျောင်းများမှ သိမ်းဆည်းထားသည့် ဌာနပိုင်ပစ္စည်းများကိုလည်း စာရင်းပြုစု ထိန်းသိမ်းထား ရှိပါသည်။ ကျောင်းသူ၊ကျောင်းသားများ ပညာရေးနစ်နာမှုမရှိအောင် ပညာရေးဝန်ကြီးဌာန ဦးဆောင်လျက် Online/ On Ground ဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တရားစီရင်ရေးအတွက်မူ ကောလင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသော အချုပ်သား စုစုပေါင်း (၉၈) ဦးအနက် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော ပြည်သူ (၆၃) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန် လည်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော အချုပ်သား/အကျဉ်းသားများကိုလည်း တရားဥပဒေ နှင့်အညီ ဆက်လက်စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့် တရားသူကြီးများကို ခန့်အပ်တာဝန်ပေး၍ တရားရုံးများဖွင့်လှစ်ထားရှိကာ မှန်ကန်သည့် တရားရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဘဏ်လုပ်ငန်းများစီမံခန့်ခွဲရေး အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့စီးပွား ရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ် နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှုကြောင်း၊ ကောလင်း မြို့ရှိ ပုဂ္ဂလိကဘဏ်များမှ လက်ခံသိမ်းဆည်းရရှိသော ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄၄,၅၁၈ ဒသမ ၂၉၇ ကိုလည်း စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်မှ Non-CDM ဝန်ထမ်းများအရေး နှင့်ပတ်သက်၍ CDM နိုင်ငံဝန်ထမ်းများဆိုင်ရာ မူဝါဒ ကို အခြေခံ၍ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားသော “ကြားကာလ Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်” နှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါသည်။ ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article