ပြည်သူလူထု၏ ပစ္စည်းများကို အပ်တိုတစ်ချောင်းပင် ယူ ဆောင်ခြင်းမပြုရန်နှင့် ကျူးလွန်သူများကို ထိရောက်စွာအရေးယူမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ထွက်မိန့်ခွန်း ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၆
ပြည်သူလူထုပိုင်ပစ္စည်းများကို အပ်တိုတစ်ချောင်းပင်ယူ ဆောင်ခြင်းမပြုကြရန်နှင့် ယူဆောင်သူများ ကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ထွက်မိန့်ခွန်း ပြောကြားသည်။
စစ်ဆင်ရေးတိုက်ပွဲများအတွင်း ပြည်သူလူထုပိုင်နေရာများကို ဝင်ရောက်နေထိုင်စဉ် ကာလအတွင်း ပြည်သူလူထုပိုင်ပစ္စည်းများကို ယူဆောင်ခြင်းမပြုရန်၊ ဖျက်ဆီးခြင်းမပြုရန်၊ မိမိတို့လူမျိုးကို မိမိတို့ ကာကွယ်မည်ဟုပြောကာ ပြည်သူလူထုပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းသည် စစ် ကောင် စီတပ်ဖွဲ့ကဲ့သို့ပင် နာမည်ပျက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်ကြောက်တာတစ်ခုက ဒီစစ်ဆင်ရေးကို ကျနော်တို့ ဦး ဆောင်ပြီးသွားတဲ့အချိန်မှာ စစ်တပ် ဝင်လာလဲ ငါတို့ပစ္စည်းပျောက်တာပဲ၊ မင်းတို့ PDF တွေ၊ KNDF တွေ၊ KA တွေဝင်လာလဲ ငါတို့ ပစ္စည်းပျောက်တာပဲ ဆိုရင် ကျနော်တို့ရှေ့မှာ ၂ နှစ်ခွဲလောက် ပေးဆပ်ထားသမျှ၊ ကြိုးစားထားသမျှ သဲထဲရေ သွန်ဖြစ်ကုန်မှာပဲ၊ အဲဒါကို ကျနော်အလေးအနက်မှာ ချင်ပါတယ်၊ ဒါမျိုးလုံးဝမလုပ်ပါနဲ့၊ လုပ်တဲ့သူရှိရင်ပြောပါ၊ တားပါ၊ တကယ်လို့ နားမထောင်ဘူးဆိုရင် တပ်ကို ပြန်ရောက်လာတဲ့အချိန်၊ နောက်တန်းကို ပြန်ရောက်လာတဲ့အချိန်မှာ ထိရောက်စွာ ထောင်ဒဏ်တွေ ၊ တပ်ဖွဲ့ထဲကနေ နာမည် ပျက်စာရင်းနဲ့အပြီးအပိုင်ထုတ်တာ မျိုးတွေ အရေးယူဖို့စီစဉ်ထားပါတယ်၊” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောဆိုသည်။
ထို့သို့ မှာကြားရသော်လည်း တိုက်ပွဲဝင်ရဲဘော်များကို ယုံ ကြည် ပါကြောင်း၊ မိမိတို့လူမျိုးကို ကာကွယ်ကြမည့်ရဲဘော်များနေဖြင့် မိမိတို့လူမျိုးများ၏ ပစ္စည်းများကို လုံးဝမလုပ်ကြရန် သတိပေး ပြောကြားခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက် ပိုင်း၊ တရုတ်နယ်စပ်မြို့တစ်ခုဖြစ်သည့် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်စဉ်က ပြည်သူလူထုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးရသော်လည်း ပြန်လည် ရောက်ရှိလာသည့်အချိန်တွင် နေအိမ်အတွင်းကျန်ရှိခဲ့သော ပစ္စည်းများ လုံးဝ ပျက်စီး၊ ပျောက်ပျက်၊ မွှေနှောက်ခံထားရခြင်းမရှိသဖြင့် ပြည်သူလူထုက MNDAA တပ်ဖွဲ့ဝင်များအပေါ် လေးစားချစ်ခင် ယုံကြည်သွားကြောင်း ဥပမာပေးကာ ဆက်လက်ပြောကြားသည်။
“ပြည်သူတွေရဲ့ပစ္စည်းဆိုရင် အပ်တိုတစ်ချောင်းတောင် ကျနော်တို့ မယူဘူး၊ ဖုန်းဆိုင်တွေရှိနိုင်တယ်၊ တခြားကိုယ်လိုအပ်တဲ့ပစ္စည်းတွေရှိနိုင်တယ်၊ အဲဒါတွေကို ကျနော်တို့ လုံးဝမယူဘူး၊ MNDAA က တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေ ဟော်မြို့ကိုတိုက်တာ နာမည် အရမ်းရသွားတယ်၊ ဘာဖြစ်လို့လဲဆို တော့ အဲဒီမြို့ကို စတိုက်တဲ့နေ့မှာ လူထုက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှကို ယူလို့မရဘူး၊ ဝတ်ထားတဲ့အဝတ်နဲ့ ဖုန်းလေးတစ်လုံးနဲ့ပဲပြေးရတာ၊ ဒါပေမယ့် တိုက်ပြီးရသွားတဲ့အ ချိန်မှာ သူတို့ ပြန်လာတော့ သူတို့ပစ္စည်းတွေ ဘာမှ မပျောက်ဘူး၊ MNDAA အဖွဲ့တွေက ဘာမှ မဖျက်ဆီးထားဘူး၊ ဝင်မမွှေထားဘူး၊ အဲဒီတော့ သူတို့ပြန်လာတော့ တပ်ဖွဲ့ကို အရမ်းချစ်သွားတာ၊ အရမ်းချစ်သွားတော့ သူတို့မှာရှိတဲ့ဟာကို ပေးတာ၊ သူတို့မှာရှိတဲ့ငွေတွေကို ပေးတယ်၊ သူတို့မှာ ရှိတဲ့အစားအစာတွေကို ပေးတယ်၊ ဒီမှာနေပါ၊ ဒီမှာအိပ်ပါနဲ့ နေရာတွေပေးတော့ နိုင်ငံရေးအရ သူတို့ရဲ့ ဂုဏ်ပုဒ်က အများကြီး တက်သွားတာ၊ကရင်နီကလည်း အဲလိုဖြစ်ဖို့လိုတယ်၊ကျနော်တို့လူတွေကို ကျနော်တို့ယုံတယ်၊ ကိုယ့် ဒေသမှာရှိတဲ့ ကိုယ့်လူမျိုးကို ကာကွယ်မယ်ပြောပြီး ကိုယ့်လူမျိုးရဲ့ ပစ္စည်းကိုတော့ လုံးဝမလုပ်ကြဖို့ ပြောကြားလိုတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောဆိုသည်။

