25 C
Yangon

Update News- ရန်ကုန်၊ မြို့နယ်အချို့တွင် ကားလမ်းပေါ် တာယာ မီးရှို့ ဆန္ဒပြ၊ တာမွေတွင် စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံးပြီး တချို့ အဖမ်းခံရဟု သပိတ်အင်အားစု ဘက်က အတည်ပြု

Must read

Update News- ရန်ကုန်၊ မြို့နယ်အချို့တွင် ကားလမ်းပေါ် တာယာ မီးရှို့ ဆန္ဒပြ၊ တာမွေတွင် စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံးပြီး တချို့ အဖမ်းခံရဟု သပိတ်အင်အားစု ဘက်က အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်၊ မြို့နယ်တချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကားလမ်းပေါ် တာ ယာ မီးရှို့ဆန္ဒပြကြပြီး တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲတွင် ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံရကြောင်း ရန်ကုန်မြို့ရှိ သပိတ်အင်အားစုက အတည်ပြုပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၈ရက်နေ့ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် ကားလမ်းမများပေါ်တွင် တာယာကွင်းများ မီးရှို့ ဆန္ဒပြခဲ့ကြကြောင်း၊ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက စုပေါင်းချိတ်ဆက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီ စျေးနှုန်း မြင့်တက်လာမှုနှင့် လုံလောက်စွာ မရရှိမှု စသော ပြည်သူလူထု ခံစားနေရသော အထွေထွေအကျပ်အတည်းများကို ရည်ရွယ်၍ လူထုနှင့်အတူ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးတိုက်ပွဲအတွင်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် တိုက်ပွဲမမျှော်ဘဲ မိမိတို့ကိုယ်တိုင် တိုက်ပွဲခေါ်ကြရန် အသင့်ပြင်ဆင်ထားနိုင်စေရေး တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နယ်များတွင် ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး တာယာကွင်း မီးရှို့ ဆန္ဒပြ လှုပ်ရှားမှုတွင် တာမွေမြို့နယ်၊ သီတာလမ်းထိပ် တာယာကွင်းမီးရှို့ဆန္ဒပြကြသည့် လူငယ်နှစ်ဦးကို အရပ်၀တ်စစ်သား များက သေနတ်ဖြင့် အသေပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး လူငယ်အဖွဲ့ဝင်အချို့ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရကြောင်း သပိတ်ကွန်ရက်အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တာမွေက ကျနော်တို့ ရဲဘော်တွေအားလုံးနဲ့ လုံး၀ အဆက်အသွယ်မရတော့ဘူး” ဟု သပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးတွင် ပါဝင်တိုက်ပွဲဝင်ရင်းကျဆုံးသွားသော ရဲဘော် နှစ်ဦးကို အလေးပြု ဦးညွှတ်ရင်း လူထုတရပ်လုံးအနေဖြင့်လည်း လှည်းနေလှည်းအောင် မြင်းဇောင်းမကျန် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေး နည်းလမ်းပေါင်းစုံသုံး၍ တိုက်ပွဲဝင်ကြရန်လည်း သပိတ်အင်အားစုများက နှိုးဆော်တိုက်တွန်းထားသည်။

ဓာတ်ပုံ- ယနေ့ညပိုင်း ရန်ကုန်တွင် လူငယ်တချို့က တာယာမီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article