24.9 C
Yangon

မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အလင်းဝင်သူ ခလရ ၈၄ မှ စစ်အရာရှိများနှင့်စစ်သည်များက ကောင်းမွန်စွာ စောင့်ရှောက်မှုအတွက် KNLA ၊ PDF အပါအဝင် တာဝန်ရှိသူများကို ကျေးဇူးတင်ဟု ထုတ်ဖော်ပြောဆို

Must read

မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အလင်းဝင်သူ ခလရ ၈၄ မှ စစ်အရာရှိများနှင့်စစ်သည်များက ကောင်းမွန်စွာ စောင့်ရှောက်မှုအတွက် KNLA ၊ PDF အပါအဝင် တာဝန်ရှိသူများကို ကျေးဇူးတင်ဟု ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အလင်းဝင်သူလာသော ခလရ ၈၄ မှ စစ်အရာရှိများက ကောင်းမွန်စွာ စောင့်ရှောက်မှုအတွက် KNLA ၊ PDF အပါအဝင် တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

KNLA က တရားဝင်ထုတ်ပြန်သော ဗီဒီယိုဖိုင်တွင် ၎င်းတို့က အထက်ပါ အတိုင်း ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

ခလရ ၈၄ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင်က ၎င်း အပါအဝင် ၂၂ ဦးကို ဖြူးမြို့နယ်မှ မုန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူ ပို့ဆောင်ခံရပြီးနောက် တိုက်ပွဲများ ကြုံတွေ့ရကြောင်း၊ တိုက်ပွဲများတွင် အထိနာ၍ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့ရာမှ နောက်ဆုံးတွင် လက်နက်ချ အလင်းဝင် ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ခလရ ၈၄ မှာ ဒုတိယတပ်ရင်းမှူးအနေနဲ့ တာဝန်ထမ်းဆောင်ပြီးတော့ ကျွန်တော်တို့ ဒီ ဖြူး နယ်မြေကနေပြီး ဒီ မုန်းနယ်မြေကို စစ်ကူအနေနဲ့ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ ပို့ဆောင်တဲ့ ရက်ကတော့ ၃ ရက်နေ့ ၁၂ လ ၂၀၂၃ မှာ ဒီရဟတ်ယာဉ်နဲ့ ကျွန်တော်အပါအဝင် ၂၂ ဦး ဒီ ခမရ ၅၉၀ ကို စစ်ကူ ပူးပေါင်းခဲ့ပါတယ်။ စစ်ကူပူးပေါင်းပြီးတော့မှ မနက် ၄ နာရီထိုးလောက်မှာ ရောက်ပြီး ၈ နာရီလောက်မှာ တိုက်ပွဲ စပြီး ဖြစ်ပါတယ်။ ဖြစ်ပြီးတော့မှ ဒီဘက် ဝိုင်းပတ်ပိတ်ဆို့မှုခံခဲ့ရတဲ့အတွက် ကျွန်တော်တို့ နောက်ကို အဆင့်ဆင့် ဆုတ်ခွာခဲ့ပါတယ်။ နောက်ပြီးတော့ တပ်ရဲ့ ပြင်ပ ရောက်တဲ့အချိန်မှာ ရန်သူရဲ့ ပိတ်ဆို့မှုနဲ့ ကျွန်တော်တို့ ကြုံခဲ့ရပါတယ်။ ကြုံပြီးတော့ အဲဒီမှာ တိုက်ပွဲ ထိတွေ့မှု ၁၀ မိနစ်ဝန်းကျင်လောက် ဖြစ်ကြပါတယ် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီက စစ်သည် ၅ ဦးနဲ့ ရဲမေတွေ ထိခိုက်မှု ဖြစ်လာတယ်။ အဲဒီမှာ ထိတွေ့မှုဖြစ်တဲ့ နေရာကနေပြီးတော့ နောက်ကို ထပ်ပြီး ဆုတ်ပါတယ်။ ဆုတ်တဲ့အချိန်မှာ တစ်ဖွဲ့တွေ့ပါတယ်။ တစ်ဖွဲ့တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ကို သူတို့အနေနဲ့ လက်ထောင်ပြီးတော့ ပြောပါတယ်။ ပြောတဲ့အချိန်မှာ ကျွန်တော့်ထဲက အဖွဲ့တွေကို ဦးဆောင်ပြီးတော့ လက်နက်ချလိုက်ပါတယ်။ ချပြီးတော့ ဒီနေရာမှာ ကျွန်တော်တို့ကို ထိန်းသိမ်းဆောင်ရွက်ပါတယ်။ ဒီမှာ ကျွန်တော် တွေ့ရတဲ့ အနေအထားမှာတော့ ဒီက အဖွဲ့တွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးလိုလိုလားလားနဲ့ ထိခိုက်ဆုံးရှုံးမှု မများအောင် ဟိုဘက် ဒီဘက် ထိခိုက်ဆုံးရှုံးမှု မများအောင် ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ ကျွန်တော်တို့ကို ကြိုဆိုပြီးတော့ နွေးနွေးထွေးထွေးနဲ့ လိုလေသေးမရှိအောင် ဆက်ဆံပါတယ်။ စားဝတ်နေရေးကအစ သူတို့ဆီမှာ ရှိတဲ့ဟာနဲ့ အလုံလောက်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ အဲဒီအတွက် ဒီလိုတရားဥပဒေနဲ့ အညီ ဆက်ဆံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီက တာဝန်ရှိတဲ့လူကြီးမင်းများကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ခလရ ၈၄ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကျော်လတ်ခိုင်က ပြောဆိုသည်။

လက်နက်ချ အလင်းဝင်လာသူ ဗိုလ်ကြီး နိုင်နိုင်ထွန်းကမူ အင်အား မမျှ၍ လက်နက်ချရသော်လည်း တာဝန်ရှိသူများက ၀ိုင်းဝန်း စောင့်ရှောက်ပေးကြ၍ အလွန်ကျေးဇူးတင်မိကြောင်း ပြောဆိုသည်။

“တောင်ငူကနေ ဒီမှာ မုန်းမှာ အဖွဲ့နေရမယ်ဆိုပြီး တောင်ငူတပ်နယ်ကနေပြီးတော့ ဒီကို ၂၆ ရက်နေ့က ဒီ ၅၉၀ ကို လာပြီးတော့ လုံခြုံရေး တာဝန်ထမ်းဆောင်ပါတယ်။ လုံခြုံရေးတာဝန်ထမ်းဆောင်ရာကနေ ၂ ရက်နေ့ည ၁၀ နာရီလောက်မှာ ကျွန်တော်တို့ KNLA / PDF ပူးပေါင်းအဖွဲ့က ဝင်ပြီးတော့ ဝင်တိုက်ပါတယ်။ ဝင်တိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ဘန်ကာတွေ အကုန်လုံး ကျပြီးတော့ ဗိုလ်ကင်းမှာ စုနေရပါတယ်။ ဗိုလ်ကင်းမှာ စုနေရပြီးတော့ ၃ ရက်နေ့မှာ ထပ်ပြီးတော့ ထိတွေ့တိုက်ပွဲတွေ ထပ် ဖြစ်ပွားပါတယ်။ ၃ ရက်နေ့ ၁ ရက်လုံး ထိတွေ့ တိုက်ပွဲ ဖြစ်ပါတယ်။ ၄ ရက်နေ့မှာ ဗိုလ်ကင်းနား အရမ်းနီးလာတဲ့အတွက် အင်အားလည်း များတဲ့အတွက် ကျွန်တော်တို့ အလရ ၈၄ က ဒုတပ်ရင်းမှူး စစ်ကြောင်းနဲ့ ကျွန်တော်တို့ ၅၉၉ ခြေမြန်တပ်ရင်းကို ပြန်ဆုတ်လာရပါတယ်။ ပြန်ဆုတ်လာတဲ့အချိန်မှာ ခမရ ၅၉၉ အုန်းတောရွာ အနီးအနားမှာ ကျွန်တော်တို့ကို စောင့်ကြိုပြီးတော့ တိုက်ခိုက်ခံရပါတယ်။ တိုက်ခိုက်ခံရတာ ရဲမေတွေလည်း ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း ရှိတဲ့အချိန်မှာ ကျွန်တော်တို့ အကုန်လုံး ဝိုင်းပတ်ခံရပြီးတော့ လက်နက်အင်အားလည်း မမျှတဲ့အတွက် ကျွန်တော်တို့ လက်နက်ချလိုက်ရပါတယ်။ ကျွန်တော်တို့ ဒီဘက်ကို အခု နေရတာကတော့ အကုန်လုံးတော့ အဆင်ပြေပါတယ်။ ဝိုင်းဝန်းပြီးတော့ လိုအပ်တာတွေ အကုန်လုံး ဖြည့်ဆည်းပေးတယ်။ အကုန်လုံး မလစ်ဟင်းအောင် ကူညီပေးတဲ့အတွက် ဒီဘက်အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု လက်နက်ချ အလင်းဝင်လာသူ ဗိုလ်ကြီး နိုင်နိုင်ထွန်းက ပြောဆိုသည်။

ခလရ ၈၄ မှ ဗိုလ်ကြီး အာကာစိုးကမူ စစ်ကူအဖြစ် စစ်ကောင်စီက ၂၂ ဦးကို ရဟတ်ယာဉ်ဖြင့် တင်၍ လွှတ်လိုက်ကြောင်း၊ လက်တွေ့တွင် အင်အား မမျှတသည့်အပြင် နယ်မြေမကျွမ်းကျင်မှုများကြောင့် စစ်တပ် အထိနာခဲ့ရကြောင်း၊ ပြန်လည် ဆုတ်ခွာစဉ် တော်လှန်ရေး တပ်စစ်ကြောင်းနှင့်တွေ့၍ လက်နက်ချလိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အန္တရာယ်ကင်းပြီး ကောင်းမွန်စွာ နေထိုင်ရကြောင်း ပြောဆိုသည်။

” ဒုတပ်ရင်းမှူးဦးစီးပြီးတော့ အရာရှိ ၃ ယောက်နဲ့ ၂၂ ယောက်ပေါ့ ရဟတ်ယာဉ်နဲ့ ၃ ရက်နေ့ ညနေ ၆ နာရီမှာ ခမရ ၅၉၀ နဲ့ ဝန်းကျင် ရဟတ်ယာဉ်နဲ့ ညဘက်ရှာပေးပါ။ ထုတ်နုတ် ၂၂ ယောက် စစ်ကူလိုက်ဖို့ဆိုပြီး ဒီ ၅၉၀ မုန်းနယ်မြေထဲ အရင်ကလည်း တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ပထမဆုံးအကြိမ် စစ်ကူဆိုပြီး လွှတ်လိုက်တာ။ ရောက်တဲ့အချိန်မှာ တပ်ထဲကိုတော့ မီတာ ၂၀၀၀ လောက်ဝေးတဲ့နေရာမှာ ချပြီးတော့ ညဘက်တောတိုးပြီးတော့ ၅၉၀ တပ်ထဲကို ရောက်လာတယ်။ မနက် ၅ နာရီ ခွဲလောက်မှာ ရောက်သွားတယ်။ ရောက်သွားပြီးတော့ နေရာယူဖို့ ချိန်းဖို့တွေ၊ သူတို့ ချိန်းခိုင်းတဲ့အခါ ကျွန်တော် ဦးစီးပြီးတော့ …. မိုးလင်းပြီးတော့ ၆ နာရီ ၇ နာရီလောက်မှာ နားပြီးတော့ ၇ နာရီခွဲလောက်မှာ စချိန်းတဲ့အခါမှာပဲ တိုက်ပွဲ စဖြစ်တယ်ပေါ့။ စဖြစ်ပြီးတော့မှ အကုန်လုံးက ဗိုလ်ကင်းတဲအထိ ရောက်လာတဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ အခြေအနေလည်း မကောင်းတော့ အကျအဆုံးတွေ အထိအခိုက်တွေ များပြီးတော့ ကျွန်တော်တို့ ပြန်ဆုတ်ပြေးလာတယ်။ ပြန်ဆုတ်ပြေးလာတဲ့အချိန် ညနေ ၄ နာရီလောက်မှာ နောက်က လယ်ကွင်းထဲကို ရောက်တဲ့အချိန်မှာ ဒီဘက်က ပိတ်ဆို့ရေးအဖွဲ့တွေနဲ့ တွေ့ပြီးတော့ မိသားစုတွေလည်း ကျွန်တော်တို့ကို အားကိုးပြီးတော့ လိုက်လာတော့ ခေါ်လာပေးတယ်။ သူတို့လည်း ပိတ်ဆို့ရေး ရှေ့တည့်တည့်မှာ တစ်ဖွဲ့ ဘယ်ဘက်မှာ တစ်ဖွဲ့ ပထမတော့ ထွက်ပြေးကြတယ်။ ရှေ့ကနေ ဆီးပစ်တော့ ရဲမေတွေခေါ်ပြီး ပြေးကြတဲ့အခါ ဘယ်ဘက်ခြမ်းရောက်တဲ့အခါမှာ သေနတ်ထောင်ပြီး လက်ယပ်ခေါ်တဲ့အဖွဲ့နဲ့တွေ့တယ်။ တွေ့တဲ့အချိန်မှာ အဘလေးနဲ့ ဒုတပ်ရင်းမှူးနဲ့ ဦးဆောင်မှုနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့ အကုန်လုံးလည်း အန္တရာယ်ကင်းအောင် ဆုံးဖြတ်ချက်ချလိုက်တာပေါ့ ။ ဒါကြောင့် အခု လက်နက်ချပြီးတော့ ဒီလမ်းကြောင်း ရွေးလိုက်တာပေါ့” ဟု ခလရ ၈၄ မှ ဗိုလ်ကြီး အာကာစိုးက ပြောဆိုသည်။

(ဗီဒီယိုဖိုင်ကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article