မြိတ်မြို့နယ်ရှိ စစ်တပ်တိုးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားသောကြောင့် ဂိတ်ကို မီးရှို့ရှင်းလင်း၊ ရေတာရှည်ရှိ စစ်တပ် အထိုင်စခန်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာရှိ အကြမ်းဖက် စစ်တပ် တိုးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားသောကြောင့် ဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာရှိ တိုးဂိတ်၌ တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံလျက်ရှိသော စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး စစ်ကောင်စီ တပ်သားများ ခေါ်ယူခိုင်းစေနေသည့် ပြည်သူ ၄ ဦး အရှင် ဖမ်းမိ ခဲ့ကြောင်း၊ ဖမ်းမိသည့် တိုးဂိတ်စောင့် ပြည်သူ ၄ ဦးကို စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံး ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ) ၊အရိပ်ပြောက်ကျားအဖွဲ့(ပုလော-ပကဖ) နှင့် တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်း ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၄၀ မမ ဖြင့် သွားရောက်သွားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။