29.5 C
Yangon

စစ်ကောင်စီ စစ်ရှုံးနေသည့် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင် မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု

Must read

စစ်ကောင်စီ စစ်ရှုံးနေသည့် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင် မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု

■ လူထုကို ညှဉ်းပန်းသတ်ဖြတ်လုယက်ပြီး ပြည်သူ့ဆန္ဒကို ကျည်ဆန်ဖြင့် တုံ့ပြန်သည့် စစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည် ကောင်စီ ဥက္ကဌ Pu Zing Cung ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂

နိုင်ငံတစ်ဝန်းတွင် အရှုံးများစွာ ကြုံနေရသည့် စစ်ကောင်စီအတွက် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ လူထု ၏ ဟန်ချက်ညီတိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဖြစ်ကြောင်း၊၂၀၂၃ ခုနှစ်တွင်တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုသည် ထူးခြားပြောင်မြောက်လွန်းပြီး ၂၀၂၄ ခုနှစ်တွင် အပြောင်း အလဲမြင်ရနိုင်ကြောင်း၊ လိုင်ဇာမြို့ မုန်လိုက်ခက်စစ်ရှောင်ပြည်သူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် လူစိတ်မရှိသည့် အရိုင်းအစိုင်းလုပ်ရပ်ဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို ပြည်သူတစ်ရပ်လုံးက မမေ့လျော့သင့်ဘဲ အသက်ပေးသွားသည့် ပြည်သူများကို တန်ဖိုးထားလေးစားရမည်ဖြစ်သည့်အပြင် ကျန်ရစ်သည့် မိသားစုဝင်များကိုလည်း ချစ်ခြင်းမေတ္တာဖြင့် အားပေးလက်တွဲကူညီရမည်ဟုKIO ဥက္ကဋ္ဌက ပြော ဆိုသည်။

စစ်အာဏာရှင် တော်လှန်ရေးခရီးလမ်းတွင် ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရနိုင်သဖြင့် မည်သို့သောခက်ခဲမှုမျိုးကိုမဆို လက်မြောက်အရှုံးမပေးဘဲ ကျော်လွားနိုင်ကြရမည်ဖြစ်ပြီး လက်ရှိအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” သည့်ပမာဖြစ်ကြောင်းနှင့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်များကို ညီညွတ်စွာဖြင့် ကျော်လွှားရမည်ဟု ၎င်းက ပြောဆိုသည်။

အလားတူ လူထုကို ညှဉ်းပန်းသတ်ဖြတ်လုယက်ပြီး ပြည်သူ့ဆန္ဒကို ကျည်ဆန်ဖြင့် တုံ့ပြန်သည့် စစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုသည်။

“တိုင်းသူပြည်သားတွေကို ဖိနှိပ်၊ ညှင်းပမ်း၊ သတ်ဖြတ်၊ လုယက်တဲ့ စစ်တပ် ဖြစ်ပါတယ်။ တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ရေးအတွက် စစ်စည်းမျဉ်းခံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ဖိနှိပ်အုပ်ချုပ်တယ်။ ပြည်သူရဲ့ဆန္ဒကို ကျည်ဆံနဲ့တုန့်ပြန်တဲ့ စစ်တပ် ဖြစ်ပါတယ်။ ​ဒါကြောင့် ဒီလိုစစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းကြရမှာ ဖြစ်တယ်။ ဒါဟာ ချင်းလူမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး တစိုက်မတ်မတ် လုပ်ဆောင်ရမယ့် သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ရှင်းလင်းပြောဆိုသည်။

၂၀၂၃ ခုနှစ်သည် ချင်းလူမျိုးများအတွက် နားကျဉ်းမှုများ ဝမ်းနည်းပူဆွေးမှုများ၊ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ စစ်ရေးကဏ္ဍတွင်မူ စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် ချင်းလူမျိုးများအတွက် အရေးကြီးသော နှစ်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“၂၀၂၄ ခုနှစ်ဟာ ချင်းလူမျိုးတို့အတွက် အလွန်အရေးကြီးတဲ့ ’နှစ်’ ဖြစ်ပါတယ်။ ဒီနှစ်သစ်အခါသမယမှာ အရေးတ အကောင် အထည် ဖော်ဆောင်ရွက်ရမယ့် အချက် (၄) ချက်ကို ပြောကြားလိုပါတယ်။ ​ပထမအချက်ကတော့ “စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး”ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ရေးအတွက် ဒီစနစ်ကိုကျောထောက်နောက်ခံပေးနေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ ယန္တရားတစ်ခုလုံးကို ချေမှုန်းဖို့ လိုပါတယ်။ ​တိုင်းပြည်တစ်ခုမှာ စစ်တပ်လိုအပ်တယ်ဆိုတာ လူတိုင်း နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ ပြည်သူနဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်တဲ့စစ်တပ်၊ တိုင်းပြည်ကို အတင်းအဓမ္မ အုပ်ချုပ်တဲ့စစ်တပ် ဖြစ်နေခဲ့လို့ရှိရင် ပြည်သူလူထုကပဲ အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ထုတ်ရမှာ ဖြစ်တယ်။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံကို နှစ်ပေါင်း (၆၀) ကျော် အုပ်စိုးနေတဲ့စစ်တပ်ဟာ တိုင်းပြည်ဆင်းရဲမွဲတေသွားအောင် လုပ်ဆောင်ခဲ့တဲ့ စစ်တပ် ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ချင်းပြည် နေရာအများစုကို ချင်းအမျိုးသားတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ် ကြောင်း၊ သို့ရာတွင် ချင်းပြည်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက် တိုက်ခိုက်ရှင်းထုတ်ရမည်ဖြစ်ကြောင်း၊ “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် Chinland တည်ဆောက်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး Chinland Council ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းရင်းကတော့ အာဏာရှင်စနစ် အဆုံး သတ်ရေးနှင့် Chinland တည်ဆောက်ရေး အမြန်ဆုံး အောင်ပွဲခံနိုင်ရေး ဖြစ်ကြောင်း။ ​ “နိုင်ငံရေးနဲ့အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး”ကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး Chinland Council အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAO)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ဟန်ချက်ညီညီ အတူတကွ တိုက်ပွဲဝင်လျက်ကြောင်း ၎င်းက ရှင်းပြသည်။

“​ဒီအချိန်ကာလဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးသောအချိန် ဖြစ်သလို မိမိတို့ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အကောင်းဆုံးသောအခွင့်အလမ်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းများအားလုံး စုစုစည်းစည်းနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ တစ်ပြည်ထောင်စနစ်နဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article