25 C
Yangon

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးအဆောင် ထောင် ဦးစီးမှူးက သေနတ်ဖြင့်ချိန်ရွယ် ခြိမ်းခြောက်

Must read

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးအဆောင် ထောင် ဦးစီးမှူးက သေနတ်ဖြင့်ချိန်ရွယ် ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီး အဆောင် ထောင်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သေနတ်ဖြင့် ချိန်ရွယ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလတတိယအပတ်မှစတင်၍ အမျိုးသမီးအဆောင်၏ ဦးစီးမှူး‌ဒေါ်ဥမ္မာမြင့်သည် နိုင်ငံရေးအကျဉ်းသူများအား သေနတ်ဖြင့်အမြဲတစေ ချိန်ရွယ်ပြီး မိသားစုနှင့်ဝေးကွာသည့် အကျဉ်းထောင်များသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြောဆို ခြိမ်းခြောက်၍ နိုင်ငံရေးအကျဉ်းသူများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများပြုလုပ်လျှက်ရှိကြောင်း၊ ယနေ့အချိန်ထိ ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီး အဆောင်၏ တာဝန်ကျ အဆောင်မှုး ဦးစီးမှူး(သုံးပွင့်) ဒေါ်ဥမ္မာမြင့်သည် နိုင်ကျဉ်း အမျိုးသမီးများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ခြိမ်းခြောက်ခြင်း၊ပါဆယ်အခက်အခဲဖြစ်အောင်ပြုလုပ်ခြင်း၊ နိုင်ကျဉ်းအမျိုးသမီးများနှင့် တခြားအမှု့များအား ရန်တိုက်စော်ကားစေခြင်း၊တရားရုံးထွက်ချိန်များတွင်လည်း မဖွယ်မရာ အမျိုးသမီးတို့​၏ အရှက်သိက္ခာကို မငဲ့ကွက်ပဲ ရှာဖွေရေးလုပ်ခိုင်းခြင်းအပြင် အကျဉ်းသူများထံမှ လဘ်ပေးလဘ်ယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

“ဒိုက်ဦးအကျဉ်းထောင်ဆိုတာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားတွေကို ဖိနှိပ် နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်တဲ့ အကျဉ်းထောင် အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက် သတ်ဖြတ်တာတွေရှိခဲ့တယ်။ အမျိုးသမီးအဆောင်ဘက်မှာ နိုင်ငံရေးအကျဉ်းသူတွေကို ခြိမ်းခြောက်ဖိနှိပ်တာတွေ လုပ်ဆောင်လာပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရှင်းပြသည်။

ဒိုက်ဦး အကျဉ်းထောင်၏ ထောင်အာဏာပိုင်များသည် ၂၀၂၃ခုနှစ် ဇူလိုင်လမှစ၍ ပါဆယ်ပို့‌ဆောင်ရာတွင် ပေးပို့ရသည့် ပစ္စည်းအ‌ရေ ‌‌အတွက်ကို ကန့်သတ်ခြင်း၊ ဘာသာစကား လေ့လာသင်ယူခွင့်ကိုကန့်သတ်ခြင်း၊မိသားစုဝင်များရေးသည့် တရားဝင်စာများအား ပြန်လည်သိမ်းခြင်း ၊ဆေးဝါးများပို့ဆောင်ခွင့်မရခြင်း၊အိမ်‌နေအဝတ်အစားများကို မိသားစုပါဆယ်လာပို့ချိန်တွင် ထောင်ပြင်ပသို့ပြန်ပို့ခိုင်းခြင်းများကို ဖိနှိပ်မှုတစ်ရပ်အဖြစ် ပြုလုပ်လာခဲ့ကြောင်း၊ လက်ရှိဒိုက်ဦးအကျဥ်းထောင်တွင်း၌ သောက်သုံး ရေနှင့်ချိုးရေများမှာ သန့်ရှင်းမှု မရှိသည့်အပြင် ကြေးနီရောင်အဆင့်ရှိတဲ့ ရေတွေ ချိုးရနေကြရသည့်အတွက် ယားနာနှင့် အနာစိမ်းများ ပေါက်သည့် ဝေဒနာများကိုခံစားနေကြရပြီး နိုင်ငံရေးအကျဉ်း သား၊အကျဉ်းသူများသည် လူသားတစ်ဦး အခြေခံရရှိခံစားသင့်သည့်

ရပိုင် ခွင့်များမရရှိပဲ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article